မီးရောင်အောက်မှာ ပြန်ကရဖို့ မျှော်လင့်နေတဲ့ အငြိမ့်မင်းသမီး

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မင်းကင်းကုန်းရွာက စားသောက်ဆိုင်လေးမှာ ဈေးရောင်းဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးကတော့ ဇာတ်မင်းသမီး စကားဝါဒေလီမြင့်ပါ။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မင်းကင်းကုန်းရွာမှ စားသောက်ဆိုင်လေးတွင် ဈေးရောင်းဖို့ ပြင်ဆင်နေသည့် ဇာတ်မင်းသမီး စကားဝါဒေလီမြင့်အား ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မင်းကင်းကုန်းရွာက စားသောက်ဆိုင်လေးမှာ ဈေးရောင်းဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးကတော့ ဇာတ်မင်းသမီး စကားဝါဒေလီမြင့်ပါ။ သူ့ကို လူသိများတာကတော့ "ဟော့တော့ ရေတွေရွှဲကုန်ပြီ" ဆိုတဲ့သင်္ကြန်သီချင်းနဲ့ ၁၉၉၅ ခုနှစ်က အငြိမ့်ပြိုင်ပွဲမှာရခဲ့တဲ့ ရွှေတံဆိပ်ဆုဖြစ်ပါတယ်။

သူဟာ ၁၃ နှစ်အရွယ်ကတည်းက ဇာတ်သဘင်နဲ့ပဲ အသက်မွေးကြောင်းပြုခဲ့လို့ သူ့ရဲ့အနုပညာသက်တမ်း အနှစ်လေးဆယ်ကျော်ရှိနေပါပြီ။ သူက ဇာတ်မင်းသမီးဖြစ်ဖို့ ဘုရားပေးတဲ့ ပါရမီပါလာခဲ့တယ်လို့လည်း ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် တခြားပြည်သူတွေဘဝ ထိခိုက်သလို သူနဲ့သူ့မိသားစုလည်း ဈေးရောင်းပြီး ဝမ်းစာရှာရတဲ့ဘဝရောက်နေခဲ့ပါပြီ။

"မြန်မာ တစ်နိုင်ငံ အေးချမ်းပါစေ၊ ကျန်းမာ၊ ချမ်းသာကြပါစေ ဘုရားကန်တော့တိုင်းလည်း ကပ်ကြီး ၃ ပါးမှ ကျော်လွှားနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ အမြဲတမ်းဆုတောင်းတယ်"

အခုတော့ လောကရဲ့ဘဝဇာတ်ခုံပေါ်မှာ အကြိမ်ကြိမ်လဲကျလို့ ပြန်ထနေရတဲ့ဇာတ်ကို အလိုကျကျ၊ မကျကျ ကပြနေရတယ်လို့ ဒေါ်ဒေလီမြင့်က ပြောပါတယ်။

"မုန့်ပြင်နေလည်း ရင်ထဲမှာ ကပြီးငိုနေတယ်၊ ရင်ထဲမှာတော့ အမြဲကနေတုန်းပါပဲ၊ ကိုယ့်အလုပ်လောက် ဘယ်အလုပ်ကိုမှ လုပ်ဖူးလုပ်စမရှိဘူး။ လုပ်လည်း မလုပ်ချင်ဘူးပေါ့နော်။ ဒါပေမဲ့ ဒီလိုမလုပ်တော့လည်း ဒီမိသားစုကြီးဝန်ကို ဘယ်လိုလုပ်ထမ်းမလဲ၊ လဲကျရင် ပြန်ထပါတဲ့၊ ဒါလူတိုင်းကြိုက်၊ လူတိုင်းသိတဲ့ စကားပေါ့နော်၊ ဒါပေမဲ့ အခါခါလဲကျနေတော့ ပြန်ထဖို့ ဘယ်လိုလုပ်ရမလဲ သားရယ်"

သူ့နာမည်အတွက် ပုပ္ပါးတောင်ရဲ့ သင်္ကေတဖြစ်တဲ့ စကားဝါပန်းကို အစွဲပြုပြီး ဒေလီမြင့် ရှေ့မှာ စကားဝါ ဆိုတဲ့နာမ်ကို အထူးပြုမှည့်ခေါ်ခဲ့တာလို့ ပြောပြပါတယ်။

ဒေါ်ဒေလီမြင့်ရဲ့ အဖေက ဝဏ္ဏကျော်ထင်ဘွဲ့ရ မင်းသားကြီး ဦးအောင်မောင်းရဲ့ ဇာတ်ထဲကနေစပြီး ပါခဲ့တဲ့သူပါ။ အမေကလည်း မင်းသမီးကြီး ဗြူတီစိန်ဖြစ်ပြီး ရွှေမန်းတင်မောင်၊ စိန်အောင်မင်းတို့ ခေတ်ကတည်းက ဇာတ်မင်းသမီးဖြစ်ခဲ့တဲ့သူပါ။ ဒါကြောင့် အဆိုအကပညာကို သူ့အမေဆီကနေ တတ်မြောက်ခဲ့ပါတယ်။ သူ့ကတစ်ဆင့် သားသမီးနဲ့ တပည့်တွေကို ပြန်ပြီးပညာတွေကို မျှခဲ့တာလို့ ဒေါ်ဒေလီမြင့်က ပြောပါတယ်။

၁၉၈၄ ခုနှစ်၊ သူအသက် (၁၆) နှစ်အရွယ်ရောက်တော့ ရုပ်မြင်သံကြားကနေမြင်ရတဲ့ ရန်ကုန်က တစ်ခိုင်လုံးရွှေ အေးအေးမြင့်၊ မိုးနတ်သူဇာ သီတာဝင်းတို့ကို အားကျခဲ့ပါတယ်။ ဒါကြောင့် သူ့အမေနဲ့ အဖေကို တောင်းဆိုတော့ မိဘတွေက ရွှေသုံးကျပ်သားရောင်းပြီး ပံ့ပိုးပေးလို့ နိုင်ငံကျော် အငြိမ့်မင်းသမီး ဖြစ်ခွင့်ရခဲ့တာလို့ ပြောပြပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းကနေစလို့ အခုအချိန်အထိ စကားဝါအငြိမ့်အဖွဲ့ကို ကိုယ်တိုင်တည်ထောင်ခဲ့သလို၊ ပြည်ပ ၅ နိုင်ငံအထိ သွားပြီးဖျော်ဖြေကပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခုတော့ ဇာတ်မကရဘဲ ဈေးရောင်းပြီး အိမ်တိုင်ရာရောက်လိုက်ပို့နေရတဲ့ သမီးနဲ့ မြေးတွေကို ကြည့်ရတာ ရင်ထဲဆို့တယ်လို့ ဒေါ်ဒေလီမြင့်ရဲ့အမေ အငြိမ့်မင်းသမီးဟောင်း ဗြူတီစိန်က ပြောပြပါတယ်။

"ဘယ်ရင်ထဲကောင်းမတုန်း သားရယ်၊ ရင်ထဲ တစ်ခါတလေ ဖြစ်မှဖြစ်ရလေဟယ်၊ ဟိုမြေးလေး ဘာတဲ့ delivery ဆိုလား အော် ငါ့သားလေး၊ ငါ့မြေးလေး မင်းသားလေးဟဲ့၊ ဟင် နေပူကြီးထဲ မုန့်တွေပို့ရ၊ အကင်တွေပို့ရ၊ အကြော်တွေပို့ရနဲ့ အဲလိုမျိုးကြီး ရင်ဆို့လို့"

သူတို့လိုပဲ ရရာအလုပ်လုပ် လုပ်နေရတဲ့သူတွေ ဇာတ်သဘင်နယ်မှာ အတော်များများ ရှိနေပါတယ်။ အဲဒီလို လူတွေထဲမှာ လူရွှင်တော် ဦးချစ်စရာလည်း ပါပါတယ်။

"ကိုဗစ်ပထမလှိုင်း ဒုတိယလှိုင်း၊ တတိယလှိုင်းအထိ ဇာတ်သမား၊ အငြိမ့်သမား တော်တော်များများက ဈေးသည်တွေ ဖြစ်ကုန်ကြတာ၊ ကျွန်တော်ကိုယ်တိုင်တောင်မှ ဖိနပ်ရောင်းရတယ်၊ ပုရစ်ကြော်ရောင်းရတယ်၊ ဒါလည်း ရေရှည်မဟုတ်ပါဘူး၊ ရောင်းလိုက်စားလိုက်နဲ့ မီးဖိုချောင်တည်းတင် ပျောက်ကုန်တာပါပဲ။ ရှိတာလေးတွေ ရောင်း၊ စာရေးတာဝါသနာပါတော့ စာလေးရေး၊ စာအုပ်ကလေးထုတ် အဲလိုပဲ ရပ်တည်ရတာပေါ့"

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နေ့တိုင်း သေကြေတာတွေ၊ စစ်ပွဲတွေကြောင့် ပြည်သူတွေမှာ အလှူအတန်း လုပ်နိုင်ရင်တောင် ဇာတ်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ မထည့်ကြတော့သလောက်ဖြစ်နေပါပြီ။

မန္တလေးမြို့မှာ ဇာတ်သဘင်အဖွဲ့ပေါင်း ၄၁ ဖွဲ့ရှိပါတယ်။ ဇာတ်အဖွဲ့တစ်ဖွဲ့ကိုမှီပြီး လုပ်နေတဲ့သူက အယောက် တစ်ရာကျော်နှစ်ရာရှိတယ်လို့ ဆိုပါတယ်။ အရင်က ပွဲလမ်းသဘင်ရာသီဆို တစ်နှစ်ကို ပွဲပေါင်း ၁၅၀ ကနေ ၂၀၀ လောက်အထိကရလို့ အတော်အသင့်ပြေလည်ခဲ့ပေမယ့် အခုတော့ ရရာအလုပ်လုပ်နေရတယ်လို့ ပြောပြပါတယ်။

"တချို့ဆို ဖရဲသီးစိတ်လေးတွေ ရောင်းရတယ်၊ တချို့ဆို ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ကြရတယ်၊ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်တွေ မဟုတ်ဘူးလေ၊ ယောကျာ်းလေးကျတော့လည်း ပန်းရံလုပ်တာတို့၊ ကျောက်သွေးလောင်းတာတို့ လုပ်နေရတယ်ကြားရတော့ ရင်ထဲမကောင်းဘူး၊ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လည်း ထောက်ပံ့ပေးနိုင်လားဆိုတော့ ကိုယ့်မှာလည်း အခက်အခဲတွေနဲ့ဆိုတော့ သူတို့ပေါ်မှာ တစ်သောင်း၊ နှစ်သောင်းအပြင်လည်း မထောက်ပံ့နိုင်ဘူး"

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မင်းကင်းကုန်းရွာမှ ဇာတ်မင်းသမီး စကားဝါဒေလီမြင့်အား ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စကားဝါဒေလီမြင့်တို့ရဲ့ ဇာတ်ပွဲမှာ ဆယ်နှစ်ကျော်ကားလိပ်ဆွဲခဲ့တဲ့သူကတော့ အသေးလေး ဆိုတဲ့ သူပါ။ အခုဆိုရင် သူဟာ သားသမီးငါးယောက်ရှိတဲ့ မိသားစုကိုလုပ်ကျွေးဖို့ အမှိုက်ကောက်နေရတယ်လို့ စကားဝါဒေလီမြင့်က ပြောပြပါတယ်။

"ကားလိပ်ဆွဲလေး တစ်ယောက်ရှိတယ်၊ နာမည်က အသေးလေးတဲ့၊ သူက ပြောတယ်၊ အမေသားကို လမ်းမှာတွေ့ရင် မခေါ်နဲ့တဲ့၊ ငါ့သားဘာဖြစ်လို့တုန်းဆိုတော့ သား အမှိုက်ကောက်နေရင် အမေသိက္ခာကျမှာ စိုးလို့တဲ့၊ အဲကလေးလေးဆိုရင် ဒီမှာ လုပ်နေတာကို ၁၃ နှစ်လောက်ရှိပြီ"

စကားဝါဒေလီမြင့်ရဲ့ သားအကြီးက အသက် ၂၁ နှစ်အရွယ် ခေါင်းဆောင်မင်းသား ကောင်းစစ်ဟိန်းပါ။ သူလည်း သူ့အမေဆိုင်မှာ ထမင်းကူရောင်းပြီး၊ ဝယ်တဲ့သူမှာတဲ့ ပစ္စည်းလိုက်ပို့ရင်း အချိန်အခါ ကောင်းပြန်ရောက်မှာကို မျှော်လင့်နေပါတယ်။

"ကျွန်တော်တို့ အားငယ်လားဆိုလည်း အားမငယ်ဘူးဗျ၊ ဒီလိုမျိုး အလုပ်တွေ လုပ်နေရလို့လည်း အားမငယ်ပါဘူးဗျ၊ တစ်ချိန်ကျရင် ခေတ်အခါတွေ ပြန်ကောင်းလာမယ်၊ ကျွန်တော်တို့ အနုပညာအလုပ်တွေ ဆက်လုပ်ခွင့်ရဦးမယ် ဆိုလို့ရှိရင် ကျွန်တော်တို့က လုပ်သွားဦးမှာ"

အရင်က ပွဲကရလို့ ဝမ်းဝခဲ့တဲ့ ဇာတ်သမားတွေဟာ အခုတော့ ဇာတ်ပစ္စည်းတွေ ရောင်းစားလိုက်ရပြီး ကြုံရာကျပန်း လုပ်နေရလို့ စိတ်မကောင်းဘူးလို့ မင်းသမီးကြီး ဗြူတီစိန်က ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကြီး အေးချမ်းပါစေလို့ ဆုတောင်းနေသူကတော့ စကားဝါဒေလီမြင့်ပဲ ဖြစ်ပါတယ်။

"ဆိုင်းသံဗုံသံတွေနဲ့ ပျော်ပျော်ကြီး ကချင်သေးတယ် သားရယ်၊ အဲဒါကြောင့် မြန်မာ တစ်နိုင်ငံ အေးချမ်းပါစေ၊ ကျန်းမာ၊ ချမ်းသာကြပါစေ ဘုရားကန်တော့တိုင်းလည်း ကပ်ကြီး ၃ ပါးမှ ကျော်လွှားနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ အမြဲတမ်းဆုတောင်းတယ်"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org