အနာဂတ်မဲ့ဘဝကနေ ကိုယ်ဟန်ပြမယ်ဖြစ်လာတဲ့ မော်ဒယ် စုမြတ်ရည်
2023.10.03

“အတတ်ပညာ၊ အသိပညာတွေ တိုးတက်မှသာလျှင် နိုင်ငံကောင်းတစ်ခုကို တည်ဆောက်နိုင်မှာပါ၊ အဲဒါကြောင့် ညီမက ကလေးလေးတွေကို သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်အပြင် အတတ်ပညာ၊ အသိပညာတွေလည်း သင်ကြားပေးပါမယ်၊ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ချိန်က ညီမကိုယ်တိုင် အနာဂတ်မဲ့တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်၊ အဲဒါကြောင့် လုံးဝ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နားလည်ပြီးတော့ ပြုစုပျိုးထောင်သွားချင်ပါတယ်ရှင်၊ ကျေးဇူးတင်ပါတယ်ရှင့်”
အခု ပြောသွားတဲ့သူကတော့ ရှစ်လအတွင်း ကိုယ်ဟန်ပြမယ်ဆု ငါးခုကို ရအောင်ယူနိုင်ခဲ့တဲ့ မော်ဒယ်လ် စုမြတ်ရည် ဖြစ်ပါတယ်။
"ညီမ မော်ဒယ်လ်လုပ်တဲ့ အချိန်မှာ၊ သင်တန်းသွားတက်တဲ့အချိန်မှာ ဘယ်သူမှမသိဘူး၊ ညီမတစ်ယောက်တည်းပဲ ညီမ လှုပ်ရှားပြီးတော့ ဖြစ်ချင်တာကို ရအောင်ယူခဲ့တယ်"
သူ့ကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မွေးခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ် ကိုးတန်း ကျောင်းသူဘဝမှာ ဖခင်ကွယ်လွန်သွားပြီး ဆယ်တန်း တက်တဲ့နှစ်မှာတော့ မိခင်က နောက်အိမ်ထောင်ပြုသွားလို့ ကိုယ့်ဘာသာ စျေးရောင်းပြီး ဘွဲ့ရအောင် ကြိုးစားခဲ့သလို Miss Grand Hakha 2024 ဆုနဲ့ Beauty Face Of Angel’s Secret ဆု အပါအဝင် ဆုငါးဆုကို ရအောင်ယူနိုင်ခဲ့ပါတယ်။
မစုမြတ်ရည်က အကြီးဆုံးသမီး ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ စောင့်ရှောက်မှု အပြည့်အဝ မရတော့တဲ့အချိန်မှာ ကျန်ခဲ့တဲ့ ၁၀ နှစ်အရွယ် ညီမလေးနဲ့ လေးနှစ်သားအရွယ် မောင်လေးကို သူပဲ အစစ အရာရာ ကာကွယ်စောင့်ရှောက်ခဲ့ရတယ်လို့ ပြောပြပါတယ်။
"ပြိုလဲလို့ မဖြစ်ဘူး၊ ပြိုလဲရင် မောင်လေးတွေ ညီမလေးတွေကရော ပြိုလဲမှာ၊ အဲဒါကြောင့် ငါဖြစ်အောင် လုပ်ရမယ်၊ ရအောင် လုပ်မယ်ဆိုပြီးတော့ ပညာရေးမှာလည်း ဆယ်တန်း အောင်,အောင်၊ ပြီးလို့ရှိရင် ဘွဲ့ကိုလည်း ရအောင် ယူနိုင်ခဲ့တာမို့လို့ အဆိုးဆုံး အချိန်တုန်းကတောင် ရအောင်လုပ်နိုင်ခဲ့သေးတာပဲ ငါ အခုဖြစ်ချင်တဲ့ ဖက်ရှင်ကို ဘာလို့ မဖြစ်နိုင်ရမှာလဲ ရအောင်လုပ်မယ်ပေါ့”
နောက်ပိုင်းမှာတော့ သူ့အိပ်မက်တစ်ခုဖြစ်တဲ့ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်ဘဝကို ရနိုင်ဖို့ ထားဝယ်မြို့ကနေ ရန်ကုန်မြို့ကို လာခဲ့တာလို့ ပြောပြပါတယ်။
“အဲလိုစိတ်နဲ့ ညီမ Model Life ကို ရအောင် ဆွဲယူခဲ့တယ်၊ ဘယ်က အထောက်အပံ့မှ မရှိဘဲနဲ့၊ ကိုယ့်ပုံစံနဲ့ကိုယ်၊ ကိုယ်တစ်ယောက်တည်း ဘယ်သူမှလည်း ထောက်ပံ့တာ မရှိဘူး၊ အိမ်ကဆိုရင် သိတောင်မသိဘူး၊ ညီမ မော်ဒယ်လ်လုပ်တဲ့ အချိန်မှာ၊ သင်တန်းသွားတက်တဲ့အချိန်မှာ ဘယ်သူမှမသိဘူး၊ ညီမတစ်ယောက်တည်းပဲ ညီမ လှုပ်ရှားပြီးတော့ ဖြစ်ချင်တာကို ရအောင်ယူခဲ့တယ်၊ မော်ဒယ်လ်ဖြစ်သွားတော့မှ အိမ်က သိခဲ့တာပေါ့နော်"
ဆယ်တန်း အောင်တဲ့အချိန်က စီးပွားရေး တက္ကသိုလ်တက်ဖို့ အမှတ်မီခဲ့ပေမယ့် ငွေရေးကြေးရေး အခက်အခဲကြောင့် သူတက်ချင်တဲ့ စီးပွားရေးတက္ကသိုလ် နေ့ကျောင်းအိပ်မက်ကို လွှတ်ချပြီး အလုပ်လုပ်ရင်း တက္ကသိုလ် ဆက်တက်လို့ရနိုင်တဲ့ ရူပဗေဒဘာသာရပ်ကို ရွေးချယ်ခဲ့ရတယ်လို့ ပြောပါတယ်။
Model တွေ အလုပ်ရဖို့ ခက်နေတဲ့အချိန်မှာ ဂျွန်လွင် ဖွင့်ထားတဲ့ သင်တန်းတက်ပြီး ဆင်းလာမှ မော်ဒယ်လ်အလုပ်ကို ရလာခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ မော်ဒယ်လ် အလုပ်တစ်ခုတည်းနဲ့ သူတို့ မောင်နှမ သုံးယောက် စားဝတ်နေရေး မလုံလောက်လို့ တခြားအလုပ်ပါ တွဲလုပ်ရတယ်လို့ ပြောပြပါတယ်။
"မြန်မာနိုင်ငံမှာက ဒီအလုပ်တစ်ခုတည်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ အဲဒီအထဲမှာမှ ညီမအတွက်က ပိုပြီးတော့ ခက်ခဲတယ်၊ ဘာပြုလို့လဲဆိုရင် ညီမက ကိုယ့်အတွက်ပဲ ကိုယ်ရှာရမှာ မဟုတ်ဘူး၊ မိသားစုအတွက်၊ မောင်လေးနဲ့ ညီမလေးအတွက် မိသားစုတစ်ခုလုံးရဲ့ တာဝန်တွေကို ထမ်းထားရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်မိသားစုကို ပြန်ကြည့်ဖို့အတွက် အွန်လိုင်းရှော့ပင်းအလုပ်ကို ပိုပြီးချဲ့ထွင်လုပ်ခဲ့တယ်"
ဆွေမျိုး အသိုင်းအဝိုင်းထဲမှာ မော်ဒယ်လ်လောကနဲ့ နီးစပ်တဲ့သူ မရှိတာကြောင့် Facebook ပေါ်မှာတွေ့တဲ့ Miss Grand Chin Land အတွက် ခေါ်တဲ့ လျှောက်လွှာကို တွေ့လို့ ဆက်သွယ်ဖြစ်ရာကနေ အမြင့်ဆုံးဆုဖြစ်တဲ့ Miss Grand Hakha 2024 Crown ဆုကို မစုမြတ်ရည်က ရရှိခဲ့တာပါ။
မော်ဒယ်လ် တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလို့ မိတ်ကပ် Suuri က ပြောပါတယ်။
"မော်ဒယ်လ်တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ ဆိုတာ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ခန္ဓာကိုယ် အချိုးအစား၊ အရပ်အမောင်း ရှိရမယ်၊ ဒါတွေနဲ့ ကိုက်ညီမှသာ မော်ဒယ်လ်ကောင်း တစ်ယောက်ဖြစ်နိုင်မယ်လို့ ယူဆတယ်ပေါ့နော်၊ အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ညီမတို့ ငွေရေးကြေးရေး ကိစ္စပိုင်းဆိုင်ရာတွေရော၊ ပြီးရင် လူအင်အားရော၊ လူအင်အားဆိုတာက နောက်ကနေ ပံ့ပိုးပေးမယ့် မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ ကိုယ့်ကိုပံ့ပိုးပေးမယ့် ဖန်တွေပေါ့နော်၊ ဒါတွေလည်း လိုအပ်မယ်လို့ ညီမ ယူဆတယ်ပေါ့နော်"
ခက်ခဲကျပ်တည်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မစုမြတ်ရည်ကတော့ သူ့ရဲ့ အဓိကအိပ်မက်အတွက် ဘယ်လိုအခက်အခဲမျိုးမဆို ကျော်ဖြတ်သွားမယ်လို့ ပြောပါတယ်။
"အင်တာနေရှင်နယ် စင်မြင့်ပေါ်မှာ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်၊ ကမ္ဘာကျော်တဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ချင်တဲ့အိပ်မက်ကို အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံရ ကြုံရ၊ ဘယ်လိုပဲ ခက်ခဲ ခက်ခဲ၊ ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတဲ့ စိတ်ကူးနဲ့ ညီမဒါကို ဖြေရှင်းပြီးတော့ ဖြစ်ချင်တဲ့ International Run Way ပေါ်က မော်ဒယ်လ်တစ်ယောက်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထားပါတယ်ရှင့်"