ဖတ်ချင်ရင် ယူသွားဆိုတဲ့ ရန်ကုန်မြို့ လမ်းဘေးက စာပေဒါန

RFA Burmese
2023.09.29
ဖတ်ချင်ရင် ယူသွားဆိုတဲ့ ရန်ကုန်မြို့ လမ်းဘေးက စာပေဒါန ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ် မှတ်တိုင်အနီးမှ “မနောဖြူ” စာပေရေချမ်းစင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်မြို့ရဲ့ ရပ်ကွက်တစ်နေရာမှာ မနက်ဝေလီဝေလင်းကတည်းက  ခုနစ်ပိဿာလောက် အလေးချိန်ရှိတဲ့ စာအုပ်အိတ် ရှစ်အိတ်လောက်ကို မနားတမ်း ထမ်းပြီး ရွှေ့နေသူကတော့ အသက် ၅၈ နှစ်အရွယ် ဦးရင်ကြည်ပါ။

ဒါက သူ နေ့စဉ်လုပ်နေကျ အလုပ်ဖြစ်နေပါပြီ။ စားဝတ်နေရေးအတွက် မြန်မာနိုင်ငံ ဒေသမျိုးစုံကနေ  ရန်ကုန်မှာ ကြုံရာကျပန်း အလုပ်မျိုးစုံ လာလုပ်နေသူတွေ၊ စာဖတ်ဝါသနာပါပေမယ့် စာအုပ် ငှားမဖတ်နိုင်သူတွေအတွက် ဦးရင်ကြည်က ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ် မှတ်တိုင်အနီးက သစ်ပင်ရိပ်အောက်မှာ ရေနွေးကြမ်းဝိုင်းနဲ့အတူ “မနောဖြူ” ဆိုတဲ့ စာပေရေချမ်းစင်လေး ဖွင့်ထားပါတယ်။

"ကျွန်တော့်ဆိုင်မှာ စာအုပ်လာငှားတဲ့လူတွေ လူတစ်ယောက်ငှားသွားတာနဲ့ ကျွန်တော့်မှာ ပီတိဖြစ်ပြီး ကျန်ခဲ့တယ်။ ဒီကုသိုလ်လေးပေါ့ ကျွန်တော်က အဲစိတ်ကလေးနဲ့ လုပ်နေတာပါ”

သူဒီလို လုပ်နေတာ ခုနစ်နှစ်ကျော်နေပါပြီ။ သူ့စိတ်ကိုရော စာဖတ်သူတွေရဲ့ စိတ်ကိုပါ ဖြူစင်စေချင်လို့ မနောဖြူ စာပေရေချမ်းစင်လို့ အမည်ပေးထားတာလို့ ဦးရင်ကြည်က ဆိုပါတယ်။

ဖတ်ချင်ရင် အလကား ယူသွား၊ ပြီးရင် နောက်လူဖတ်ဖို့ လာပြန်ထားဆိုပြီး သူက စာပေဒါနပြုနေတာပါ။

“ဖတ်ချင်ယူသွား၊ ဖတ်ပြီး ပြန်ထားပေါ့။ အဲလိုမျိုးနဲ့ပဲ ငှားပေးတယ်။ နောက်တစ်ချက်က ကျွန်တော်က စောင့် မကြည့်ဘူး။ ထိုင်ပြီး စောင့်မကြည့်ဘူး။ ဖတ်ချင်တဲ့သူ ယူသွားပဲ၊ ဖတ်ပြီး ပြန်ထားရင်ရပြီ ကျွန်တော်က အဲလို မျိုးပဲ။ အဓိက ဘာလဲဆိုတော့ ကျွန်တော်က စိတ်ကို ပြင်ဆင်တဲ့အတွက်ကို မနောဖြူဆိုတဲ့ နာမည်လေးကို ပေးလိုက်တယ်။ ဒါ ကျွန်တော့်စိတ်ကို ပြင်ချင်တဲ့အတွက်။ အမြဲတမ်းစိတ်က လူတိုင်းလူတိုင်း ဖြူစင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ကျွန်တော့်အနေနဲ့ တစ်နေ့ကို နာရီပေါင်းဘယ်လောက်ပေါ့ ဖြူစင်နေလေ ကျွန်တော့်အတွက် အကျိုးရှိလေပဲ။ ဒီစိတ်ကလေးနဲ့ပေါ့ ကုသိုလ်ကောင်းမှုအလုပ်ကို လုပ်မယ်ဆိုတဲ့ အတွေးပါပဲ။ အဲဒီအတွေးနဲ့ပဲ လုပ်နေတာ”

စာအုပ်တွေက သုတ၊ ရသစုံပါတယ်။ သူ ငှားလိုက်တဲ့ စာအုပ်တွေထဲက ၇၀ ရာခိုင်နှုန်းသာ လာပြန်အပ်ပေမယ့် သူကတော့ စာဖတ်ဖို့သာအဓိကဆိုတဲ့ စိတ်နဲ့ စာအုပ်တွေကို အမြဲပြန်ဖြည့်ပေးနေပါတယ်။  ဦးရင်ကြည်က ၁၉၉၂ လောက်ကစပြီး ရန်ကုန်၊ ပန်းဆိုးတန်းမှာ စာအုပ်အဟောင်းဆိုင် ဖွင့်ခဲ့သူပါ။ အခုတော့ အိမ်မှာပဲ အရောင်းအဝယ် လုပ်ပါတော့တယ်။

အလုပ်ကရတဲ့ အကျိုးအမြတ်ကိုလည်း စာပေရေချမ်းစင်အတွက်ပဲ ပြန်သုံးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ထဲမှာလည်း သူဝယ်ထားတဲ့ စာအုပ်တွေနဲ့ ပြည့်နေပါတယ်။ သူ့အိမ်မှာ စာအုပ် ခုနစ်ထောင်လောက် ရှိပါတယ်။ စာအုပ်တွေ စုတ်ပြဲနေရင်လည်း နေ့လယ်အားလပ်ချိန်မှာ သူကိုယ်တိုင်ပဲ ဂရုတစိုက်နဲ့ ချုပ်လုပ်ပြင်ဆင်တာပါ။

တစ်အိမ်လုံး စာအုပ်တွေပြည့်နေလို့ တစ်ခါတစ်ရံ စိတ်ကုန်မိပေမယ့် ကောင်းတဲ့အလုပ်မို့ ဘာမှမပြောဘဲ ခွင့်ပြုထားပါတယ်လို့ ဇနီးဖြစ်သူ ဒေါ်တင့်တင့်ခိုင် က ပြောပါတယ်။

“တစ်ခါတလေကျတော့လည်း စိတ်ကုန်မိတယ်။ သူ့စာအုပ်တွေက အိမ်မှာ ပြည့်နေတော့ လေ။ ဘယ်လိုဖြစ်တာ လဲ ပြည့်နေတာပဲပေါ့။ အဲဒါလေးကကျတော့ တစ်ခါတလေကျရင် ပြောမိတာပေါ့နော်။ ကျန်တာကတော့ မပြောပါဘူး။ သူစိတ်ချမ်းသာရင် ပြီးရောဆိုပြီး တော့။ ဘာလို့ဆို ကောင်းတဲ့အလုပ် လုပ်နေတဲ့အခါကျတော့ ကိုယ်က သွားပိတ်ပင်လို့ မရဘူးလေ။ အဲဒါကြောင့်မို့လို့ပါ။ မကောင်းတာ လုပ်ရင်တော့ ပြောရင် ပြောမိဦးမှာ ပေါ့နော်။ ဒါက သူက တစ်ဖက်တစ်လမ်းက အလှူလည်းလုပ်၊ ကိုယ့်မိသားစုအတွက် လည်း ကောင်းတာလေး ဖြစ်နေတဲ့အတွက် မပြောပါဘူး”

ဦးရင်ကြည်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကြောင့် သူတို့မိသားစု ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာရတယ်လို့ ဒေါ်တင့်တင့်ခိုင် က ပြောပါတယ်။ ဦးရင်ကြည်မှာ သားသမီးနှစ်ဦးရှိပြီး မိသားစုစားဝတ်နေရေးအတွက်ကိုတော့ ဇနီးနဲ့ သားသမီးတွေက ရခိုင်မုန့်တီနဲ့ အသုပ်ဆိုင်လေး ဖွင့်ထားပါတယ်။ 

အခုတော့ မိုးရာသီမို့လို့ စာပေရေချမ်းစင်မှာ စင်လေးနှစ်ခုနဲ့ပဲ စာအုပ် ၇၀၀ ဝန်းကျင်ကို ခင်းကျင်းထားတာပါ။ ဆောင်းနဲ့ နွေလို ပွင့်လင်းရာသီမျိုးဆိုရင် စင်လေးစင်နဲ့ စာအုပ် တစ်ထောင်ကျော် နေ့စဉ်ခင်းကျင်းပြီး အခမဲ့ ငှားပေးနေတာပါ။

ဘဝတစ်လျှောက်လုံး စာဖတ်ဝါသနာပါလှပေမယ့် ဦးရင်ကြည်လို သူတစ်ပါးကို ဒါနပြုဖို့တော့ သတိမရခဲ့ဘူးလို့ စာပေရေချမ်းစင်က စာအုပ်တွေကို ငှားဖတ်လေ့ရှိတဲ့ အသက် ၈၃ နှစ်အရွယ် ဦးသန်းခင် က ပြောပါတယ်။

“ကိုယ်တို့က ကိုယ့်ဘာသာ စာဖတ်ဖို့ပဲ၊ ကိုယ့်အသိတရားတွေရဖို့ပဲ အဲသလောက်ပဲ ကိုယ်က တွက်တာ။ သူများ တွေကို ဖြန့်ဝေဖို့ ဒီလိုမစဉ်းစားခဲ့ဘူး။ အခုမှာတော့ ဪ စာပေရေချမ်းစင် နာမည်လေးက လည်း လှလိုက်တာလို့ အဲလိုတောင် ပြောမိတယ်။ ဒါကြောင့်မို့လို့ တကယ်စာပေချစ်တဲ့ အထဲမှာတော့ မောင်ရင်ကြည်ဟာ တကယ့်နံပါတ် (၁) ပါပဲ။ တကယ့်ကို နံပါတ် (၁) ပါ”

ဒီစာပေရေချမ်းစင်မှာ တစ်ဦးကို နှစ်အုပ်နှုန်းနဲ့ အခမဲ့ အိမ်ထိငှားဖတ်နိုင်ပြီး ထိုင်ဖတ်မယ်ဆိုရင် လည်း ရပါတယ်။ အဲဒီအတွက် ရေနွေးကြမ်းဝိုင်းပါ ဖွင့်ထားပြီး သူက ဒါနပြုနေတာပါ။

ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ် မှတ်တိုင်အနီးမှ “မနောဖြူ”  စာပေရေချမ်းစင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ် မှတ်တိုင်အနီးမှ “မနောဖြူ” စာပေရေချမ်းစင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီနေရာက လှည်းတန်းနဲ့လည်း နီးတော့ လူငယ်ပိုင်းတွေ  လာငှားဖတ်ကြသလို လမ်းဆုံဖြစ်တဲ့အတွက် ပလုံကောက်သူ၊  ပစ္စည်းဟောင်းဝယ်သူ၊ သီလရှင်၊ ကိုရင်လေးတွေပါ ခရီးတစ်ထောက်နားရင်း စာဖတ်ကြ၊ ငှားကြတယ်လို့ ဆိုပါတယ်။

ဒီစာပေရေချမ်းစင်လေးက အစားအစာ ငတ်မွတ်သူတွေအတွက် အဆင်သင့်စားလို့ရတဲ့ ထမင်း၊ ဟင်းလိုပဲ စာပေငတ်မွတ်သူတွေအတွက် အဆင်ပြေလှတယ်လို့ အသက် ၃၃ နှစ်အရွယ် အနှေးယာဉ်လုပ်သား ကိုစိုးသူရ ကျော် က ပြောပါတယ်။

“ပြောရရင်တော့ တစ်ခါတည်း အဆင်သင့်စားလို့ရတဲ့ ထမင်းပန်းကန်ထဲက ဟင်းလို၊ ထမင်းလို အဲလိုပေါ့။ သွားပြီးတော့ ငှားဖတ်ရတဲ့အခါကျတော့ ကိုယ်တိုင်ချက်ပြုတ်ရ သလို အလုပ်လည်း ရှုပ်တယ်။ ဒါလေးကျတော့ တစ်ခါတည်း အဆင်သင့်စားလို့ရတဲ့ ထမင်းနဲ့ ဟင်းလိုပဲ။ ဒါက အိမ်ကနေလာ၊ တန်းပြီးတစ်ခါတည်းဖတ်။ ဘာမှ အပူအပင်လည်း မရှိဘူး။ ဒီမှာ တော်တော်အဆင်ပြေတယ်။ ကျွန်တော့်ဘဝမှာ မတွေ့ဖူးတဲ့ စာအုပ်တော်တော် များများတောင် ဒီအထဲမှာ တွေ့တယ်။ တော်တော်ရှာရတဲ့  ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့ စာအုပ်တွေကအစ ဒီမှာ ကျွန်တော် ရခဲ့ဖူးတယ်။ တချို့စာကြည့်တိုက်တွေမှာတောင် မရှိတော့ဘူး”

လက်လုပ်လက်စား ဆင်းရဲသားမိသားစုက မွေးဖွားလာတဲ့ လူငယ်တွေ စာပေကောင်းတွေ ဖတ်ရှုနိုင်အောင် ဒီထက်ပိုပြီး ဖြည့်ဆည်းပေးဦးမယ်လို့ ဦးရင်ကြည်က ဆိုပါတယ်။ သူ လိုချင်တာက သူ့စာအုပ်တွေကို လူတွေ ငှားဖတ်တဲ့အခါ ခံစားရတဲ့ ပီတိလေးတစ်ခုပါပဲ။

“ကျွန်တော်ကတော့ ဒီလက်လုပ်လက်စား သားသမီးတွေ စာအုပ်တစ်အုပ် ဝယ်ဖို့ဆိုတာ မလွယ်တော့ဘူး။ မလွယ်တဲ့အတွက် သူတို့ရဲ့အခက်အခဲကို ကျွန်တော်ဖြည့်ဆည်းတဲ့ အနေနဲ့ ထိုင်ဖတ်စနစ်လေး စာအုပ်ကောင်း တွေနဲ့လုပ်ဖို့ စိတ်ကူးရှိပါတယ်။ စာအုပ်တွေလည်း စုနေပါတယ်။ နောက်တစ်ချက်က ဘာဖြစ်လဲဆိုတော့ ကျွန်တော့်ဆိုင်မှာ စာအုပ်လာငှားတဲ့လူတွေ လူတစ်ယောက်ငှားသွားတာနဲ့ ကျွန်တော့်မှာ ပီတိဖြစ်ပြီး ကျန်ခဲ့တယ်။ ဒီကုသိုလ်လေးပေါ့ ကျွန်တော်က အဲစိတ်ကလေးနဲ့ လုပ်နေတာပါ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။