ရခိုင်မှာတစ်လအတွင်း မိုင်းကြောင့် ငါးဦးသေဆုံး၊ ၁၀ ဦးဒဏ်ရ

RFA Burmese
2023.02.17
ရခိုင်မှာတစ်လအတွင်း မိုင်းကြောင့် ငါးဦးသေဆုံး၊ ၁၀ ဦးဒဏ်ရ ကျောက်တော်မြို့နယ်မှ မြေမြှုပ်မိုင်းထိလူနာအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်တွေဆေးရုံသို့ သယ်ဆောင်ခဲ့စဉ်။
RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခလရ (၃၇၄) အနားမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံ အရပ်သားတစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တစ်လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့သူ ငါးယောက်နဲ့ ဒဏ်ရာရတဲ့သူ ၁၀ ယောက်ထိ ရှိခဲ့ပါတယ်။

"ခြေထောက်က လုံးဝပြတ်သွားတာ။ ဖွင့်ပြီးမှာ ကျမလည်းမြင်တယ်”

ဖော်ဖော်ဝါရီလ ၁၅ ရက်နေ့ ဖြစ်ရပ်မှာတော့ ကျောက်တော်မြို့ လမ်းမတော်ရပ်ကွက်က အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင်လို့ခေါ်တဲ့ ဦးမောင်ချေဟာ အဲဒီတပ်ရင်းခြံစည်းရိုး နားမှာ ထင်းသွားရှာတုန်း မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်ထွက်သွားတာလို့ သူ့ရဲ့ ယောက်ဖ ဦးမောင်သိန်းရွှေက ပြောပါတယ်။

“အဲဒီနေရာမှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ သူတို့က အဲဒီတောင်ပေါ်မှာနေတယ်။ သူတို့နေတဲ့နေရာနားမှာ ထောင်ထားတာဖြစ်မယ်။ ဒဏ်ရာက ခြေပြတ်သွားတော့ စိုးရိမ်ရတယ်လေ။ မိုင်းရှိတယ်ဆိုတာ ကျနော်တို့ မသိဘူး။ အခုလိုဖြစ်သွားတော့ စိတ်ဆိုးမိတာပေါ့”

လက်ရှိမှာတော့ ဦးဇော်မိုးလွင်ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်တော်ဆေးရုံကနေ တစ်ဆင့် စစ်တွေဆေးရုံကြီးမှာ အရေးပေါ်ဆေးကုနေရပါတယ်။ သူ့မှာ သမီးနှစ်ယောက် ရှိပြီး အမေအိုရယ် ညီမမိသားစုရယ်နဲ့အတူ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် ဆေးကုစရိတ် အကူအညီလိုအပ်နေသလို ခြေထောက်မစုံတော့တဲ့အတွက် ရေရှည်ရပ်တည်နိုင်ရေးအတွက်လည်း ခက်ခဲသွားပြီလို့ ဦးဇော်မိုးလွင်ရဲ့ အစ်မ ဒေါ်မြရီက RFA ကို ပြောပါတယ်။

“ကြေးရေးငွေရေး အဆင်မပြေဘူး။ အခု သူခြေထောက်ပြတ်သွားပြီဆိုတော့ ဘာလုပ် စားမလဲ။ သမီးလည်း နှစ်ယောက်ရှိတယ်။ အမေ အိုနေပြီ။ မလုပ်နိုင် မကိုင်နိုင်တော့ဘူး။ အဖေကလည်း မရှိတော့ဘူး။ သူတို့ ငယ်ငယ်ကတည်းက အဖေဟာ ဆုံးသွားပြီ။ အဓိကတော့ ငွေကြေးအကူအညီပေးဖို့ လိုအပ်ပါတယ်။ သူလည်း ခြေထောက်ပြတ် သွားပြီဆိုတော့ လုပ်စားနိုင်တော့မှာလည်း မဟုတ်ဘူး။ သူဘဝကို ဖြတ်ကျော်ဖို့ ကောင်းမယ့်အရာ ကူညီဖို့လိုအပ်ပါတယ်။ ခြေထောက်က လုံးဝပြတ်သွားတာ။ ဖွင့်ပြီးမှာ ကျမလည်းမြင်တယ်”

ဦးဇော်မိုးလွင် ဖြစ်ရပ်အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလက ရခိုင်မှာ မြေမြှုပ်မိုင်းကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ် ဖားပြိုရွာမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ ရွာနားက ဆနွင်းတောင်မှာ ဒေသခံတစ်ယောက် ထင်းရှာသွားတဲ့လမ်းမှာ မိုင်းနင်းမိလို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းရွာမှာလည်း ဇန်နဝါရီလ ၂၆ ရက်နေ့က တောင်ပေါ်မှာ ထင်းသွားခုတ်တဲ့အခါ မိုင်းပေါက်ကွဲလို့ ရိုဟင်ဂျာကလေးတစ်ယောက် ပွဲချင်းပြီးသေဆုံးသွားပြီး နောက်ထပ်ကလေးသုံးယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အခြေစိုက် ခမရ ၃၇၈ တပ်ရင်းအနားမှာ ထင်းရှာသွားတဲ့ နဒင်ရွာသားတစ်ယောက် မိုင်းနင်းမိလို့ ညာဘက် ခြေထောက် ပြတ်သွားခဲ့ပါတယ်။

အခုဖေဖော်ဝါရီလအတွင်းမှာလည်း မိုင်းကြောင့် သေဆုံးတဲ့သူ သုံးယောက်ရှိပြီး ဒဏ်ရာရတဲ့သူ ခြောက်ယောက်ရှိပါတယ်။ မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က တောင်ပေါ်မှာ ငှက်ကိုင်းသွားထောင်တဲ့ ကလေးတစ်ယောက် မိုင်းထိလို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကြိမ်ချောင်းရွာက ကလေး နှစ်ယောက် မိုင်းကြောင့် သေဆုံးပြီး လေးယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း အမ်းမြို့နယ် ဒါးလက်ချောင်း အနောက်ရွာ ရွာအနားက တောထဲမှာ အလုပ်လုပ်နေတုန်း မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ယောက် ဒဏ်ရသွားခဲ့ တာပါ။

အခုလို မြေမြှုပ်မိုင်းပေါက်ကွဲမှုအများစုဟာ စစ်ကောင်စီတပ်စခန်းနားနေရာတွေနဲ့ သူတို့တပ်စခန်းချခဲ့တဲ့ နေရာတွေမှာဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒေသခံတွေကလည်း အဲဒီ တောတောင်တွေကိုပဲ အဓိက မှီခိုလုပ်ကိုင်စားသောက်နေရတဲ့ အတွက် တိုက်ပွဲကာလမှာထောင်ထားခဲ့တဲ့ မိုင်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုနေကြ ပါတယ်။

ponnagyun-mine.JPG
ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က မိုင်းထိလူနာ လေးဦးအား ယိုးတရုပ် တိုက်နယ်ဆေးရုံသို့ သယ်ဆောင်လာစဉ်။ (Photo: Citizen Journalist)

အခုအချိန် ရခိုင်မှာ တိုက်ပွဲတွေရပ်နေပေမယ့် စစ်ကောင်စီဘက်ကရော ရက္ခိုင့်တပ်တော် (AA) ဘက်ကပါ မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ဆောင်တာမတွေ့ရသလို တရားဝင် အပစ်အခတ်ရပ်တာ မဟုတ်တဲ့အတွက်လည်း မိုင်းရှင်းဖို့လုပ်ဆောင်နိုင်မယ့် အခြေအနေလည်း မတွေ့ရသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးတွေ ဆောင်ရွက်နေတဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

“တိုက်ပွဲရပ်စဲပေမယ့် တပ်စခန်းချတဲ့နေရာတွေကို ရုပ်သွားတာ မဟုတ်ဘူး။ စခန်းချ ခဲ့တဲ့နေရာတွေက ရုပ်သွားတယ်ဆိုရင်တောင် အဲဒီမှာ လုံခြုံရေးအတွက်ချခဲ့တဲ့ မြေမြှုပ်မိုင်းတွေက ယူသွားတာ မဟုတ်ဘူးပေါ့။ အဲဒါက အဓိကပြဿနာဖြစ်တယ်ပေါ့။ မိုင်းဆိုတဲ့ဟာကလည်း အရမ်းရှုပ်ထွေးတာပေါ့နော်။ မိုင်းမြှုပ်ခဲ့ပြီးတော့ အဲဒီလူတွေက ပြောင်းသွားပြီဆိုရင်၊ ပြန်မဖော်သွားဘူးဆိုရင် အဲဒီမြေပုံအရလည်း ခက်ခက်ခဲခဲရှာရ မယ့် ကိစ္စတွေဖြစ်တယ်။ အဲဒါကြောင့် ဒါဟာ ထင်သလောက်လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီတော့ လူထုတွေကပဲ ဆောင်ရန်၊ ရှောင်ရန်တွေကို သတိထားရတော့မယ့် အခြေအနေလို့ပဲ ပြောချင်ပါတယ်”

မိုင်းရှင်းလင်းရေးလုပ်မယ်ဆိုရင် တရားဝင်တိုက်ပွဲရပ်ဖို့ လိုအပ်သလို နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ရှင်းလင်းရမယ်လို့လည်း ဆိုပါတယ်။

ရခိုင်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သား နေရာတွေမှာ မြေမြှုပ်မိုင်းထောင်တာ မရှိဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ တိုက်ပွဲရပ်နေပေမယ့် မိုင်းအန္တရာယ် ရှိနေဆဲဖြစ်ပြီး ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေနားနဲ့ သူတို့စခန်းချခဲ့တဲ့ နေရာတွေကို မသွားဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောဆို ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။