စစ်တွေမြို့က မွတ်စလင်တွေ ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ခံရတာ ၁၀ နှစ်ပြည့်ပြီ

2022.06.17
စစ်တွေမြို့က မွတ်စလင်တွေ ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ခံရတာ ၁၀ နှစ်ပြည့်ပြီ စစ်တွေမြို့နယ်၊ သဲချောင်းဒုက္ခသည်စခန်းမှာ ကလေးများကို ၂၀၂၂ ခုနှစ် ဧပြီလမှာ တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခကြောင့် ဒေသခံ မွတ်စလင် တစ်သိန်းသုံးသောင်းကျော်ဟာ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ရပါတယ်။

စားဝတ်နေရေး အပါအဝင် အကျပ်အတည်းတွေကြား သူတို့ အခုလို နေထိုင်လာတာ ၁၀ နှစ်ရှိပါပြီ။ သဲချောင်း ဒုက္ခသည် စခန်းက အသက် ၃၇ နှစ်အရွယ် ဒေါ်မိုးမိုး (ခေါ် ) အန်ဂျူ ဟာ ငွေကြေးအခက်အခဲကြောင့် သူ့သားသမီးတွေကို ကျောင်း မထားနိုင်တော့ဘူးလို့ ပြောပြပါတယ်။

အလုပ်လည်း အဆင်မပြေဘူး။ အလုပ်အဆင်မပြေတော့ ကယ်ဆယ်ရေးကပေးတဲ့ စာအုပ်ကိုပေါင်တယ်။ မစား၊ မသောက်ဘဲတော့ မနေနိုင်ဘူးလေ။ တစ်ရက် ဟင်းနဲ့ စားရင် နောက်တစ်ရက် ငါးနဲ့ စားတယ်။ တစ်လမှ တစ်ခါ အမဲသားနဲ့ စားရတာ။ အဲဒါတောင် တော်တော်လေးကို ခက်ခက်ခဲခဲလုပ်ပြီးမှ စားရတာ။ ကျမမှာ ကလေး တွေကိုလည်း ကျောင်းမထားနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ပိုက်ဆံမရှိလို့လေ။ အဲဒီကလေးတွေကို ဘယ်လိုကျောင်းထားနိုင်မလဲ”

သူမတို့ မိသားစုမှာ သားသမီးငါးဦးရှိပြီး အသက်အကြီးဆုံးက ၁၉ နှစ်နဲ့ အငယ်ဆုံးကတော့ ငါးနှစ်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတော့ စစ်တွေမြို့ စက်ရုံစုအကွက် (၃) မှာ နေထိုင်ပြီး ဝါးအရောင်းအဝယ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု ခဲ့ကြတာပါ။ 

လူမျိုးရေးပဋိပက္ခတွေကြောင့် သဲချောင်းဒုက္ခသည်စခန်းကို လာရောက်ခိုလှုံခဲ့ရတဲ့ နောက်ပိုင်း သူတို့မိသားစု ရပ်တည်ရေး တော်တော်လေးကို ခက်ခဲသွားပါတယ်။ လက်ရှိမှာ လူတစ်ယောက် တစ်ရက် ငွေငါးရာကျပ်နှုန်းပေးတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ထောက်ပံ့ရေးအစီအစဉ်နဲ့ပဲ ဖြစ်သလို စားသောက်နေရတယ်လို့ အန်ဂျူ က ပြောပါတယ်။ 

သဲချောင်းစခန်းက နောက်ထပ် မွတ်စလင်ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဖွေဇာမောက်က လည်း  အာဏာပိုင်တွေက သူတို့ကို လွတ်လပ်စွာသွားလာခွင့်မပေးတာကြောင့် ကိုယ်တိုင် ရှာဖွေစားသောက်လို့ မရဘူးလို့ ပြောပါတယ်။

 ကျနော်တို့ ဒီနေရာမှာ ဒုက္ခရောက်နေပါတယ်။ အရင်တုန်းက နေရာမှာဆိုရင် ရှာကြံစားလို့ရသေးတယ်။ ဒီမှာက ရှာကြံစားသောက်လို့မရဘူး။ ပင်လယ်ကိုထွက်ရမှ စားရတယ်။ မဟုတ်ရင် မစားရဘူး။ ရခိုင်ရွာဘက်ကို သွားလုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ ဒီမှာနေတာ ၁၀ နှစ်ရှိသွားပြီဆိုတော့ သွားဖို့လာဖို့ အကျင့်မရှိတော့ဘူးလေ။ ဒီမှာပဲ အကျင့်ဖြစ်သွားပြီ။ ရှာကြံလို့ ရတဲ့အခါ စားရတယ်၊ မရရင် မစားရဘူး”

 ဖွေဇာမောက်တို့ မိသားစုလည်း အရင်က အန်ဂျူတို့မိသားစုနဲ့အတူတူ စစ်တွေမြို့ စက်ရုံစု ရပ်ကွက်မှာ နေထိုင်ခဲ့ကြတာပါ။ ၂၀၁၂ ပဋိပက္ခကြောင့် စစ်တွေမြို့ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ စက်ရုံစု၊ မကျည်းမြိုင်၊ မင်းဂံ၊ ဘုမေ စတဲ့ ရပ်ကွက်တွေကနေ မွတ်စလင် တစ်သိန်း သုံးသောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

 ဖွေဇာမောက်တို့ အခုနေထိုင်တဲ့ သဲချောင်းဒုက္ခသည်စခန်းမှာ ဒုက္ခသည်အိမ်ထောင်စု ၂၇၀၀ ကျော်ရှိပြီး လူဦးရေ ၁၄,၀၀၀ ကျော် ရှိပါတယ်။ အခြား မွတ်စလင်ဒုက္ခသည်တွေ ကတော့ စစ်တွေမြို့ အနောက်ဘက်က သက္ကယ်ပြင်၊ ဒါးပိုင်၊ မော်သိညှာ၊ သဲချောင်း၊ အနောက်စံပြ စတဲ့ ဒုက္ခသည်စခန်း ၁၄ ခုမှာ ခိုလှုံနေကြပါတယ်။ 

"အခု ၁၀ နှစ်ကျော်ပြီ ဘာမှလည်း လုပ်ပေးတာမရှိဘူး။ ကျနော်တို့ကတော့ မျှော်လင့် နေဆဲပါပဲ"

ပဋိပက္ခဖြစ်ပွားချိန်မှာ မွတ်စလင်နေအိမ်တွေအားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရသလို အခုတော့ အဲ့ဒီနေရာတွေမှာ ရခိုင် တိုင်းရင်းသားတွေက အစားထိုး ဝင်ရောက်နေထိုင်နေကြပြီ လို့လည်း မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။ အဲဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ တက်လာသမျှ အစိုးရအဆက်ဆက်ဆီ တောင်းဆိုခဲ့ကြပေမယ့် လျစ်လျူရှုခဲ့ကြ တယ်လို့  မွတ်စလင်ဒုက္ခသည်တွေက ဝေဖန်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေကတော့ သူတို့ မူလနေထိုင်ခဲ့တဲ့နေရာကို ပြန်ရောက်ဖို့ မျှော်လင့်နေကြဆဲ ဖြစ်တယ်လို့ သဲချောင်း ဒုက္ခသည်ခစန်းတာဝန်ခံ ဦးကျော်လှက ပြောပါတယ်။ 

အခု ၁၀ နှစ်ကျော်ပြီ ဘာမှလည်း လုပ်ပေးတာမရှိဘူး။ ကျနော်တို့ကတော့ မျှော်လင့် နေဆဲပါပဲ။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကိုသွားပြီးတော့ ပြန်လည်နေထိုင်မယ်။ အရင်တုန်းက ရခိုင်လူမျိုးရော၊ ကျနော်တို့ လူမျိုးရော လုပ်စားလာခဲ့တဲ့ ပုံစံမျိုးကို ပြန်ရလိမ့်မယ်လို့ မျှော်လင့်ချက်က အပြည့်ရှိပြီးသားပါ။ မဖြစ်သေးတာပဲ ရှိတယ်။ မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ မျှော်လင့်နေတာလည်းဖြစ်တယ်”

ဒုက္ခသည်စခန်းမှာ မွတ်စလင်တွေဟာ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာသင်ယူခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ တခြား လူသားတစ်ယောက်ရဲ့ ရသင့်ရထိုင်တဲ့ အခွင့်အရေး တွေအားလုံး ဆုံးရှုံးနေရတယ်လို့ သူတို့က ပြောပါတယ်။ 

ဒီအကျပ်အတည်းတွေကြောင့် မွတ်စလင်တွေ တရားမဝင် လမ်းကြောင်းတွေကနေ မလေးရှားနိုင်ငံကိုထွက်ခွာဖို့ ကြိုးပမ်းတဲ့အတွက် ပြီးခဲ့တဲ့ ခြောက်လအတွင်း လူဦးရေ ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။  

သဲချောင်းဒုက္ခသည်စခန်းမှာ နေထိုင်သည့် သားအမိကို ၂၀၂၂ ခုနှစ် ဧပြီလမှာ တွေ့ရစဉ် (Photo: RFA)
သဲချောင်းဒုက္ခသည်စခန်းမှာ နေထိုင်သည့် သားအမိကို ၂၀၂၂ ခုနှစ် ဧပြီလမှာ တွေ့ရစဉ် (Photo: RFA)

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကတော့ အစိုးရအဆက်ဆက်ဟာ ရိုဟင်ဂျာတွေကို နှိပ်ကွပ်ချင်တဲ့စိတ်ရှိကြတယ်လို့ ထောက်ပြ ပါတယ်။

အဓိက နိုင်ငံကို အုပ်ချုပ်သူတွေရဲ့စေတနာပေါ့။ သူတို့မှာ ရိုဟင်ဂျာတွေကို နှိပ်ကွပ် ချင်တဲ့ စိတ်သာရှိကြတယ်။ နစ်နာစေချင်တဲ့ စိတ်သာရှိကြတယ်။ ရိုဟင်ဂျာတွေကို လူတွေပါဆိုပြီး အသိအမှတ်ပြုတာတောင် တော်တော်လေးနည်းတာကို တွေ့ရတာ ပေါ့နော်။ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက တခြားနိုင်ငံက ရောက်လာတဲ့ ဒုက္ခသည်တွေ မဟုတ်ကြဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အိမ်တွေ မီးရှို့ခံရတယ်။ မြေယာတွေ အသိမ်းခံရတယ်။ အခု ဒီလူတွေကို ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ထားတာ ၁၀ နှစ် ကျော်ပြီ။ သူတို့မှာ ဘာအခွင့်အရေးမှမရှိဘူး။ သူတို့မှာ အနာဂတ်လည်းမရှိဘူး။ ဆိုတော့ သူတို့ လူ့အခွင့်အရေး ဘယ်လိုချိုးဖောက်ခံနေရလဲဆိုတာ ထပ်ပြောဖို့တောင် လိုမယ်မထင်ပါဘူး”

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ (HRW) ကလည်း ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာနဲ့ ကမန်လူမျိုး တွေဟာ ဥပဒေမဲ့ ကာလ အကန့်အသတ်မရှိ ခွဲခြား ပိတ်လှောင်ခံထားရသလို ၁၀ နှစ်ပြည့်တဲ့အထိ သူတို့အတွက် တရားမျှတမှု ဖော်ဆောင် မပေးနိုင်သေးဘူးလို့ ဇွန် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလက်ရှိ စစ်တွေမြို့နယ်က ဒုက္ခသည်ခစန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေမှာ သူတို့ ပိုင်ဆိုင်ခဲ့ကြတဲ့ မူလနေရာ၊ အလုပ်အကိုင်တွေရှိပြီး  ဒီကိစ္စတွေကို တာဝန်ရှိသူတွေအနေနဲ့ မျက်ကွယ်မပြုထားသင့်တော့ဘူး လို့လည်း HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

 ဒီမွတ်စလင် ဒုက္ခသည် တစ်သိန်းကျော်အရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။