အာဏာသိမ်းပြီးနောက်တစ်ရက် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ မြင်ကွင်း

2021.02.02

နေပြည်တော်မှာတော့ လုံခြုံရေးချထားမှုတွေ မနေ့ကထက်စာရင် လျှော့နည်းသွားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ထိန်းသိမ်းခံရတဲ့ စည်ပင်ဧည့်ရိပ်သာမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ နေအိမ်ပြန်ကြဖို့ စစ်တပ်အရာရှိတချို့က အသိပေးနေပါတယ်။

နေပြည်တော်တဝိုက်က ဈေးတွေမှာတော့ မနေ့ကလောက် စိုးရိမ်တကြီးနဲ့ ဝယ်ယူနေသူတွေ အများအပြားကို မတွေ့ရတော့ဘဲ ပုံမှန်အခြေအနေကို မြင်တွေ့ရပါတယ်။ အင်တာနက်လိုင်းတွေ ပြန်ပွင့်လာတဲ့အတွက် နေပြည်တော်က ဘဏ်လုပ်ငန်းတွေလည်း ပုံမှန် ပြန်လည်ပတ်နေပါပြီ။

အစိုးရရုံးတချို့က ဝန်ထမ်းတွေကို အာဏာသိမ်းတဲ့နေ့က နေ့တဝက်နဲ့ပြန်လွှတ်လိုက်ပေမယ့် ဒီနေ့တော့ ရုံးတွေ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ နေပြည်တော်မှာ ပြန်ရနေပြီဆိုပေမယ့်လည်း နှေးကွေးတာတွေ တယ်လီဖုန်းလိုင်း မကြည်လင်တာတွေ ရှိနေပါတယ်။

ရန်ကုန်မြို့မှာလည်း လူတွေက ပုံမှန်အတိုင်း သွားလာနေကြပါတယ်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေကတော့ ကားတွေနဲ့ အလံတွေထောင် သီချင်းတွေဖွင့်ပြီး အောင်ပွဲခံလှည့်လည်နေတာ အခုဆို နှစ်ရက်ရှိသွားပါပြီ။

ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ ရန်ကုန်တိုင်းမှူးတို့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်မှာရှိတဲ့ သျှရီသျှရီ စန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းကို သွားရောက်ခဲ့ကြပါတယ်။ ဘာကြောင့် အခုလိုသွားရောက်ခဲ့ကြတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မန္တလေးမြို့မှာလည်း လူတွေက ပုံမှန်အတိုင်း သွားလာနေကြပါတယ်။

ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်း ပြန်ရနေပါပြီ။ မန္တလေးမြို့လယ် ဈေးချို နာရီစင်နားမှာတော့ ဆန္ဒပြလှုပ်ရှားမှုတချို့ရှိမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ရဲအင်အား ၅၀ ထက်မနည်း လုံခြုံရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။