ICJ ကြားနာပွဲ ဂမ်ဘီယာဘက်က တင်ပြချက်များ


2019.12.10


နယ်သာလန်နိုင်ငံ The Hague မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဒီနေ့ ဒေသစံတော်ချိန် မနက် ၁ဝ နာရီက ဂမ်ဘီယာနိုင်ငံဘက်က စွဲချက်ကို တရားရုံးက စတင်ကြားနာခဲ့ပါတယ်။

ဒီလိုကြားနာရာမှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးရာ ဝန်ကြီးနဲ့ ရှေ့နေချုပ်ဖြစ်သူ အဘူဘေကာ တမ်ဘာဒူက ... " ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေရဲ့အရေးကို ကြားဝင်ဆောင်ရွက်ရတာဟာ လူသားထုတရပ်အနေနဲ့ ကိုယ်ကျင့်သိက္ခာကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ တရားစွဲရတာဖြစ်တယ်"လို့ ပြောပါတယ်။

"ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားရုံးတော်ကို တောင်းဆိုလိုတာက ဒီအသိတရားကင်းမဲ့တဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်ရေး ပြောကြားပေးဖို့ဖြစ်ပါတယ်။ ကျနော်တို့ ယဉ်ကျေးတဲ့လူသားတွေရဲ့ အသိစိတ်နဲ့ ကိုယ်ကျင့်တရားကို တုန်လှုပ်ခြောက်ခြားစေတဲ့ လူရိုင်းဆန် ရက်စက်ကြမ်းကြုတ်မှုတွေကနေ ရပ်တန့်ပေးဖို့ ပြောကြားပေးဖို့ ဖြစ်ပါတယ်"
လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောသွားပါတယ်။

ဂမ်ဘီယာတရားရေးဝန်ကြီးအပြီးမှာ ပါမောက္ခ အခါဘမ်က အလှည့်ကျ အမှုကို တင်သွင်းပါတယ်။ ဒီလို တင်သွင်းရာမှာ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် သမိုင်းနဲ့ချီပြီး ဖိနှိပ်ကန့်သတ်ခဲ့မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေရှိခဲ့တဲ့အကြောင်းကို ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်လက်ရှာဖွေရေး မစ်ရှင်အဖွဲ့ FFM ရဲ့ အစီရင်ခံစာပါတွေ့ရှိချက်တွေ၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာတွေကို အခြေခံပြီး တင်ပြခဲ့ပါတယ်။

" ဒီနေ့ကျနော်တို့ တရားရုံးရှေ့ရောက်ရှိလာတာဟာ ရိုဟင်ဂျာတွေကို အချိန်မီကယ်ဆယ်နိုင်သေးတဲ့အတွက် တရားရုံးမှာ အပ်နှင်းထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အကာကွယ်ပေးရေး အာဏာအရ မြန်မာအာဏာပိုင်တွေရဲ့ လက်ထဲမှာ လူမျိုးတခုလုံး ဖျက်ဆီးခံရမယ့် အန္တရာယ်က ဝင်ရောက်တားဆီးပေးဖို့ တင်ပြဖို့ ရောက်ရှိလာတာဖြစ်ပါတယ်" လို့ ဂမ်ဘီယာဘက်က ဥပဒေရေးရာကျွမ်းကျင်သူတဦးဖြစ်တဲ့ ပါမောက္ခ အခါဘမ်က ပြောပါတယ်။

အဲဒီနောက် ဂမ်ဘီယာဥပဒေကျွမ်းကျင်သူ နောက်တဦးဖြစ်တဲ့ ရှေ့နေ လိုဝင်းစတိုင်းက  မြန်မာလူမျိုးတွေက ရိုဟင်ဂျာတွေအပေါ် အမုန်းစကားဖြန့်ဝေမှု၊ တားမြစ်ခြင်းမရှိမှု၊ အစိုးရအဖွဲ့အစည်းတွေကအစ အမုန်းတရားဖြန့်ဝေမှုတွေရှိကြောင်း တင်ပြပါတယ်။  

မြန်မာ့တပ်မတော်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ကြောင်း သက်သေအထောက်အထားတွေအဖြစ် ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်ဒေသက ကျေးရွာ ၃ ရွာမှာ ကျူးလွန်ခဲ့တယ်လို့ FFM အစီရင်ခံစာမှာ ဖော်ပြထားတဲ့အချက်တွေကို မြေပုံ၊ဓာတ်ပုံ၊ အထောက်အထားတွေနဲ့ တင်ပြပါတယ်။   

မြန်မာအစိုးရအနေနဲ့ သက်သေအထောက်ထားတွေနဲ့ အရေးယူပေးဖို့ တင်ပြခဲ့ပေမယ့် အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း မောင်တောခရိုင်က မင်းကြီးကျေးရွာ၊ မောင်နုကျေးရွာနဲ့ ရသေ့တောင်က ချွတ်ပြင်ကျေးရွာတွေမှာ ရိုဟင်ဂျာမွတ်စလင်တွေ ရာနဲ့ချီအသတ်ခံခဲ့ရကြောင်း မျက်မြင်သက်သေ ထွက်ဆိုချက်တွေနဲ့ အတူ တင်ပြခဲ့ပါတယ်။

မစ္စတာလိုဝင်းစတိုင်းအပြီးမှာ Folay Hoag က ရှေ့နေ ပေါရိုက်ခလာနဲ့ တခြားရှေ့နေတွေကို စွဲချက် အဆင့်ဆင့်ကို တင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။