တက္ကသိုလ်ကျောင်းသားသံချပ်သုံးဖွဲ့ပေါင်း မဲဆောက်မှာ ဖျော်ဖြေ

RFA Burmese
2024.04.15
တက္ကသိုလ်ကျောင်းသားသံချပ်သုံးဖွဲ့ပေါင်း မဲဆောက်မှာ ဖျော်ဖြေ ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သံချပ်သုံးဖွဲ့ပေါင်းပြီး "တော်လှန်သံညံ သံချပ်သင်္ကြန်" အမည်ဖြင့် ဖျော်ဖြေကြစဉ်။
Photo: RFA

စစ်တပ်အာဏာမသိမ်းခင်တုန်းကတော့ သင်္ကြန်သံချပ်တွေကို မြို့ပေါ် မဏ္ဍပ်ကြီးတွေမှာ မြင်ခဲ့ရပေမဲ့ အခုအာဏာသိမ်းပြီးနောက်မှာတော့ တော်လှန်ရေးလွတ်မြောက်နယ်မြေတွေကို ရောက်ကုန်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီးဖွဲ့ထားတဲ့ ဒေါင်းတို့မျိုးဆက်၊ အတာစိုးမယ့် တမာမိုး၊ သွေးပိတောက် သံချပ်အဖွဲ့သုံးဖွဲ့ဟာလည်း "တော်လှန်သံညံ သံချပ်သင်္ကြန်" လို့ အမည်တပ်ပြီး အကျနေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖျော်ဖြေခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လုပ်ပုံကိုင်ပုံတွေ၊ တော်လှန်ရေးကာလအတွင်း ခက်ခဲကြမ်းတမ်းနေတဲ့ ပြည်သူတွေရဲ့ဘဝတွေ၊ လက်ရှိတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က မရှုမလှ စစ်ရှုံးနိမ့်နေတာတွေကို မီးမောင်းထိုးသံချပ်တိုင်ခဲ့ကြတာပါ။

"ပုံမှန်က ဒီတိုင်းပြည်က အခြေအနေတစ်ခုမှာပေါ့နော်။ ကျွန်တော်တို့ တည်ငြိမ်စွာ ဖြတ်သန်းနေတဲ့အခါမှာ လည်း တိုင်းပြည်ထဲမှာရှိတဲ့ အစိုးရမင်းတွေ ပြီးတော့ ပြည်သူတွေရဲ့အခက်အခဲတွေ ဒါတွေ ကျွန်တော်တို့က ထောက်ပြတယ်၊ ဝေဖန်တယ်၊ အပြုသဘောဆောင်ပြီးတော့ ပြောဆိုတယ်ပေါ။ ဒီအချိန်မှာတော့ ဒါက တော်လှန်ရေးကာလ ဖြစ်သွားတယ်။ စစ်ကောင်စီကို ကျွန်တော်တို့တွန်းလှန်နေတဲ့ကာလမှာ ကျွန်တော်တို့ သံချပ်တွေသည် တော်လှန်ရေးအသွင်သဏ္ဍာန်ပြောင်းသွားပြီး တော်လှန်သံချပ်တွေအဖြစ်နဲ့ ကျွန်တော်တို့ ပွင့်အန်ထွက်လာတယ်ပေါ့’’

သံချပ်တွေထဲမှာ စစ်ကောင်စီကိုချည်း ဆန့်ကျင်ကန့်ကွက်တာမျိုးမဟုတ်ဘဲ NUG အစိုးရရဲ့ အမြီးအမောက်မတည့်တဲ့ လုပ်ဆောင်ပုံတွေကိုလည်း သရော်ထားကြပါတယ်။ လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF တပ်သားတွေကို ထောက်ပံ့တဲ့နေရာမှာ အလွဲအချော်ဖြစ်နေတာကို ထောက်ပြထားတာလည်း သံချပ်တွေထဲ အများဆုံးကြားရပါတယ်။

"ကျွန်တော်တို့က စစ်ကောင်စီကို ထိုးနှက်မယ်ဆို စစ်ကောင်စီတစ်ခုတည်းကိုပဲ ထိုးနှက်လို့ မရဘူး၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေလည်း ထိန်းကျောင်းတည့်မတ်ဖို့ လိုတယ်၊ ကျွန်တော်တို့က ငါတို့အစိုးရဖြစ်တယ် ဆိုပြီးတော့ ဘာပဲလုပ်နေနေ ကျွန်တော်တို့က လွှတ်ထားပေးလို့ မဖြစ်ဘူး။ သူတို့လွဲနေတာရှိရင် သူတို့လမ်းချော်နေတာ ရှိရင် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ကျောင်းသားတွေအနေနဲ့ သမဂ္ဂတွေအနေနဲ့ တည့်မတ်ပေးဖို့ ထိန်းကျောင်းပေးဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ လက်ခံထားတယ်။ ဒါကြောင့်မို့ သူတို့ပြုပြင်သင့်တဲ့အကြောင်းအရာတွေကို သူတို့ဂရုစိုက်သင့်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့က သံချပ်ထဲမှာ ဟာသအနေနဲ့ရော၊ ဖျော်ဖြေတာအနေနဲ့ရော မက်ဆေ့ချ်ပေးထားတာပါ"

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အရင်လိုစည်စည်ကားကားသင်္ကြန်ဆင်နွှဲကြတာမရှိတော့ပါဘူး။ စစ်အာဏာရှင်လက်အောက်က မလွတ်သေးသရွေ့ သင်္ကြန်ရောက်တိုင်း တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြဖို့ စစ်အာဏာဆန့်ကျင်ရေးအဖွဲ့တွေကလည်းတိုက်တွန်းထားတာဖြစ်ပါတယ်။ ဒီထဲမှာ သင်္ကြန်သံချပ်ထိုးတာဟာလည်း စစ်ကောင်စီကို အနုနည်းနဲ့ ဆန့်ကျင်တဲ့ သဘောဆောင်ပါတယ်။

‘’ကျွန်တော်တို့ပြန်ချင်တဲ့ အိမ်ပြန်လမ်း မဝေးတော့တဲ့အိမ်အပြန်လမ်းကို အမြန်ဆုံးရောက်ရှိအောင်၊ ပိုပြီးတော့ မြန်မြန်သွားနိုင်အောင်လို့ ကျွန်တော်တို့ အချင်းချင်းကြားမှာ ပြုပြင်ရမှာ၊ ဝေဖန်ရမှာ။ ပြီးတော့ ပြောင်းလဲရမှာ။ ဒါအချက်တွေကို ဒီထဲမှာထည့်ပြီးပြောတာဖြစ်တယ်။ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်သည် တော်လှန်ရေးအောင်ဖို့ ဖြစ်တယ်။ ဒုတိယဦးတည်ချက်သည် ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းတာဖြစ်တယ်၊ နောက်တစ်ခုကတော့ ဒီသံချပ်နဲ့ ကျွန်တော်တို့ဝေဖန်တယ်ဆိုတာ အနုပညာနဲ့တော်လှန်တာဖြစ်တယ်၊ စစ်ကောင်စီကို မတရားမှုတွေ တော်လှန်တဲ့နေရာမှာ ကျွန်တော် တို့သည် သေနတ်နဲ့တော်လှန်နေတာတင်မဟုတ်ဘဲနဲ့ ဦးနှောက်နဲ့ တော်လှန်မယ်၊ ပညာနဲ့တော်လှန်မယ်၊ အနုပညာနဲ့တော်လှန်မယ်၊ ကဏ္ဍပေါင်းစုံကနေပြီးတော့ ကျွန်တော်တို့တော်လှန်လို့ရသလောက် မတရားမှုတွေ ချုပ်ငြိမ်းတဲ့အထိ ကျွန်တော်တို့ ဆက်ပြီးကြိုးစားသွားမှာပါ။’’

မြန်မာနဲ့ ထိုင်းနယ်စပ် မဲဆောက်မြို့မှာ သံချပ်ထိုးတဲ့ ကျောင်းသားလူငယ်တွေကို လာရောက်အားပေးတဲ့ ကိုသာဌေးကတော့ သံချပ်အဖွဲ့တွေကို ချီးကျူးနေပါတယ်။

"ဒီကောင်တွေက စကားလုံးနဲ့တောင်မှ ဖော်ပြလို့မရတဲ့စစ်မိစ္ဆာတွေ၊ အဲ့ဒီအတွက်ကြောင့် ကလေးတွေ ပြောတာ နည်းတောင်နည်းနေသေးတယ်။ မျိုးဆက်တွေထဲမှာ အတော်ဆုံးမျိုးဆက်တွေ၊ ဘယ်လိုပဲပြောပြော ဟိုအရင်တုန်းက ၈၈ တို့ ဘာတို့ရဲ့မျိုးဆက်တွေ မတော်ဘူးလို့ပြောတာမဟုတ်ဘူး။ တော်တယ်။ ဒါပေမဲ့ သူတို့က အတော်ဆုံးပဲ။ ဒီတစ်ကြိမ်က ကျွန်တော်တို့ရဲ့အနိုင်ရမယ့်ပွဲပဲ။ ဒီတစ်ကြိမ်ထက် ပိုလို့မရတော့ဘူး။ အဲ့ဒီအတွက်ကြောင့် ဒီကလေးတွေကို ဂုဏ်ယူတယ်ဆိုတာထက် ပိုပြောချင်တာ’’

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။