ရွှေ့ပြောင်းမြန်မာလူငယ်တွေအတွက် ပညာပေးဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့ ရွှေမြန်မာအဖွဲ့

ခင်ခင်အိ
2023.12.30
ရွှေ့ပြောင်းမြန်မာလူငယ်တွေအတွက် ပညာပေးဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့ ရွှေမြန်မာအဖွဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ဘဝအခြေအနေများအား ပညာပေးဇာတ်လမ်းလေးများအဖြစ် ရိုက်ကူးတင်ဆင်နေသည့် ရွှေမြန်မာအဖွဲ့ဝင်များ။
RFA

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အလုပ်ရှင်နဲ့ ပွဲစားရဲ့ လိမ်လည်ခံရတဲ့ အကြောင်း ဇာတ်လမ်းဗီဒီယို ရိုက်ကူးနေကြတာပါ။ ဒီအဖွဲ့က ရွှေမြန်မာလို့ အမည်ရပါတယ်။ ရိုက်ကူးသူ နဲ့ သရုပ်ဆောင်သူအားလုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါ။

“ဒီနေ့ရိုက်တဲ့ဇာတ်လမ်းလေးကတော့ ထိုင်းရောက် မြန်မာတွေအပေါ် ပွဲစားတွေက အမြတ်ထုတ်တာပေါ့နော်၊ မသိနားမလည်တဲ့ မြန်မာတွေအပေါ်မှာ ပွဲစားတွေက အလုပ်ကကောင်းတယ် အလုပ်ကအဆင်ပြေတယ်ဆိုပြီး အမြတ်ထုတ်တဲ့အကြောင်းပေါ့နော် မကောင်းတဲ့သူဌေးတွေအကြောင်းလဲ ပါတယ်”

ဒါကတော့ ရွှေမြန်မာအဖွဲ့ရဲ့ ပင်တိုင်သရုပ်ဆောင် မဇင်အိအိမောင်ပါ။ အဖွဲ့ရဲ့ ဇာတ်ညွှန်းဒါရိုက်တာ ဖြစ်တဲ့ ကိုပြည့်စုံမှူး က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေး ရသင့်ရထိုက်တာ တွေကို သိစေချင်တဲ့အတွက် ဒီဇာတ်လမ်းလေးတွေ ရိုက်ကူးတင်ဆက်ဖို့ ဖြစ်လာတာလို့ ပြောပါတယ်။

“အဓိက ကတော့ ဒီမှာရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ကိုယ်ချင်းစာတာပေါ့နော်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲဒီထဲက လာတာဆိုတော့ အဓိက သူတို့အလုပ်ပင်ပန်းချိန်မှာ ဖျော်ဖြေရေးတွေက သူတို့ကြည့်လို့ရပေမယ့် သူတို့ဘဝကိုစာနာနားလည်တဲ့ ဖျော်ဖြေမှုမျိုး ကြည့်စေချင်တာပေါ့နော်၊ အဲဒီကနေ ခွန်အားယူမယ် ပြီးတော့ ကိုယ့်ရဲ့မွေးရပ်မြေကို ပိုပြီးလွမ်းတတ်လာအောင်၊ ဒီမှာရှိတဲ့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ သိအောင် ပညာပေးအနေနဲ့ ရိုက်ဖြစ်တာ"

ဒီဇာတ်လမ်းထဲက သရုပ်ဆောင် နောက်တစ်ဦးဖြစ်တဲ့ မပြည့်ပြည့်ဖြိုးက ကိုယ့်နိုင်ငံသားတွေအတွက် ခုလို အသိပညာပေးတာမျိုးတွေ လုပ်ခွင့်ရတဲ့အပေါ် ဂုဏ်ယူရတယ်လို့ ပြောပါတယ်။

“သူတို့ဘဝနဲ့တူတယ် သူများနိုင်ငံရောက်နေတဲ့သူတွေ အခက်အခဲတွေ ကြုံတွေ့ရတာ အများကြီးရှိတယ် အဲဒါနဲ့ တထပ်တည်းကျမယ်ပေါ့ သူတို့ကို ပညာပေးလေးတွေ ပေးရတဲ့အတွက် ဝမ်းနည်းဝမ်းသာဖြစ်ရတယ်”

သူတို့အဖွဲ့ရဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရှုကြတဲ့သူတိုင်းက သူတို့ကိုအားပေးကြတာတွေ မြင်ရ ကြားရတဲ့အခါ ဝမ်းသာပိတီဖြစ်ရတယ်လို့ သရုပ်ဆောင် မငြိမ်းငြိမ်းခက်က‌ ပြောပါတယ်။

“ပထမတော့ တော်တော်လေးခက်ခဲပါတယ် နောက်ပိုင်းတော့ သရုပ်ဆောင်ကျင့်သားရလာတော့ အဆင်ပြေလာတယ်။ သရုပ်ဆောင် ဒီဇာတ်လမ်းတွေ တင်လိုက်ပြီဆိုရင် သူတို့ဘဝနဲ့ တူတူဘဲပေါ့နော် သူတို့အခြေအနေနဲ့ အတူတူဘဲဆိုပြီး ပြောလာတာတွေရှိတယ် သမီးကို အားပေးကြတဲ့သူတွေလည်းတွေ့ ပါတယ်ရှင့် ကြိုးစားရတာနဲ့ တန်ပါတယ်လို့”

ဝါသနာကြောင့် သရုပ်ဆောင်အလုပ်ကို ရွေးချယ်ခဲ့ပေမယ့် အခက်အခဲ ကြုံရတာတွေရှိတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်နဲ့ ဒီဇာတ်လမ်းလေးတွဲလေးတွေမှာ သရုပ်ဆောင်ခဲ့တယ်လို့ မဖြူဖြူကလည်း ပြောပါတယ်။

“ကိုယ်ကိုယ်တိုင်က ဒါကို ဝါသနာပါပြီး တခြားအလုပ်ကိုစွန့်လွှတ်ပြီး ဒီကို ဝင်ရောက်လာခဲ့တာပေါ့နော်။ စစချင်းကတော့ အခက်အခဲတွေရှိတယ် သူများတွေဝေဖန်တာတွေလည်းရှိတယ် ချစ်တဲ့သူလည်းရှိတယ်ပေါ့နော် အဲဒါလေးကိုကြည့်ပြီး ကိုယ်က အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဒီလိုလုပ်ဖြစ်ခဲ့တာပါ”

ဒီဇာတ်လမ်းမှာ ထိုင်းအလုပ်ရှင်သူဌေးအဖြစ် သရုပ်ဆောင်သူကတော့ ကိုစောသီဟပါ။

သူက MTV သီချင်းဗီဒီယိုလေးတွေမှာ သရုပ်ဆောင်လုပ်ခဲ့ဖူးသူတစ်ဦးပါ။ ဝါသနာကြောင့် ဒီဇာတ်လမ်းလေးတွေမှာ ဆက်လက်ပါဝင်ခဲ့ရင်း ကိုယ့်နိုင်ငံသားတွေကို အသိပညာပေးနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်နေသူပါ။

“ကျွန်တော်တို့ရိုက်ပေးလိုက်တဲ့အရာ ကျွန်တော်တို့ ကြိုးစားပေးလိုက်တဲ့အရာက ကြည့်တဲ့သူပေါ်မှာ အသိပညာတစ်ခုခု တိုးပွားတာပဲဖြစ်ဖြစ် ဆင်ခြင်စရာတစ်ခုခုရသွားတယ်ဆိုရင် စိတ်ထဲမှာပီတိဖြစ်ပါတယ်”

သူတို့ရဲ့ ဇာတ်လမ်းလေးတွေကို ရွှေတီဗီ Facebook နဲ့ Youtube ဆိုရှယ်မီဒီယာတွေကနေ အပတ်စဉ်တိုင်း ထုတ်လွှင့်နေတာပါ။ သူတို့ဇာတ်လမ်းလေးတွေကို အားပေးကြတာနဲ့ နည်းတူ သူတို့အနေနဲ့လည်း မှားယွင်းတဲ့ ပညာပေးမျိုးမဖြစ်အောင် အထူးသတိထား ကြိုးစားခဲ့ကြရတယ်လို့ ဒါရိုက်တာ ကိုပြည့်စုံမှူးက ပြောပါတယ်။

“ပညာပေးတွေရိုက်တယ်ဆိုတော့ ပိုပြီးတော့ နည်းနည်းသတိထားရတယ်၊ တခြားဟာတွေထက်ပိုပြီး ထိလွယ်ရှလွယ်တယ်ပေါ့နော်၊ တစ်ခုခုကို အခကြေးငွေယူပြီး ကျွန်တော်တို့ သိပ်မလုပ်ရဲဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီမှာရှိတဲ့သူတွေကို ပညာပေးပြီး ကိုယ်ကိုယ်တိုင်က မှားယွင်းတဲ့ လုပ်ဆောင်ချက်မျိုးဖြစ်မှာကြောက်တဲ့အတွက် အဲဒါတွေကိုလည်း သရုပ်ဆောင်တွေကို ရှင်းပြတယ် သေချာလေးနားလည်အောင်လုပ်တယ်”

မြန်မာအလုပ်သမားတွေကို ကိုယ်စားပြုတဲ့ ဇာတ်လမ်းလေးတွေအတွက် သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကို အကြံပြုချက်လေးတွေပေးကြဖို့လည်း သရုပ်ဆောင် မဇင်အိအိမောင်က ပြောပါတယ်။

“ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ခံစားချက်တွေကို ရိုက်ကူးပုံဖော်နေတာဖြစ်တဲ့အတွက် ဒီ ပေ့ချ်လေးမှာ ဗဟုသုတ ရသွားခဲ့တယ် တစ်ခုခုလေး ရသွားခဲ့တယ်ဆိုရင် အကြံဉာဏ်လေးတွေ ပေးနိုင်ပါတယ်။ ဆက်ပြီးတော့လဲ အားပေးပါ ညီမလေးတွေ မောင်လေးတွေကလည်း တကယ်ကို ကြိုးစားနေပါတယ်လို့”

ဒါက နိုင်ငံခြားရောက်မြန်မာလူငယ်တွေရဲ့ ကြိုးစားဖန်တီးမှုတွေထဲက တစ်ခုပါ။ ဒီဇာတ်လမ်းဗီဒီယိုလေးတွေဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ဘဝကို ထင်ဟပ်နေသလို မြန်မာနိုင်ငံ သမိုင်းတကွေ့က စာမျက်နှာတွေလို့လည်း ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။