စစ်ရေးပဋိပက္ခတွေအောက်က ကြေမွသွားတဲ့ဘဝများ
ကချင်ပြည်နယ်မှာ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သားတွေ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးတဲ့ ဖြစ်ရပ်တွေက အဆက်မပြတ် ရှိနေပါတယ်။
-
RFA Burmese
2023-07-20 -
-
-
ပြည်တွင်းစစ်ဒဏ် နှစ်ရှည်ခံနေရတဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ၊ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သားတွေ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးတဲ့ ဖြစ်ရပ်တွေက အဆက်မပြတ် ရှိနေပါတယ်။
အဲဒီအထဲမှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ရွာမှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်လွန်းညွှယ်လည်း အပါအဝင်ပါ။
"တော၊ တောင်တွေမှာ ရှာဖွေစားသောက်တဲ့သူလည်း မသွားရဲ၊ မလာရဲကြတော့ဘူး အဲလိုတွေ ဖြစ်သွားပြီဆိုရင်"
သူ့အသက် ၁၃ နှစ်အရွယ် ၁၉၇၈ ခုနှစ်မှာ စစ်တပ်ရဲ့ ခမရ ၂၉ က ပေါ်တာဆွဲတာခံရလို့ ပစ္စည်းသယ်ရင်း ချီဖွေမြို့အလွန်မှာ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်နဲ့ ဘယ်ဘက်မျက်လုံးကို ဆုံးရှုံးလိုက်ရပါတယ်။
သူ့ဒဏ်ရာတွေကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ခြောက်နှစ်လောက်ကြာအောင် ကုခဲ့ရတယ်လို့ ဒေါ်လွန်းညွှယ်က ပြောပြပါတယ်။
“ခြေထောက်ထိသွားတယ်၊ မျက်စိထိသွားတယ်၊ လက်တွေထိသွားတယ် အဲလိုမျိုး လက်တွေလည်း အာရုံကြောတွေ ပြတ်သွားတာပေါ့။ ခြေထောက်က တစ်ဖက်ကပြတ်သွားတယ် ဒီတစ်ဖက်က ဆရာဝန်က ဖြတ်ပေးမယ်ပြောတာ မဖြတ်ပါနဲ့လို့ ကျွန်မ ခေါင်းပဲခါပြတာနဲ့ မဖြတ်ပစ်ဘူး အဲဒါ ပြန်ကောင်းလာတာ။ ကျွန်မက မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာကို ခြောက်နှစ်လောက် ကြာခဲ့တယ်။ ငယ်သေးတဲ့အခါကျတော့ ဖြတ်ထားတဲ့ အရိုးတွေ ပြန်ပြန်ရှည်လာတဲ့အခါကျတော့ ပြန်ပြန်ဖြတ်နေရတယ်။ တစ်နှစ်တစ်ခါ ပုံမှန် ပြန်ဖြတ်ရတယ်။ ၂၅ နှစ်ပြည့်မှပဲ ဒီအရိုးက ပြန်မရှည်လာတော့ဘူး။ အရိုးရှည်လာပြီဆိုရင် ခြေထောက်က စည်းလို့မရတော့ဘူး လမ်းလျှောက်လို့ မရတော့ဘူး အဲလိုမျိုးဖြစ်တာ။ အဲဒါဆို ပြန်ဖြတ်ပြီးမှ ပြန်စည်းလို့ရတာ”
သူ့ငယ်ဘဝဟာ ဆေးရုံမှာပဲ အချိန်ကုန်ခဲ့ရတာကြောင့် အတန်းပညာလည်း ဖြစ်ဖြစ်မြောက်မြောက် မသင်လိုက်ရတော့ဘူးလို့ ပြောပြပါတယ်။
ဒေါ်လွန်းညွှယ်လိုပဲ အသက် ၄၀ အရွယ် ဦးဒေါင်ဇောင်းလည်း ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ၁၁ လပိုင်းက ဝူယန်ရွာနားမှာ တောင်ယာခုတ်သွားရင်း မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတာပါ။
ဒါကြောင့် မိသားစုကို လောက်လောက်ငှငှ ဝင်ငွေရအောင် မရှာပေးနိုင်တော့လို့ ဝမ်းနည်းရတယ်လို့ ဦးဒေါင်ဇောင်းက ပြောပါတယ်။
“ဒီလိုမဖြစ်ရင် ကျွန်တော် အလုပ်တွေ ဘာတွေလုပ်ပြီးတော့ မိသားစုကို ကောင်းကောင်းမွန်မွန်နဲ့ ရှာကျွေးနိုင်မယ်လို့ စိတ်ကူးထားတာ ဟုတ်တယ်။ အခုက ဒီလိုဖြစ်သွားပြီဆိုတော့ ဘာမှမလုပ်ဘဲနဲ့ နေ့စားသွားလို့လည်းမရ ဟိုဘက်၊ ဒီဘက်သွားလို့လည်းမရ အဲလိုဖြစ်နေတယ်။ အမျိုးသမီးလည်း ကျွန်တော်နဲ့ အတူမနေနိုင်ဘူးပေါ့ ပြောမယ်ဆို ဆင်းရဲလို့ပေါ့နော် သူက ပိုက်ဆံရှာထွက်သွားတာ။ စာမတတ်ရင်လည်း လယ်ထွန်ပြီးတော့ သမီးတွေကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးနိုင်တာပေါ့။ အခုက ဒီလိုဖြစ်သွားပြီဆိုတော့ သမီးတွေကိုလည်း ကောင်းကောင်းမွန်မွန် သူများစားသလို၊ သူများကျောင်းသွားသလို ကောင်းကောင်းမွန်မွန် သွားလို့မရဘူးပေါ့ အဲလိုဖြစ်နေတယ်”
မိုင်းအစတွေဟာ ဦးဒေါင်ဇောင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေပြီး ရာသီပြောင်းတဲ့အချိန်တွေဆိုရင် ကိုက်ခဲနာကျင်နေတတ်ပါတယ်။
ဦးဒေါင်ဇောင်း နင်းမိခဲ့တဲ့မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာ ၁၀ နှစ်ကျော်ကြာတဲ့ ဒီကနေ့အထိ မသိရသေးဘူးလို့ ပြောပါတယ်။ အရပ်သားတွေလုပ်ကိုင်စားသောက်နေတဲ့တောင်ယာတွေနဲ့ ရွာနားတွေမှာ မိုင်းထောင်တာဟာ လူမဆန်တဲ့လုပ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့လိုပဲ အသက် ၂၀ အရွယ် ကိုနော်ဘ ကတော့ ၂၀၂၀ ခုနှစ်က တောထဲဟင်းစားရှာထွက်ရင်း တူမီးနဲ့အပစ်ခံရလို့ ခြေတစ်ဖက် ဆုံးရှုံးထားပါတယ်။
အရင်ကတော့ ကိုနော်ဘဟာ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေမှာ ရေမဆေးလုပ်ကိုင်ခဲ့လို့ စားဝတ်နေရေး အဆင်ပြေခဲ့ပေမယ့် ခြေတစ်ဖက် ဆုံးလိုက်ရတဲ့နောက်မှာတော့ သူ့ဘဝပြောင်းပြန် ဖြစ်သွားတယ်လို့ ကိုနော်ဘက ပြောပါတယ်။
“ခြေထောက် မပြတ်ခင်တုန်းကတော့ သွားချင်တဲ့နေရာလည်း တစ်ခါတည်း သွားလို့ရတာပေါ့ လုပ်ချင်တာတွေလည်း အားလုံးလုပ်လို့ရတယ်။ အခုဒီလို ဖြစ်သွားတော့ ကိုယ်ကလည်း အသက်အရွယ် ငယ်သေးတယ် ဆိုတော့ အခုက အစကနေ ဘယ်လိုလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး။ အတိအကျ ရည်ရွယ်ချက်တွေ ပျောက်နေသလိုဖြစ်နေတယ်”
ကိုနော်ဘမှာ အသက် ၇၀ ကျော် အရွယ်မိဘတွေရှိပြီး တစ်ခါတလေဆိုရင် ပိုက်ဆံမရှိလို့ ထမင်းမစားရတဲ့ ရက်တွေလည်းရှိခဲ့တယ်လို့ သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ ကုန်ဈေးနှုန်းတက်တာတွေကြောင့် မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ သာမန်ကိုယ်လက်အင်္ဂါစုံတဲ့ လူကောင်းတွေထက် စားဝတ်နေရေး ပိုခက်ရတယ်လို့ တွဲလက်မေတ္တာ ပရဟိတအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုယ်အင်္ဂါမစုံတော့လို့ အလုပ်ခိုင်းမယ့်သူမရှိ၊ ဝင်ငွေမရှိတဲ့ရက်တွေမှာ ထမင်းအစား ဆန်ပြုတ် သောက်နေကြရတယ်လို့ တွဲလက်မေတ္တာ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဒေါင်ဇောင်းက ပြောပါတယ်။
“နိုင်ငံကြီး အမြန်ငြိမ်းချမ်းဖို့ပေါ့နော် ကျွန်တော်တို့လည်း ဆုတောင်းပေးနေပါတယ်။ အထူးသဖြင့် ခက်ခဲနေတဲ့ကာလမှာ အစစအရာရာပေါ့ ဒီလို နိုင်ငံရေးမတည်ငြိမ်မှုတွေ ဒီလိုစစ်ပွဲတွေ ဖြစ်နေပြီဆိုတော့ သူတို့က ပိုပြီးမှ ရှာဖွေစားသောက်ဖို့အတွက် အဆင်မပြေတော့ဘူး အဲလိုမျိုး အခက်ခဲတွေ ဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း တော၊ တောင်တွေမှာ ရှာဖွေစားသောက်တဲ့သူလည်း မသွားရဲ၊ မလာရဲကြတော့ဘူး အဲလိုတွေ ဖြစ်သွားပြီဆိုရင်။ မိသားစု၊ ကိုယ့်ရဲ့ အိမ်ထောင်တွေ မှာလည်း အင်မတန်မှ အခက်ခဲတွေရှိသွားတယ်။ အားလုံးငြိမ်းချမ်းရေးတွေပဲ ဖြစ်စေချင်တယ်”
ဝိုင်းမော်မြို့နယ်တစ်ခုတည်းမှာတင် ဒီကာလအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ အရပ်သား အယောက် လေးဆယ်ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ဝိုင်းမော်မြို့နယ်၊ ဝူယန်ရွာမှာပဲ မိုင်းပေါက်ကွဲလို့ ၁၀ နှစ်အရွယ် ကလေးငယ် တစ်ယောက်သေဆုံးပြီး၊ နောက်ထပ်အရပ်သား နှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့် ဝိုင်းမော်ဒေသခံတွေကတော့ နိုင်ငံရေးအခြေအနေကောင်းပြီး အမြန်ဆုံး ငြိမ်းချမ်းရေးရချင်ပြီလို့ ပြောကြပါတယ်။