စားဝတ်နေရေးခက်ခဲလာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်များ
2022.01.31

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား စစ်ရေး ပဋိပက္ခတွေလည်း ပိုမိုတင်းမာလာနေပါတယ်။
အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်း နေရာအနှံ့အပြားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပိုမိုများပြားလာနေပါပြီ။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ကွတ်ခိုင်မြို့နယ်ကနေ မူဆယ်ကို သွားတဲ့လမ်းမှာ ရှိတဲ့ နမ့်ဖတ်ကာ KBC စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ဒေါ်ဆွမ်းလွတ်ရွယ်နူးဟာလည်း ၂၀၁၂ ခုနှစ်မှာ တိုက်ပွဲရှောင်ရင်း စစ်ဘေးရှောင် စခန်းကို ရောက်လာတာ ၁၀ နှစ် ရှိသွားပါပြီ။
"အခုရွာမှာကျတော့ မပြန်ဖူးဘူး ဒီရောက်ကတည်းက မပြန်ဖူးဘူး ကြောက်လို့လေ။ အိမ်ကပျက်သွားတယ် သူတို့ပြန်သွားတဲ့နောက် အန်တီတို့လည်း ဒီမှာပဲလာနေတယ်ဆိုတော့ ဘယ်သူမှ ပြန်မဆင်းဘူးဆိုတော့ အိမ်လည်း ပျက်သွားတယ် မီးရှို့လိုက်တယ် အခုက တောလိုလို ချုံကြီးပဲဖြစ်နေတယ်"
စားဝတ်နေရေး ပြေလည်ဖို့ အပြင်ထွက်ပြီး နေ့စားအလုပ်လုပ်ဖို့ အဆင်မပြေသလို ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် အထောက်အပံ့တွေလည်း အလုံအလောက် မရတော့ဘူးလို့ ဆိုပါတယ်။
"ဒီလိုမျိုး ရှုပ်ထွေးနေတယ်ဆိုတော့ စခန်းထဲကလူတွေက အပြင်မှာ နေ့စားဘာတွေပေါ့နော်၊ ထွက်ရှာလို့လည်း မရတော့ဘူး။ နေ့စားလည်း မခေါ်ဘူး။ အရင် လေးငါးနှစ်လောက် ကြားမှာကျတော့ လုံလောက်အောင် စားလို့ရတယ်။ သူများ ထောက်ပံ့တဲ့အတိုင်းပဲ လောက်အောင် စားနေတာ။ အခုကျတော့ နှစ်နှစ်လောက် ရှိပြီ၊ ရောဂါနဲ့ ဘာနဲ့ နိုင်ငံရေး ရှုပ်ထွေးတယ် ဆိုတော့၊ သွားသွားလာလာလည်း မလုပ်ရဘူး ဆိုတော့ အိမ်ထောင်စုမှာ သူများထောက်ပံ့တဲ့ဟာလည်း သိပ်မလောက်ဘူးပေါ့။ လူများတဲ့ လူက သိပ်မလောက်ဘူးပေါ့။ သူများ ထောက်ပံ့တဲ့ဟာကို အဲလိုမျိုး ချွေတာပြီးမှာ စားရတာပေါ့။ စားဝတ်နေရေးကတော့ အခု ဈေးနှုန်းတွေလည်း တက်နေတယ်ဆိုတော့ စားမလောက်ဘူး"
နေရပ်ကိုပြန်ချင်ပေမယ့် နိုင်ငံရေးအခြေအနေတွေနဲ့ လုံခြုံရေး အာမခံချက် မရှိတာတွေကြောင့် နေအိမ်နဲ့ အလှမ်းဝေးနေရဦးမယ်လို့လည်း ဆက်ပြောပါတယ်။
"ကိုယ့်ရွာကိုယ့်ဒေသဆိုတော့ ပြန်ချင်တာပေါ့။ ဒါပေမယ်လည်း ဒီနိုင်ငံမှာ ရှုပ်နေတယ်ဆိုရင်တော့ မပြန်ရဲဘူးပေါ့။ သက်သေခံတဲ့လူ မရှိဘူးဆိုရင်တော့ မပြန်ရဲဘူးပေါ့။ ကိုယ့်ဒေသ ပြန်ဖို့ကျတော့ အန်တီအနေနဲ့ကျတော့ မဖြစ်ဘူး။ ငြိမ်းချမ်းမှပြန်လို့ရမယ်၊ မငြိမ်းချမ်းရင် ပြန်လို့မရဘူး အန်တီ့စိတ်ထဲမှာ"
မိသားစုဝင် ၇ ဦးရှိပြီး စစ်ဘေးရှောင် လူငယ်တစ်ဦးဖြစ်တဲ့ ကိုနော်ရိန်ဟာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း နေ့စား တောင်ယာလုပ်ငန်း လုပ်ကိုင်ရာမှာ လုံခြုံမှု မရှိတော့ဘူးလို့ သူ့ရဲ့ အခက်အခဲကို ပြောပြပါတယ်။
"နေ့စားတို့ ဘာတို့၊ တောမှာတောင်ယာ လုပ်တာတို့၊ ကျနော်တို့ကျတော့ နည်းနည်း လုံခြုံမှုရှိတယ်။ နောက်ပိုင်းကျတော့ နိုင်ငံရေး အဆင်မပြေတာတို့ ဖြစ်သွားတော့ ကျနော်တို့ ဒီစစ်ရှောင်စခန်းတွေက တောထဲမှာ တောင်ယာ သွားလုပ်ဖို့လည်း အဆင်မပြေဘူး။ နေ့စား သွားလုပ်တဲ့အချိန်မှာ ကျနော်တို့စိတ်က လုံခြုံမှု မရှိတော့ဘူး"
နေရပ်ကိုပြန်ချင်ပေမယ့်လည်း နိုင်ငံရေးအခြေအနေက လုံခြုံမှုမရှိတဲ့ အနေအထားတွေကြောင့် ပြန်ဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကာလကတည်းက ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KIA၊ TNLA နဲ့ RCSS/SSA တပ်တွေနဲ့ တပ်မတော်တို့အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်လာပြီး ဒေသတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ကြားမှာလည်း နယ်မြေ၊ နယ်နိမိတ် အငြင်းပွားမှုတွေကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

စစ်ရေးတင်းမာမှု မကြာခနဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေ ပိုဆိုးလာတယ်လို့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ မမိုင်းမိုင်က ပြောပါတယ်။
“ပိုဆိုးသွားတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော်နဲ့ဖြစ်တဲ့ စစ်ရှောင်တွေ ရှိသလို တိုင်းရင်းသား အချင်းချင်းဖြစ်တဲ့ စစ်ရှောင်တွေလည်း ရှိနေဆဲပေါ့နော်။ စစ်ရှောင်တွေကတော့ အိမ်ဦးနဲ့ ကြမ်းပြင်လို ပြေးလိုက်ပြန်သွားလိုက်နဲ့ တောက်လျှောက်ရှိနေတုန်းပဲရှိသေးတယ်"
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ဘေးဒုက္ခသည်တွေ အတော်များများ ရှိလာခဲ့ပြီး ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေကိုလည်း လမ်းဖွင့်ပေးဖို့ လိုတယ်လို့ မမိုင်းမိုင်က ဆက်ပြောပါတယ်။
"စစ်ရှောင်အရေးလို့ ပြောတဲ့အခါမှာ ကျမတို့က ပြောရမယ်ဆိုရင် အခုချိန်မှာ ကျမတို့ပဲ နာနေတယ်လို့ ပြောလို့မရဘူးပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးကလည်း စစ်ဘေးရှောင်တွေ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ စာနာထောက်ထားမှုအရပဲ ဖြစ်ဖြစ်၊ တခုရှိတယ်ဆိုရင် ဝေမျှစားရမယ့်အခြေအနေ ဖြစ်နေတယ်။နိုင်ငံတကာ အလှူရှင်တွေကိုပဲ အားကိုးနေလို့ မရဘူး။ ကိုယ့်အားကိုယ်ကိုးရမယ့် အနေအထား ရောက်သွားပြီးပေါ့နော်။ အဲဒီအပြင် မတရား အာဏာသိမ်းတဲ့ကာလမှာဆိုရင် ကျမတို့အချင်းချင်း လူသားဆန်ဖို့ ကူညီနိုင်ဖို့အတွက် လမ်းဖွင့်ပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို သက်ဆိုင်တဲ့သူတွေ အကုန်လုံးကို တောင်းဆိုချင်ပါတယ်”
ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုရှိပြီး ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေနဲ့ အာဏာသိမ်းမှုနောက်ပိုင်း အလုပ်လုပ်ရာမှာ လုံခြုံမှု မရှိတော့တာကြောင့် စားဝတ်နေရေး ခက်ခဲလာရတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တော်တော်များများ ရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။