ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသမှာ မုန်တိုင်းအပြီး အသက်ရှင်ရပ်တည်ရေးခက်ခဲနေ

RFA Burmese
2023.06.08
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသမှာ မုန်တိုင်းအပြီး အသက်ရှင်ရပ်တည်ရေးခက်ခဲနေ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်း ဆင်သည်ရွာမှ မုန်တိုင်းသင့် ပြည်သူများအား ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းကရွာတွေမှာ မေလ ၁၄ ရက်နေ့က တိုက်သွားတဲ့ မိုခါမုန်တိုင်းကြောင့် အိမ်တွေအပြင် တောတောင်တွေ၊ ဥယျာဉ်စိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် အရေးပေါ်အကူအညီပေးဖို့ လိုအပ်နေတယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဆင်သည်၊ ဩရမ၊ အထက်သင်ပုန်းတန်း၊ ဖားကြွယ်၊ ခွေးသည်၊ တွင်းဆင်သည်၊ ဆင်ဖြူတောင် စတဲ့ ရွာတွေ အပါအဝင်ရွာ ၂၀ကျော်က ဒေသခံခုနစ်ထောင်လောက်ဟာ လက်တလော စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်အကူအညီလိုအပ်နေတာပါ။

"အသက်ရှင်ပြီး မနေချင်တော့တဲ့အထိ ခံစားရတယ်”

အဲဒီတောဖျားချောင်း အထက်ပိုင်းဒေသဟာ နဂိုကတည်းက အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရတဲ့ ဒေသဖြစ်သလို မြို့နဲ့လည်း အလှမ်းဝေးလို့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။

ရေလမ်းတစ်ခုတည်းနဲ့သာ သွားလာလို့ရပြီး ဒေသခံတွေကတော့ တောတောင်တွေ၊ ဥယျာဉ်စိုက်ခင်းတွေ၊ ကွမ်း၊ ငရုတ်ကောင်း၊ ဒညင်းသီး၊ သံပုရာခင်းစတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကိုပဲ အဓိကအမှီပြုလုပ်ကိုင် စားသောက်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဘဝရပ်တည်ရေး ခက်ခဲသွားပြီလို့ ဆင်သည်ရွာက ဦးအောင်ဘသိန်းက RFA ကို ပြောပါတယ်။

“ဘာတစ်ခုမှ မကျန်တော့ဘူး။ ဒီမှာ စားရေးသောက်ရေး နေရေးထိုင်ရေး အကုန် ခက်ခဲသွားပြီ။ နေအိမ်တွေ ပြိုသွားရင်တောင် ဥယျာဉ်ခင်းတွေ ကျန်ခဲ့ရင် ငါတို့ဘဝက နည်းနည်း ထူးခြားဦးမယ်။ အခုက ဘာမှမရှိတော့ဘူး။ တောတောင်မှာလည်း ဘာမှမရှိတော့ဘူး။ ကွမ်းခင်းတို့ သံပုရာခင်းတို့ လုပ်စားတာ အမြစ်ကနေ အကုန် ပါသွားတယ်။ အခုတော့ ဘာမှမရှိတော့ဘူး။ ဘယ်လိုပြန်ထူထောင်မလဲဆိုတာ စဉ်းစားလို့တောင် မရတော့ဘူး”

အိမ်ရော ဥယျာဉ်စိုက်ခင်းတွေပါ ပျက်စီးသွားတဲ့ ဆင်သည်ရွာက ဒေါ်မခင်သောင်းကတော့ အသက်ဆက် မရှင်ချင်လောက်တဲ့အထိ ခံစားနေရတယ်လို့ ပြောပါတယ်။

“အိမ်တစ်ဆောင်ရှိတာ အခုတော့ အိမ်မရှိတော့ဘူးဖြစ်သွားပြီ။ ကွမ်းစိုက်ခင်းနဲ့ ငရုပ်ကောင်းတွေ၊ ဥယျာဉ်ခင်းစိုက်ပြီး လုပ်စားနေတာ။ အခု ဘာမှမရှိတော့ဘူး။ အကုန်ပျက်စီးသွားပြီ။ အများကြီး ခံစားနေရပါတယ်။ အသက်ရှင်ပြီး မနေချင်တော့တဲ့ အထိ ခံစားရတယ်”

အဲဒီဆင်သည်ရွာမှာ အိမ်ခြေ ၅၃၅ အိမ်ရှိတဲ့ထဲက ၄၉၄ အိမ် တချို့တပိုင်းပျက်စီးသွားပြီး ၄၁ အိမ်ကတော့ လုံးဝပြိုပျက်သွားတာပါ။ ဒါကြောင့် ရွာသား ၂၀၀ကျော်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းမှာ ယာယီဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ ခိုကပ်နေကြရပါတယ်။

ဆင်သည်ရွာက ကိုမောင်ဦးလှိုင်ကတော့ သူ့အိမ်ရစရာမရှိအောင် ပျက်စီးသွားတာကြောင့် လာရောက်ခိုလှုံနေတာလို့ RFA ကို ပြောပါတယ်။

“စားစရာတွေကလည်း မရှိ။ နေစရာလည်း မရှိ။ အဲဒါကြောင့် အခုယာယီဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းမှာ လာနေကြတာပါ။ စားရတာလည်း မဝဘူး။ နေစရာလည်း အခက်အခဲရှိပါတယ်။ ကျွန်တော်တို့မှာ ကလေးတွေလည်း ပါတယ်။ သက်ကြီးတဲ့လူတွေ၊ နေမကောင်းတဲ့ လူတွေလည်း ပါတယ်။ အိမ်မှာက လုံးဝနေစရာမရှိလို့ ဒီမှာ လာနေတာပါ”

အခုဖွင့်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းဟာ ရွာထဲကနေ အလှူကောက်ခံရရှိထားတဲ့ ဆန်တွေနဲ့ပဲ ဖြစ်သလိုကူညီနေရပြီး ဘယ်ကမှအကူအညီတွေလည်း မရကြသေးဘူးလို့ လည်း ဆိုပါတယ်။

ဒါကြောင့် လက်တလော အသက်ရှင်ရပ်တည်ဖို့နဲ့ ပြန်လည်ထူထောင်ဖို့အတွက် အရေးပေါ် အကူအညီ ပေးဖို့လိုအပ်တယ်လို့ ဆင်သည်ရွာ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး အဖွဲ့ဝင် ကိုညီဇော်ထွန်း က RFA ကို ပြောပါတယ်။

“ရွာထဲမှာ သူတို့ရဲ့အိမ်တွေ ခေါင်မိုးတွေပွင့် အိမ်တွေပြိုလဲသွားပြီ။ သူတို့က လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် လုပ်ကိုင်စားသောက်ဖို့ ဘာနည်းလမ်းမှ မရှိတော့ဘူး။ ဆန်တွေလည်း အကုန်ပြတ်တောက်နေတယ်။ ငတ်မွတ်မှုတွေနဲ့ ရွာက အလှူခံပြီး ရထားတဲ့ဆန်တွေကို ပေးနေရတယ်။ ခက်ခဲမှုတွေ အများကြီးရှိတယ်။ ကျန်းမာရေး ပြုစုစောင့်လျှောက်မှုတွေလည်း မရှိဘူး။ ပြန်လည်ထူထောင်ဖို့အတွက် အချိန်ကလည်းကြာဦးမှာဖြစ်တဲ့အတွက် အကူအညီတွေ ပေးဖိုလိုအပ်နေပါတယ်”

အလားတူ ဩရမရွာမှာလည်း ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့သလို လုပ်ကိုင်စားသောက် ခင်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ အဲဒီရွာမှာ အိမ်ထောင်စု ၂၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ နီးပါးရှိပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်း ဆင်သည်ရွာမှ မုန်တိုင်းသင့် ပြည်သူများအား ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်း ဆင်သည်ရွာမှ မုန်တိုင်းသင့် ပြည်သူများအား ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိမှာတော့ အမိုးအကာတွေနဲ့ ရိက္ခာအရေးပေါ်လိုအပ်နေပြီး ဒီတစ်ပတ်အတွင်းသာ အကူအညီ မရရင် ငတ်မွတ်သေဆုံးကြမယ့် အခြေအနေရှိတယ်လို့ ဩရမ အုပ်ချုပ်ရေးမှူး ဦးဦးသန်းလှိုင်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဩရမရွာမှာဆိုရင် ဒီမုန်တိုင်းကြောင့် ကျွန်တော့်ရွာသားတွေရဲ့ ပိုင်ဆိုင်မှု အိမ်ကအစ ကျွဲနွားတွေရော၊ စီးပွားရေးလုပ်ငန်းတွေရော ဆုံးရှုံးမှုတွေ တော်တော်များ ပါတယ်။ လက်ရှိအခက်အခဲမှာ စားဝတ်နေရေး၊ အမိုးအကာတွေ ခက်ခဲနေပါတယ်။ စားဝတ်နေရေးက အဓိက အခက်အခဲပါ။ အခု ငတ်မွတ်နေကြပါပြီ။ ကျွန်တော်တို့ကို ဒီပတ်ဝန်းကျင်တွေကရော၊ နိုင်ငံတကာ အဖွဲ့တွေကရော၊ စစ်ကောင်စီကရော ရှေ့ ၅ ရက်လောက်နဲ့ အကူအညီမရရင် ငတ်မွတ်မှုနဲ့ သေသွားနိုင်တဲ့ အခြေအနေထိရှိပါတယ်”

အဲဒီလိုပဲ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းက ပိုးရွှီပြင်၊ ပေါက်တောပြင်၊ ခနောင်းကြီး၊ စေတီပြင်၊ ရဟတ်တောင်၊ အဘောင်တော် စတဲ့ရွာတွေနဲ့ တခြားရွာတွေ မှာလည်း မုန်တိုင်းကြောင့် နေအိမ်တွေ၊ ဥယျာဉ်ခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။

သူတို့ဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရပ်တည်ဖို့တောင် မလွယ်တော့တဲ့အတွက် ဘယ်ကမှ မကူညီရင် အသက်တွေပါ ဆုံးရှုံးတော့မယ်လို့ ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။