ဘန်ကောက်မြို့မှာ မြန်မာစားသောက်ဆိုင်တွေ များလာ

တင်အောင်ခိုင်
2023.06.28
ဘန်ကောက်မြို့မှာ မြန်မာစားသောက်ဆိုင်တွေ များလာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်းမှ မြန်မာစားသောက်ဆိုင်တစ်ဆိုင်။
RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ ၁၉၅ဝ ပတ်ဝန်းကျင်က လူဦးရေ တစ်သန်းကျော်ကျော်သာရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၁၁ သန်း ကျော်ခဲ့ပါတယ်။ ဘန်ကောက်မြို့ဟာ ၂၀၂၂ မှာတင် လူဦးရေ တစ်သိန်းခုနစ်သောင်းလောက် တိုးလာခဲ့တယ်လို့ သန်းခေါင်စာရင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

“အာဏာသိမ်းပြီးချိန် နောက်ပိုင်း တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ မြန်မာပြည်ကနေလုပ်ငန်းရွှေ့လာကြသူတွေ များလာပြီး မြန်မာစားသောက်ဆိုင်တွေ များလာတာပါ”

အခုဆို ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ကမ္ဘာလှည့်ခရီးတွေ၊ ပြည်တွင်းခရီးသွားတွေနဲ့ ၂၄ နာရီ ပတ်လုံး စည်ကားနေပါတယ်။ ဒီနေရာမှာ ဘန်ကောက်ရဲ့ အချက်အချာကျတဲ့ ပတူနမ်ဆိုတဲ့ ရပ်ကွက်မှာလည်း လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်နီးပါးလောက်ကစပြီး မြန်မာအမည်နဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတဲ့ စားသောက်ဆိုင်ကြီးတွေကို အဓိကလမ်းမကြီးတွေမှာရော လမ်းသွယ်တွေထဲမှာပါ တွေ့မြင်လာရပါတယ်။



ဒီဆိုင်တွေမှာ မြန်မာနိုင်ငံသားတွေ နေ့စဉ်စားသုံးတဲ့ မုန့်ဟင်းခါးလိုကစပြီး ထမင်းကြော်၊ ထမင်းပေါင်းနဲ့ အစုံသုတ်၊ နန်းကြီးသုတ်၊ မုန့်တီပါမကျန် ဆိုင်တွေမှာရော အိမ်ကပါ မှာယူစားသုံးနိုင်ပါတယ်။

အခုလို မြန်မာဆိုင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်လာတာကတော့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်မှပါ။ ဒါကို မန္တလေးစားသောက်ဆိုင်ရှင် ဦးစိုင်းက ....

“လွန်ခဲ့တဲ့နှစ်ပိုင်းအချိန်က ဘန်ကောက်မှာ စားသောက်ဆိုင် သုံးလေးဆိုင်ပဲ ရှိခဲ့တာကနေ အာဏာသိမ်းပြီးချိန် နောက်ပိုင်း တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ မြန်မာပြည်ကနေလုပ်ငန်းရွှေ့လာကြသူတွေ များလာပြီး မြန်မာစားသောက်ဆိုင်တွေ များလာတာပါ။ စားသောက်ဆိုင်တွေတင်မက တခြားစီးပွားရေးလုပ်ငန်တွေ အများအပြားလည်း ရွှေ့ပြောင်းလာကြပါတယ်”

အခုလိုမြန်မာဆိုင်တွေ အများအပြား နေရာတစ်ခုတည်းမှာ စုနေကြတော့ စီးပွားရေးအရ အပြိုင်အဆိုင်ပိုများလာတဲ့ အခြေအနေ ဖြစ်လာနိုင်ခြေရှိနေပါသလား။

“ဘန်ကောက်မှာ ရောက်နေတဲ့ မြန်မာက သန်းဂဏန်းတော့ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီလူဦးရေနဲ့ ဆိုင်အရေအတွက်နဲ့အရကတော့ ပြိုင်ဆိုင်မှုတော့ သိပ်မပြင်းထန်သေးပါဘူး၊ ဒါပေမဲ့ ဒီပတူနမ် ဧရိယာတစ်ဝိုက်ကတော့ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတယ်။ ပြီးတော့ သုံးနိုင်စွဲနိုင်တဲ့ မြန်မာတွေလည်း အနေများတော့ ဒီမှာတော့ ဆိုင်တွေ ပိုများတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့လည်း ရပ်ကွက်တွေထဲမှာ ဟို အရင်ကတည်းက ရှိနေတဲ့ အိမ်ဆိုင်လေးတွေလည်း ရှိသေးတယ်။ တချို့ကျတော့လည်း ဒီလိုလူများတဲ့နေရာကို မရွေးဘဲနဲ့ မြန်မာအများစုနေထိုင်တဲ့ နေရာကို ရွေးချယ်ဆိုင်ဖွင့်တဲ့သူတွေလည်း ရှိပါတယ်”

thailand1.jpg
Photo: RFA

အခုလို မြန်မာဆိုင်တွေ ဘန်ကောက်မြို့မှာ များလာတော့ မြန်မာလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လာတာ ရှိပါတယ်။ မြန်မာပြည်က ရောက်လာတာ သုံးရက်သာရှိသေးသူ ဘွဲ့ရ လူငယ်တစ်ဦး ပုဂံမြေစားသောက်ဆိုင်မှာ အလုပ်လုပ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

“ကျောင်းပြီးတာတော့ အဝေးသင် မြန်မာစာနဲ့ပါ။ ဒီမှာအလုပ်လျှောက်ဖို့က လိုင်းပေါ်မှာပဲ တစ်ခါတည်းအပြီး အင်တာပါဗျူးပြီး ခေါ်လိုက်တာပါ။”

လက်ရှိ ထိုင်းနိုင်ငံကို မြန်မာတွေရွှေ့ပြောင်းနေထိုင်တဲ့ အခြေအနေမှာ လူတန်းစားအမျိုးမျိုးဖြစ်ပြီး အားလုံးကတော့ ရေကြည်ရာ မြက်နုရာ အလုပ်လုပ်ကိုင်လို့ ပိုမိုကောင်းမွန်တဲ့နေရာကို ရွှေ့ပြောင်းခြင်းဖြစ်ကြတာပါ။ ပြီးခဲ့တဲ့ နှစ်စစ်တမ်းတွေအရ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူကြတဲ့ စာရင်းမှာလည်း အများဆုံးဝယ်ယူကြတဲ့ ၁ဝ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံငံပါဝင်တယ်လို့ ဦးစိုင်းက ပြောပါတယ်။

“အခုဟာ စီးပွားရေးကကျ၊ နိုင်ငံရေးအခြေအနေက မကောင်းတော့ လူတော်တော်များများက ကိုယ့်မိသားစု စားဝတ်နေရေးအတွက် ရေကြည်ရာ မြက်နုရာသွားကြရတာပါ။ မြန်မာပြည်မှာ တော်တော်များများတွေ့လာရတာက လူလတ်တန်းစားတွေ တခြားနိုင်ငံတွေကို ရွှေ့ကုန်ကြတာမို့ လူတန်းစားတစ်ရပ်လောက် ပျောက်ကွယ်ရတဲ့ အနေအထားပါ။ အဲဒီပြည်တွင်းပဋိပက္ခတွေ ပြီးဆုံးသွားတဲ့ တစ်နေ့မှာ အဝေးရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေ အားလုံးပြန်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာက မြန်မာပြည်ကိုဘယ်တော့မှ မပြန်ဘဲနေမယ့်သူတော့ မရှိပါဘူး”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။