ကပ်ဘေးနဲ့ နိုင်ငံရေးကြား ရုန်းကန်နေရတဲ့ ကွတ်ခိုင်က မသန်စွမ်းဂေဟာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အောင်ချမ်းသာ ထမင်းဆိုင်ရှေ့ လမ်းကြားကနေ ဝင်သွားရင် ဂေသရှေမန် မသန်စွမ်းနဲ့ လူငယ်ဖွံ့ဖြိုးရေးဂေဟာကို တွေ့ရမှာပါ။
ဂေဟာရဲ့ ဝါးတဲ အဆောက်အအုံတစ်ခုထဲမှာတော့ အသက် ၁၃ နှစ်အရွယ် မဆိုင်လုမ် တစ်ယောက် ဆွယ်တာ စက်တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ ဂေဟာကိုလာတဲ့ အလှူရှင်တွေအတွက် လက်ဆောင် ပြန်ပေးဖို့ ဆွယ်တာဦးထုပ်တွေကို ထိုးပေးနေတာပါ။
အသက်ငယ်ပြီး သွက်လက်တဲ့ မဆိုင်လုမ်ဟာ ဒီဂေဟာမှာ မသန်စွမ်းကလေးတွေရဲ့ တာဝန်ခံရာထူးကို ရထားသူ ဖြစ်ပါတယ်။
သူဟာ လားရှိုးဇာတိဖြစ်ပြီး သူ့အသက် ဆယ်နှစ်လောက်ထဲက ဒီဂေဟာကို ရောက်နေတာပါ။
"စက်ချုပ်သင်တန်း တက်ပြီးတာနဲ့ မသန်စွမ်းတွေကို ပြန်သင်ပေးဖို့ပေါ့နော်။ သူတို့ကို အချင်းချင်း ကူညီဆက်ဆံရတာလည်း ကျေနပ်တယ်ပေါ့နော့်။ ဘုရားသခင်ကျေးဇူးကို ကျေးဇူးတင်တယ်ပေါ့။ ဆယ်တန်း တက်ပြီးရင် ကွန်ပျူတာ သင်တန်းတက်မယ်လို့၊ ပြီးရင် ဆရာမ မိုင်းမိုင်းကို ပြန်ကူ ညီမယ်လို့ ရည်မှန်းချက် ရှိတယ်"
ဒီဂေဟာမှာ ကွတ်ခိုင်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့က အမြင်အာရုံ၊ အကြားအာရုံ၊ ခန္ဓာကိုယ် မသန်စွမ်းနဲ့ ဉာဏ်ရည်မသန်စွမ်းသူ ၂၄ ယောက်ကို လက်ခံ ထားပါတယ်။
ကလေးငယ်တွေကို ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမ ခြောက်ယောက်၊ စေတနာ့ဝန်ထမ်း လာရောက်ကူညီသူ သုံးယောက် ရှိပါတယ်။
စစ်ရေးပဋိပက္ခတွေများတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခက်ခဲတဲ့ မိသားစုတွေကြား ရှင်သန်ရတဲ့ မသန်စွမ်းတွေအတွက် အနာဂတ် မပျောက်စေချင်တာကြောင့် ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စတင်ခဲ့တာလို့ ဂေဟာ တည်ထောင်သူ မိုင်းမိုင်က ပြောပါတယ်။
"မသန်စွမ်းတွေက မသန်ပေမယ့်စွမ်းတဲ့ အစွမ်းအစတွေ ရှိတယ်။ သူတို့အစွမ်းအစနဲ့ သူတို့ ခြေထောက်အပေါ် ရပ်တည်နိုင်ဖို့အတွက် စဉ်းစားတဲ့အပိုင်းကျတော့ ကျွန်မတို့က အခြေခံ စာရေးစာဖတ်ပေါ့နော်။ သင်ကြားနည်း အပိုင်းကို စဉ်းစားတယ်။ လိုအပ်ချက် အရ ဂေဟာ ဖြစ်လာတယ်ပေါ့နော်။ ဂေဟာမှာ တစ်သက်လုံး မွေးမြူစောင့်ရှောက်ဖို့ ဆိုတာထက် သူတို့ ခြေထောက်အပေါ်မှာ ရပ်တည်နိုင်ဖို့ ကျွန်မတို့ အသက်မွေးဝမ်း ကျောင်း ပညာတွေ ဖန်တီးပေးမယ်။ သူတို့ရဲ့ပညာရေးတွေ ဖန်တီးပေးမယ်။ အဓိက ကျွန်မတို့ ရည်ရွယ်ချက်က လူမှုအသိုင်းအဝိုင်းမှာ လူလိုသူလို ဆက်ဆံခံရတဲ့ လူတစ်ယောက်အနေနဲ့ ဆက်ဆံခံရဖို့ ကျွန်မတို့ တွန်းအားပေးဖို့ ပြုလုပ်နေတဲ့ ဂေဟာဖြစ်တယ်ဆိုတဲ့အကြောင်း မိတ်ဆက်ပေးလိုပါတယ်"
မသန်စွမ်းကလေးငယ်တွေ ဘဝရပ်တည်ရေးကို ဦးစားပေးဖို့ ဂေဟာကို တည်ထောင် ခဲ့ရပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကလေးတွေအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ဒေသမှာက သင်တန်းရှားတယ်။ ပြီးရင် ပညာသင်ယူရမယ့်နေရာရှားတယ်"
ဂေဟာမှတ်ပုံတင်ခွင့်ရရေးနဲ့ မသန်စွမ်းအလိုက် ကလေးတွေ ပညာသင်ခွင့်ရရေးအတွက် ဆရာ၊ ဆရာမ လိုအပ်ချက်တွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။
ဒေသအတွင်းမှာ မိဘတွေက မသန်စွမ်းကလေးတွေအပေါ် နားလည်မှုလွဲတာကြောင့် အသက်အရွယ်ကြီးမှ ဂေဟာကို ပညာသင်ဖို့ရောက်လာတဲ့ မသန်စွမ်း ကလေးတွေ အတွက်တော့ စိန်ခေါ်မှုအချို့ ရှိနေပါတယ်။
"လွယ်အိတ်ကလေးတွေနဲ့ စာရေးတယ်ဆိုတဲ့ ရေးနိုင်၊ မရေးနိုင် ဆိုတာထက် သူတို့ ကျောင်းသွားတယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် ကျွန်မတို့ ဖန်တီးပေးနေတာ ဖြစ်တယ်။ အဲဒီထဲမှာ အမြင်အာရုံနဲ့ပတ်သက်ပြီး ကျွန်မတို့က ကျွမ်းကျင်မှုမရှိတာကြောင့် အရမ်းအားနည်းတယ်။ အဲဒါ့ကြောင့် ဒီဂေဟာမှာ ကျွန်မတို့က လုံးဝကို အမြင်အာရုံ ကျောင်းကို မသွားနိုင်တဲ့သူတွေကိုပဲ လက်ခံပြီးတော့ သွားလို့ရတဲ့ အငယ်အရွယ်တွေ ကျတော့ အမြင်အာရုံ ကျောင်းကို ပို့ပါတယ်။ ကြီးတဲ့သူတွေကျတော့ ကျွန်မတို့က ကိုယ်နှိပ်ပညာသင်ကြားပေးတဲ့ ရှမ်းတောင် ဝမ်စိမ်းမှာရှိတဲ့ ဆရာမကြီး မိုင်တို့ အဖွဲ့တွေ နဲ့ ချိတ်ဆက်တယ်။ ပြီးရင် မြန်မာနိုင်ငံ မျက်မမြင်အသင်းချုပ် ပေါ့နော်၊ ကျောင်းတွေကို ပို့ဆောင်ပြီးမှ ချိတ်ဆက်ပေးတယ် အဲလိုမျိုးလုပ်ပါတယ်"
ဂေဟာကို ကိုယ်ထူကိုယ်ထစနစ်နဲ့ တည်ထောင်ထားတာဖြစ်ပြီး တစ်ရက် ကုန်ကျစရိတ်က တစ်သိန်းကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။
ဒီအသုံးစရိတ်တွေအတွက် ဂေဟာမှာရှိတဲ့ မသန်စွမ်းကလေးတွေ ထုတ်လုပ်တဲ့ ဆပ်ပြာ၊ ခြင်းတောင်းနဲ့ ရိုးရာချည်ထိုး စတဲ့ လက်မှုပစ္စည်းတွေကို ရောင်းချတာ၊ ဂေဟာမှာရှိတဲ့ ကလေးတွေကို မေတ္တာနဲ့ ကူညီမှုတွေပေါ်မှာ အခြေခံပြီး ရပ်တည်ကြရတာပါ။
ဂေဟာကနေရတဲ့ လက်မှုပစ္စည်းတွေအပြင် ဒေသအသီးသီးက စေတနာရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေကို စစ်ဘေး ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာရှိတဲ့ အခြားမသန်စွမ်း ကလေးငယ်တွေကိုပါ ပြန်လည်မျှဝေတာတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။

ဒီဂေဟာက မသန်စွမ်းသူတွေအတွက်ရော သန်စွမ်းတဲ့လူငယ်တွေအတွက်ပါ အကျိုးရှိတဲ့ နေရာလို့ ဂေဟာက အမြင်အာရုံမသန်စွမ်းသူ ဆရာ နောင်လတ်က ပြောပါတယ်။
"ကျွန်တော်တို့ ဒီဒေသမှာရှိတဲ့ မသန်စွမ်းသူတွေရော၊ ပြီးတော့ တခြားသန်စွမ်းတဲ့ လူငယ်တွေအတွက်ရော များစွာ အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒေသမှာက သင်တန်းရှားတယ်။ ပြီးရင် ပညာသင်ယူရမယ့်နေရာ ရှားတယ်။ မြို့ကြီး ပြကြီးကို သွားဖို့အတွက် ငွေရေးကြေးရေး အခက်အခဲရှိတယ်။ သွားမယ်ဆိုရင်တောင် အဆက်အသွယ်တွေ နေဖို့ထိုင်ဖို့ကအစ အခက်အခဲတွေရှိတော့ ကိုယ့်ဒေသမှာတင် ဒီလို လူငယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတာရှိတော့ ကျွန်တော်အတွက်ရော၊ ဒေသခံ လူငယ်တွေအတွက်ပါ လက်လှမ်းမှီနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်"
ယခင်က ဂေဟာအတွက် စေတနာရှင်တွေရဲ့ ကူညီမှုတွေရခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပြည်သူတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတာကြောင့် ဂေဟာ အတွက်လည်း တခြားဒေသက အကူအညီတွေ မရှိသလောက်ဖြစ်လာခဲ့ပါတယ်။
စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း မသန်စွမ်းတွေအရေးအတွက် ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဂေဟာ တည်ထောင်သူ မိုင်းမိုင်က ပြောပါတယ်။
ဒေသအတွင်း မသန်စွမ်းအဖွဲ့အစည်းတွေ ပြုစုထားတဲ့စာရင်းအရ ရှမ်းပြည်နယ်အတွင်းမှာ မသန်စွမ်းဦးရေ နှစ်သိန်းနှစ်သောင်းကျော် ရှိပါတယ်။
အဲဒီထဲမှာ အမြင်အာရုံမသန်စွမ်းသူ တစ်သိန်းကျော်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုးသောင်း ကျော်၊ အကြားအာရုံ မသန်စွမ်းသူ ကိုးထောင်ဝန်းကျင်နဲ့ ဉာဏ်ရည်မသန်စွမ်းသူ တစ်သောင်း ဝန်းကျင် ရှိပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ မသန်စွမ်းတွေများပေမယ့် မသန်စွမ်းဂေဟာတွေကတော့ လက်ချိုးရေလောက်အောင် ရှားပါးသလို ကပ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲကြားမှာ မသန်စွမ်းတွေရဲ့ ဘဝရပ်တည်နိုင်ရေးဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေကလည်း နည်းနေသေးတယ်လို့ မသန်စွမ်းအရေး ဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။