၁ဝ နှစ်တိုင်တိုင် စစ်တပ်ကိုဆန့်ကျင်လာတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.16

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရပ်တည်လာတာ ဒီ ၂ဝ၂၃ ခုနှစ်မှာ ၁ဝ နှစ်ပြည့်ပါပြီ။

ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားလက်ထက်တွေမှာလည်း သင်္ကြန်ရောက်တိုင်း သံချပ်ထိုး ထောက်ပြဝေဖန်ခဲ့တဲ့အဖွဲ့ပါ။

အရပ်သားအစိုးရလက်ထက်မှာကတည်းက စစ်တပ်ရဲ့ လုပ်ပုံကိုင်ပုံတွေကို အဓိကထားဝေဖန်ထောက်ပြခဲ့တာကြောင့် တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေ မကြာခဏ တရားစွဲဆို ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

အခု ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီအဖွဲ့က လူငယ်ထဲတချို့ဟာ လက်နက်စွဲကိုင်၊ တချို့ကတော့ မြို့ပြမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လုပ်ကြရင်း စစ်အာဏာရှင်ကို တွန်းလှန်နေပါတယ်။

စစ်အာဏာရှင်စနစ် တော်လှန်နေကြသူတွေ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်ကြဖို့၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရယ်လို့ မဟုတ်ဘဲ ပြည်သူတွေကိုပဲ မျက်နှာမူကြဖို့ သံချပ်ထဲမှာ ဝေဖန်ထောက်ပြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွပါဝင်နေတဲ့ ပြည်သူတွေကိုလည်း ဒေါင်းတို့မျိုးဆက်က အသိအမှတ်ပြုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့လုပ်နေတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက ကန့်ကွက်ရှုတ်ချဖို့လည်း တိုက်တွန်းလိုက်ပြီး လူငယ်တွေ ကိုယ့်ရဲ့လွတ်လပ်ခွင့်အတွက် ကိုယ်ကိုယ်တိုင် တိုက်ယူရမယ်လို့လည်း သံချပ်ထဲမှာ ကြွေးကြော်ထားပါတယ်။

သံချပ်အဖွဲ့ရဲ့ နောက်ဆုံးပိုင်းမှာတော့ စစ်ကောင်စီရဲ့ စီးပွားရေးတွေကို ဝိုင်းသပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

သင်္ကြန်ရောက်တိုင်း မဏ္ဍပ်တကာလှည့် ဖျော်ဖြေခဲ့တဲ့သံချပ်အဖွဲ့ဟာ ဒီနှစ်မှာတော့ အညာဒေသက တော်လှန်ရေးနယ်မြေတစ်နေရာမှာ သံချပ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒီသံချပ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုဖိုးသားနဲ့ မလင်းလင်းတို့ကတော့ လက်ရှိထောင်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။