နယုန်လပြည့် ဘုရားမသွားသပိတ်ကြောင့် အထင်ကရစေတီတွေမှာ လူနည်း

ဇွန်လ ၁၃ ရက် ဒီနေ့ နယုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ မဟာသမယနေ့လို့ခေါ်တဲ့ နေ့ထူးနေ့မြတ် ဖြစ်တာကြောင့် ပုံမှန်ဆိုရင် ဘာသာဝင်တွေအများအပြားဟာ ဘုရားစေတီ တွေ သွားပြီး မဟာသမယသုတ် ရွတ်ဖတ်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
ဒါပေမဲ့ ဒီနေ့မှာ ဘုရားစေတီတွေကိုမသွားဘဲ စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ ရန်ကုန်လူထု သပိတ်က တိုက်တွန်းထားလို့ ရန်ကုန်မြို့က ဘုရားစေတီတွေအပါအဝင် အထင်ကရ ရွှေတိဂုံစေတီတော်မှာ လူအသွားအလာ သိသိသာသာ နည်းပါးသွားခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း ရွှေတိဂုံစေတီတစ်ဝိုက်မှာ လုံခြုံရေးတွေကို သာမန်ထက် သုံးဆလောက် တိုးမြှင့်ချထားသလို ဘုရားရင်ပြင်တော်ပေါ်မှာလည်း သေနတ်ကိုင်ဆောင် ထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချထားခဲ့ပါတယ်။
နယုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ငြိမ်းချမ်းရေးနေ့ရက်တစ်ခု ဖြစ်တဲ့အတွက် ဒီနေ့ကိုရွေးချယ်ပြီး သပိတ်မှောက်ဆန့်ကျင်ဖို့ တိုက်တွန်းတာဖြစ်တယ်လို့ ရန်ကုန်လူထု သပိတ် အဖွဲ့ဝင် ကိုပျံလွှားက RFA ကို ပြောပါတယ်။
“ဘာကြောင့် နယုန်လပြည့်နေ့ကို ရွေးရလဲဆိုရင် ဗုဒ္ဓဝင်အဆိုအရ နယုန်လပြည့်နေ့ဟာ မဟာသမယနေ့ ဖြစ်တယ်။ ငြိမ်းချမ်းရေး နေ့ထူးနေ့မြတ်ဖြစ်တယ်။ သို့သော် ယနေ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဖက်ဆစ်စစ်တပ်ရဲ့ တိုင်းပြည် အပေါ် ဂုတ်သွေးစုပ်နေမှုတွေ၊ ဖိနှိပ်မှုတွေ၊ စစ်အုပ်ချုပ်မှုနဲ့ ခြယ်လှယ်နေမှုတွေ ဒီအာ ဏာစက်ကြီး အမြစ်ဖြတ်ပစ်မှသာ ကျနော်တို့တိုင်းပြည်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမယ်ဆိုပြီးတော့ ကျနော်တို့အနေနဲ့ ယုံကြည်ချက်ရှိထားလို့ ဖြစ်ပါတယ်ဗျ”
နယုန်လပြည့်နေ့ ဒီနေ့မနက် လူသွားလူလာနည်းပါးနေတဲ့ ရွှေတိဂုံစေတီတော်ဟာ ဒီလှုပ်ရှားမှု အောင်မြင်ကြောင်း ပြသနေတာလို့လည်း ကိုပျံလွှားက ဆိုပါတယ်။
သပိတ်အင်အားစုတွေ တောင်းဆိုထားသလို တိုင်းပြည်အခြေအနေ မကောင်းမွန်တဲ့ အချိန်မှာ ဘုရားသွားတာ၊ ပျော်ပါးတာတွေ မလုပ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အစ်မကတော့ (ဘုရားမသွားတာ) မှန်တယ်လို့ ယူဆတယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုအချိန်အခါမျိုးမှာ အဲဒီမှာသွားပြီး စုပြုံတိုးပြီးတော့ မမြင်ရတဲ့အန္တရာယ် တွေကို ဖိတ်ခေါ်နေသလို ဖြစ်တာပေါ့နော်။ ဒီလိုအချိန်မျိုးမှာ လူတွေက စုစုရုံးရုံးနဲ့ ပျော်ပါးနေတာမျိုး မလုပ်သင့်ဘူးလို့ ထင်တာပေါ့နော်။ အစ်မတို့ကတော့ သွားလေ့ သွားထလည်း မရှိဘူး။ သွားဖို့အစီအစဉ်လည်း မရှိဘူးပေါ့နော်”
နယုန်လပြည်နေ့ကို ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓရဲ့ မဟာသမယသုတ် ဟောကြားခဲ့တဲ့နေ့ကို အစွဲပြုပြီး မဟာသမယနေ့အဖြစ်လည်း ခေါ်ဆိုကြပါတယ်။
"ဒီလိုအချိန်မျိုးမှာ လူတွေက စုစုရုံးရုံးနဲ့ ပျော်ပါးနေတာမျိုး မလုပ်သင့်ဘူးလို့ ထင်တာပေါ့နော်"
မရမ်းကုန်းမြို့နယ်မှာနေထိုင်သူ တစ်ဦးကလည်း လက်ရှိ တိုင်းပြည်အခြေအနေအရ ဘုရား မသွားသင့်ဘူးလို့ ပြောပါတယ်။
“ဒီနေ့ကတော့ သွားလည်း မသွားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကလည်း နာနေပြီ။ လူတွေစိတ်ထဲမှာလည်း တော်တော်ဟိုဟာဖြစ်တော့ ဒီနေ့သွားတော့လည်း ကိုယ့်အိမ်ကဘုရား ကိုယ်ဘုရားပေါ့။ အဲဒီလိုပဲ ကျနော်မြင်တာပေါ့။ မဟာသမယ သုတ်ဆိုတာ မြတ်စွာဘုရားက မဟာဝန်တောမှာ မြစ်ရေလုတဲ့ နှစ်ပြည်ထောင် မင်းတွေကို ဆုံးမလိုက်တဲ့ ချစ်ကြည်ရေးသုတ်လို့လည်း ပြောလို့ရတယ်ပေါ့။ ခံရတဲ့ ဘက်ကတော့ ဘယ်ကျေအေးချင်မလဲဗျာ၊ အဲဒါတွေလည်း ရှိမှာပေါ့“
ရန်ကုန်လူထုသပိတ်အနေနဲ့ နယုန်လပြည့်နေ့မတိုင်ခင် ဇွန်လ ၁၂ ရက် မနေ့က ရွှေတိဂုံ စေတီတော်ရဲ့ မုခ်ဦးအဝ တစ်ခုမှာ “တိုင်းပြည် သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ် သည်” စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေ၊ စစ်ကြောရေးမှာ အသက်သေဆုံးစေ တဲ့အထိ နှိပ်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ပြီး သေဒဏ်ပေးနေတာတွေကြောင့် တိုင်းပြည်သေဒဏ်သင့်နေရပုံကို ဆန္ဒပြတာဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကတော့ နယုန်လပြည့်နေ့ ဒီနေ့မှာ လူစုဝေးပြီး ဆွမ်းကပ်တာ၊ စေတီတော်ကို လှည့်လည်ပူဇော်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့က အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက္ကာရွှေဂူ ဘုရားမုခ်ဦး အပေါက်ဝမှာလည်း “တိုင်းပြည် သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရား ပိတ်သည်” စာသားကို မုံရွာလူငယ်များအစည်းအရုံးက ချိတ်ဆွဲခဲ့ကြပြီး အခြားမြို့ရွာ တော်တော်များများမှာလည်း ဘုရားမသွား သပိတ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။