ရခိုင်မှာ မိုခါမုန်တိုင်းအပြီး နှစ်လကြာအထိ ဒေသခံတွေ အမိုးအကာအောက်ရောက်ဖို့ ခက်နေ
2023.07.14

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တာ အခုဆိုရင် နှစ်လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ မုန်တိုင်းသင့်တဲ့ ရိုဟင်ဂျာတွေ ရခိုင်တိုင်းရင်းသားတွေကတော့ အခုအချိန်ထိ နေအိမ်တွေ မပြုပြင်နိုင်ကြသေးသလို အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြဆဲပါ။
"စားမယ့်ဟာကိုလုပ်ရင် နေမယ့်ဟာ မလုံလောက်ဖြစ်နေကြတယ်"
မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားတဲ့ စစ်တွေမြို့နယ် ဘာဆာရာ ရိုဟင်ဂျာရွာမှာဆိုရင် အခုလက်ရှိ ရွာသားတွေဟာ စစ်ကောင်စီက ထောက်ပံ့တဲ့ တာပေါ်လင်စတစ်ခုနဲ့ ဖြစ်သလို တဲအိမ်ထိုးပြီး နေထိုင်နေကြရပါတယ်။
မိုးရာသီလည်းဖြစ်သလို မိသားစုဝင်တွေကလည်း များလွန်းတာကြောင့် ညဉ့်အချိန်ရော၊ နေ့အချိန်ပါ မိုးရွာလာရင် နေထိုင်ရတာ အခက်အခဲဖြစ်နေကြတယ်လို့ ဘာဆာရာရွာ ဆယ်အိမ်မှူး ဦးမောင်နီက RFA ကို ပြောပါ တယ်။
“မိုးရွာတယ်။ တစ်အိမ်မှာ တာပေါ်လင် တစ်ခုပဲရှိတယ်။ တစ်အိမ်မှာ မိသားစု ၁၂ ယောက်ရှိတယ်။ ၁၁ ယောက်ရှိတယ်။ အဲဒီ မိသားစုတွေက စောင်ခြုံပြီး နေကြရတယ်။ မိုးမရွာရင်တော့ ခြားနေလို့ ရပါတယ်။ ခြင်ထောင်ဆိုလည်း တစ်လုံးပဲရတာ အဲဒီခြင်ထောင်တစ်လုံးထဲမှာ ၁၁ ယောက်၊ ၁၂ ယောက် နေလို့မရဘူး။ ညဉ့်အချိန်ဆိုရင် ကလေးတွေကို ခြင်ထောင်ထဲထားပြီး လူကြီးတွေကတော့ အပြင်မှာ ထိုင်နေကြရပါတယ်”
အဲဒီ ဘာဆာရာ ရိုဟင်ဂျာရွာမှာ အိမ်ခြေ လေးရာကျော်ရှိပြီး လူဦးရေ နှစ်ထောင်ကျော် နေထိုင်တာပါ။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားခဲ့သလို ရွာသား ၁၅ ဦးလည်း သေဆုံးသွားခဲ့ပါတယ်။
အခုအချိန်အထိ နိုင်ငံတကာရဲ့ အကူအညီတွေလည်း မရကြသေးသလို စစ်ကောင်စီကလည်း အိမ်ထောင်စု တစ်စုကို တာပေါ်လင်စ တစ်ခုနဲ့ ဆန်ရိက္ခာ အနည်းငယ်ပဲ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ ညနေစာအတွက် စားစရာ ထမင်းတောင်မရှိတော့တဲ့အထိ ခက်ခဲနေတယ်လို့ ဘာဆာရာရွာက ရိုဟင်ဂျာ ဦးဘစိန်က RFA ကို ပြောပါတယ်။
“အိမ်ကတော့ အစိုးရကနေ တာပေါ်လင် တစ်ချပ်ပေးတယ်မလား။ အဲဒါနဲ့ ဖြစ်သလို ဆောက်ပြီးတော့ နေတာပါ။ အခု ညနေ စားမယ့် ထမင်းမရှိဘူး။ မနက်က တစ်နပ်စားတယ်မလား ညစာစားဖို့ အခက်အခဲ ဖြစ်နေတာ။ အခု ဆန်နို့ဆီဗူး လေးဗူးကို နှစ်ထောင်ကျပါတယ်။ စားဖို့အတွက် အခက်အခဲဖြစ်နေပြီလေ”
ဦးဘစိန်မှာ မုန်တိုင်းကြောင့် တစ်အိမ်တည်း အတူတူနေကြတဲ့ သူ့ရဲ့ သား၊ ချွေးမနဲ့ အရွယ်မရောက်သေးတဲ့ မြေး နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အခုလို မိသားစုဝင်တွေလည်း သေဆုံးသွားခဲ့သလို နေအိမ်နဲ့ ပိုင်ဆိုင်သမျှတွေရော အားလုံးဆုံးရှုံးသွားခဲ့တာကြောင့် အသက်ဆက်မရှင်ချင်လောက်တဲ့အထိ စိတ်သောက ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
အလားတူပဲ မုန်တိုင်းအဓိက တိုက်ခတ်သွားတဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစတဲ့ ဒေသတွေက ရခိုင်တိုင်းရင်းသားတွေဟာလည်း အခုအထိ လုံခြုံတဲ့ အမိုးအကာအောက်ကို မရောက်နိုင်ကြသေးသလို စားဝတ်နေရေးလည်း အခက်အခဲဖြစ်နေကြဆဲပါ။
မုန်တိုင်းကြောင့် နေအိမ်တွေလည်း ပျက်စီးသွားခဲ့ပြီး အဓိကအမှီပြုနေတဲ့ လုပ်ကိုင်စားသောက်ခင်းတွေ၊ ကျွဲနွားတွေကအစ ပျက်စီးဆုံးရှုံးသွားတာကြောင့် ပြန်လည်ရပ်တည်ရေးအတွက် ခက်ခဲနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီကလည်း လုံလုံလောက်လောက် မထောက်ပံ့တာကြောင့် ပြန်လည်ထူထောင်ဖို့ အခက်တွေ့နေတာလို့ ရသေ့တောင်မြို့နယ် အောင်စည်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်သိန်းက RFA ကို ပြောပါတယ်။
“မိုခါမုန်တိုင်း တိုက်ပြီးခဲ့တဲ့ နောက်ပိုင်းမှာ ဆုံးရှုံးသွားတဲ့ ကျွန်တော်တို့ရဲ့ ကျွဲနွား၊ အိုးအိမ် တန်ဖိုးတွေက များပါတယ်။ ပြန်ပြီးလုပ်ဖို့အတွက် ကျွန်တော်တို့မှာ နိုင်ငံတကာ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ အခု အစိုးရကလည်း ကျွန်တော်တို့ကို ပြည့်ပြည့်ဝဝ တာဝန်ယူပေးနိုင်တာ မရှိဘူး။ ဒေသထဲမှာလည်း လက်လုပ်လက်စားတွေ များတဲ့အတွက် ကျွန်တော်တို့မှာ နေမယ့်နေရာလုပ်ရင် စားမယ့်နေရာ မလုံလောက် ဖြစ်နေကြတယ်။ စားမယ့်ဟာကိုလုပ်ရင် နေမယ့်ဟာ မလုံလောက်ဖြစ်နေကြတယ်။ ဒါတွေဟာ အခုလောလောဆယ် ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေပါ”
လက်ရှိမှာတော့ အလှူရှင်တွေရဲ့ အကူအညီနဲ့ ဖြစ်သလို နေထိုင်စားသောက်နေကြရတယ်လို့လည်း ဆိုပါတယ်။
ရခိုင်မှာ မုန်တိုင်းသင့်ပြည်သူတွေကို အဓိကကူညီထောက်ပံ့ပေးနေတဲ့ လူထုဘေးဒဏ် ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ဆောင်ရွက်ရေးအဖွဲ့(ACRO)ရဲ့ ဒါရိုက်တာ ကိုဇော်ဇော်ထွန်းကတော့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေဟာ အဆမတန်များပြားတာကြောင့် နိုင်ငံတကာအဖွဲ့တွေက အင်တိုက်အားတိုက် လုပ်ဆောင်နိုင်မှပဲ ပြန်လည်ထူထောင်နိုင်မယ်လို့ ပြောပါတယ်။
“လိုအပ်ချက်တွေကတော့ ဘက်ပေါင်းစုံက လိုအပ်တယ်။ ဒီကိစ္စတွေမှာ အစိုးရ တစ်ရပ်ရပ်က အခု ပံ့ပိုးပေးနေတဲ့ ထောက်ပံ့မှုတွေနဲ့ကတော့ ဘယ်လိုမှ မလုံလောက်နိုင်ဘူး။ နိုင်ငံတကာက အင်တိုက်အားတိုက် လုပ်ဆောင်နိုင်မှသာလျှင် ဒီလူတွေရဲ့ စားဝတ်နေရေးအပြင် ပြန်လည်ထူထောင်မယ့်ကိစ္စမှာ အဆင်ပြေမယ်လို့ပဲ သုံးသပ်ပါတယ်”
ရခိုင်ပြည်နယ်မှာ မုန်တိုင်းသင့်ပြည်သူတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး သွားလာခွင့်ကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ ဒီကနေ့အထိ စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
အဲဒီလို ပိတ်ပင်မှုတွေကြောင့် ရခိုင်မှာ မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို ကူညီရေးလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်းဒဏ်ခံရတဲ့သူတွေကို ဝင်ရောက်ကူညီခွင့် ကျယ်ကျယ်ပြန့်ပြန့်ရဖို့ နေပြည်တော်နဲ့ ပြည်နယ်အဆင့် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို UN OCHA ရဲ့ ယာယီအကြီးအကဲ Ms. Dannielle Parry နဲ့ ဆွေးနွေးခဲ့တယ်လို့ ဇူလိုင်လ ၅ ရက်နေ့က စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ရခိုင်မှာ မုန်တိုင်းသင့်ပြည်သူတွေကို အားတိုက်အင်တိုက် အကူအညီပေးနေတယ်လို့ စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ နေ့စဉ်နေ့တိုင်း အကျယ်တဝင့်ဖော်ပြနေပေမဲ့ ဒေသခံတွေကတော့ လုံလောက်တဲ့ အကူအညီ မရကြဘူးလို့ ဒေသခံတွေက RFA ကို ပြောဆိုကြပါတယ်။