အမှိုက်ကနေ ရွှေဖြစ်အောင်ဖန်တီးနေတဲ့ဇနီးမောင်နှံ

RFA Burmese
2023.11.30
အမှိုက်ကနေ ရွှေဖြစ်အောင်ဖန်တီးနေတဲ့ဇနီးမောင်နှံ စွန့်ပစ်ပုလင်းခွံ၊ ပုလင်းဖုံး၊ သစ်ကိုင်းခြောက်တွေဖြင့် အိမ်အလှဆင် အသုံးအဆောင်ပစ္စည်းမျိုးစုံရောင်းချသည့် "ဂင်္ဂါ" အမည်ရှိ Recycle လက်မှုအနုပညာပစ္စည်းဆိုင်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အသုံးမဝင်တော့ဘူးထင်တဲ့ ပုလင်းခွံ၊ အုန်းမှုတ်ခွက်၊ သစ်တိုသစ်စတွေဟာ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီစွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးမြင့်တဲ့ အိမ်အလှဆင်ပစ္စည်းတွေအဖြစ် ရန်ကုန်မြို့က ဇနီးမောင်နှံနှစ်ယောက်က ဖန်တီးထုတ်လုပ် ရောင်းချနေပါတယ်။

အခုမြင်နေရတဲ့ အိမ်အလှဆင် အသုံးအဆောင်ပစ္စည်းမျိုးစုံကို ကိုစိုးမိုးနဲ့ မကေသွယ်ဆိုတဲ့ ဇနီးမောင်နှံက ဖန်တီးပြုလုပ်ထားတာပါ။ အော်ဒါပစ္စည်းတချို့ကလွဲလို့ အားလုံးက စွန့်ပစ်ပုလင်းခွံတွေ၊ ပုလင်းဖုံးတွေ၊ သစ်ကိုင်းခြောက်တွေကိုသုံးထားတာလို့ အသက် ၄၈ နှစ်အရွယ် ကိုစိုးမိုးက ပြောပါတယ်။

"ကျွန်တော့်ရဲ့ ထုတ်ကုန်တော်တော်များများက အကောင်းမပါဘူး။ အမှိုက်တွေပဲ များတယ်။ ပုလင်းပါမယ်၊ ထင်းဖြစ်မယ့် သစ်ကိုင်းခြောက်တွေပါမယ်၊ ထင်းဖြစ်မယ့် သစ်သားတုံးလေးပါမယ်၊ အဲဒါမျိုးတွေပေါ့နော်။ အဲဒါမျိုးတွေနဲ့ ပေါင်းစပ်ပြီးတော့ စောစောကပြောသလို သဘာဝပတ်ဝန်းကျင်ကို နှမ်းတစ်စေ့လောက်ပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ လုပ်တာပေါ့နော်"

သူတို့ဇနီးမောင်နှံဟာ အရင်ကတော့ ခရီးသွားလုပ်ငန်းလုပ်ခဲ့ကြတာပါ။ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါဖြစ်တော့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီတော့ ကိုစိုးမိုးတစ်ယောက် အိမ်မှာနေရင်း စွန့်ပစ်ဖန်ပုလင်းတစ်လုံးကို ဖြတ်တောက်၊ မီးအိမ်တစ်ခုကိုဖန်တီးပြီး သူ့ဇနီးကို လက်ဆောင်ပေးရာကနေ အစပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအလုပ်ကို စလုပ်တုန်းကတော့ YouTube နဲ့ ဆိုရှယ်မီဒီယာမျိုးစုံမှာ မျှဝေထားတဲ့ လုပ်နည်းတွေကို လေ့လာပြီး လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ကျွမ်းကျင်မှုမရှိခဲ့လို့ အမှားတွေ၊ ဆုံးရှုံးတာတွေနဲ့ အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

"မျိုးဆက်သစ်တွေကို အမှိုက်လျှော့ချပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ အသိပညာပေါ့နော်၊ အဲဒါလေးကို အဓိကပေးချင်လို့ အစ်မတို့က ဒီလုပ်ငန်းထဲကို ရှင်းရှင်းပြောရင်တော့ ခြေစုံပစ်ပြီးတော့ ဝင်လိုက်တာပေါ့နော်"

အခုတော့ သူတို့ရဲ့တစ်ဦးတည်းသောသား အသက် ၁၃ နှစ်အရွယ် “ဂင်္ဂါ” ရဲ့နာမည်နဲ့ Recycle လက်မှုအနုပညာပစ္စည်းဆိုင်တစ်ဆိုင်ကို ရန်ကုန်၊ လှည်းတန်းလမ်းဆုံနား မင်္ဂလာလမ်းက မြေညီထပ်တိုက်ခန်းတစ်ခန်းမှာ ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။

"ဒီရုံးခန်းကြီးပိတ်ထားတဲ့အချိန်မှာ အစ်မတို့က ဒါလေးကို အစပြုပြီးတော့ ဒီဆိုင်ခန်းလေး ဖြစ်လာတယ်ပေါ့နော်။ သားသားမွေးနေ့ကိုလည်း မွေးနေ့လက်ဆောင် လေး ဒါမျိုးလေးလုပ်ပေးမယ်။ ပြီးတော့ မွေးနေ့လက်ဆောင်ပေးမယ်ဆိုတာ ကိုယ်လည်းကြိုက်လို့ ဖန်တီးတာတစ်ခု၊ ညစ်ညမ်းမှုတွေ လျှော့ချတဲ့ဟာလည်း တစ်ခု၊ နောက် တစ်ခုက သားသားတို့က ငယ်သေးတယ်။ အဲဒီအချိန်မှာ ဆယ်နှစ်ဆိုတော့ ဒီမျိုးဆက်သစ်တွေကို အမှိုက်လျှော့ချပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ အသိပညာပေါ့နော်၊ အဲဒါလေးကို အဓိကပေးချင်လို့ အစ်မတို့က ဒီလုပ်ငန်းထဲကို ရှင်းရှင်းပြောရင်တော့ ခြေစုံပစ်ပြီးတော့ ဝင်လိုက်တာပေါ့နော်"

စလုပ်တုန်းက ဖန်ခွက်တို့ မီးအိမ်တို့လောက်ပဲ လုပ်ခဲ့ပေမယ့် အခုတော့ မီးဆိုင်းတွေ အပါအဝင် အမျိုးအစားတစ်ရာကျော်လောက် ဖန်တီးနေပါပြီ။ Recycle လို့ခေါ်တဲ့ ပြန်သုံးလို့ရတဲ့ပစ္စည်း မြတ်နိုးတဲ့သူတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေက ဝယ်ကြသလို အော်ဒါအမှာတွေလည်း ရှိနေပြီလို့ ပြောပြပါတယ်။

"ဒါဆို Wind Chime (လေတိုက်ရင် မြည်တဲ့အိမ်ရှေ့အလှဆင်ပစ္စည်း) လေးပါ။ သူက လေတိုက်တဲ့အနားထားရင် ဒီလိုတော့ မြည်မှာပေါ့နော်။ ဒါတွေဆိုရင် ကျွန်တော် အခု ဘီယာကုမ္ပဏီတစ်ခုနဲ့ အော်ဒါတွေ ရထားတယ်ပေါ့နော်။ သူတို့ထုတ်ကုန်၊ သူတို့ပုလင်းနဲ့ပဲ ထုတ်ကုန်လေးတွေ လုပ်ပေးရတယ်။ ဒါသူတို့ကုမ္ပဏီအတွက် ပြင်ဆင်ထားတဲ့ တိုးလိုးတွဲလောင်းလေးတွေပါ"

အရင်ကတော့ ကုန်ကြမ်းအတွက် ပုလင်းခွံတွေကိုလိုက်ပြီးစုဆောင်းရပေမယ့် လူသိများလာတဲ့ နောက်မှာတော့ ရင်းနှီးတဲ့စားသောက်ဆိုင်တွေ၊ ဝိုင်ကုမ္ပဏီတွေနဲ့ သံရုံးတွေဆီကနေ အခမဲ့ ရလာတယ်လို့ ပြောပါတယ်။

သစ်သားချောင်းတွေနဲ့ အသုံးအဆောင်တွေကိုတော့ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အမှိုက်ပုံတွေကနေ ရခဲ့တာလို့ မကေသွယ်က ပြောပြပါတယ်။

"ရုတ်တရက်ကြည့်လိုက်ရင်တော့ ဟာ.. ဒီ Table Lamp (ဒီစားပွဲတင်မီးအိမ်) လေး လှလိုက်တာ။ တကယ်တမ်းကျတော့ ဒီသစ်ကိုင်းခြောက်ဆိုတာလည်း ခုတ်ပြီးတော့ စည်ပင်ကပစ်လိုက်တဲ့ သစ်ကိုင်းခြောက်၊ ဒီသစ်သားတုံးဆိုတာလည်း ဘာပဲပြောပြော သစ်ဆိုင်မှာ သူတို့ ထင်းအနေနဲ့ ဖယ်ထားတဲ့ဟာပေါ့နော်။ ဒီဖန်ပုလင်းဆိုတာလည်း ပစ်လိုက်တဲ့ ဖန်ပုလင်းတစ်ခုကို ဖြတ်တောက်ပြီးတော့ သူ့ရဲ့ life ကို ဒီလိုမျိုး ပြောင်းပြီးတော့ လှတဲ့ထုတ်ကုန်တစ်ခုကို ဖန်တီးတဲ့အတွက်ကြောင့် ဒီအမှိုက်တွေကို အမှိုက်ပုံကြီးမှာထားမလား။ ပစ္စည်းလေးတွေ လှပတဲ့ အသုံးအဆောင်လေးတွေ ထုတ်လို့ရမယ်ဆိုတဲ့ဘက်ကိုပဲ အစ်မတို့က အမြဲတမ်းစဉ်းစားပြီးတော့ ထုတ်ကုန်တွေကို ထုတ်ဖြစ်တာပါ"

သူတို့မှာ ပြီးခဲ့တဲ့ တစ်လလောက်ကမှဝင်လာတဲ့ ကိုရွှေခဲဆိုတဲ့ လူငယ်အလုပ်သမား တစ်ယောက် ရှိပါတယ်။ အခုတော့ သူ့ကိုသင်ပေးထားတဲ့အတွက် ဖန်ထည်အချောကိုင်တဲ့ အပိုင်းမှာ ကျွမ်းကျင်နေပါပြီ။

"လက်မှုပညာတစ်ခုဆိုတော့လေ ကိုယ့်အတွက်တော့ကောင်းတာပေါ့။ ဒီလိုမျိုး ဒီပညာလေးတတ်သွားရင်တော့ ပြောမယ်ဆိုရင် ကိုယ့်အတွက် ထမင်းစားလက်မှတ် ရတာမျိုးပေါ့။ စိတ်လည်းဝင်စားပါတယ်။ ကိုယ်တိုင် ဖန်တီးထားတဲ့ဟာကို မြင်လိုက်ရတဲ့ခံစားချက်ကတော့ ဝမ်းသာပါတယ်။ ကိုယ်လုပ်လိုက်လို့ ကောင်းတဲ့အရာဝတ္ထုတစ်ခုထွက်လာတော့ ကိုယ်လည်းဝမ်းသာရတာပေါ့"

စွန့်ပစ်ပုလင်းခွံ၊ ပုလင်းဖုံး၊ သစ်ကိုင်းခြောက်တွေဖြင့် အိမ်အလှဆင် အသုံးအဆောင်ပစ္စည်းမျိုးစုံ ဖန်တီးပြုလုပ်သူ ကိုစိုးမိုးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စွန့်ပစ်ပုလင်းခွံ၊ ပုလင်းဖုံး၊ သစ်ကိုင်းခြောက်တွေဖြင့် အိမ်အလှဆင် အသုံးအဆောင်ပစ္စည်းမျိုးစုံ ဖန်တီးပြုလုပ်သူ ကိုစိုးမိုးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်မှုထည်တွေက ပစ္စည်းပေါ်မူတည်ပြီး အများဆုံး တစ်ပတ်လောက်အထိ အချိန်ပေး ဖန်တီးရတာတွေလည်း ရှိပါတယ်။ အဓိကတော့ ထုတ်ကုန်ထက် ဖန်တီးမှုကို ရောင်းချတာဖြစ်ပြီး ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး ကျပ်သုံးထောင်ကနေ အမြင့်ဆုံး ကျပ်လေးသိန်းအထက်မှာရှိတယ်လို့ ဆိုပါတယ်။

လုပ်အားကိုပါမက နှလုံးသားပါထည့်ပြီးဖန်တီးရတာဖြစ်လို့ ငွေကြေးနဲ့တန်ဖိုးဖြတ် ရောင်းချရတဲ့အခါမှာ ခံစားရတယ်လို့ ကိုစိုးမိုးက ပြောပါတယ်။

"ကိုယ့်သားသမီးတစ်ယောက်ကို သူများကို မွေးစားဖို့ ပေးလိုက်သလိုခံစားရတယ်။ ဒါတွေက တကယ်ကြိုက်လို့ လုပ်ထားတဲ့ဟာတွေ။ စိတ်ထဲမှာ စပြောခဲ့သလိုပေါ့နော်။ ကိုယ်ကြိုက်လို့ လုပ်ထားတာမှန်သမျှကို သူများကို ရောင်းရတယ်။ တစ်ခါတလေလေ ပိုက်ဆံတောင် မလိုချင်ဘူး။ အဲပစ္စည်းပဲ ကျွန်တော် ထိုင်ကြည့်နေချင်တယ်။ အဲလို ဒါလေးတွေကြည့်ရတာကို စိတ်ချမ်းသာနေတာ"

ဒီ Recycle လက်မှုအနုပညာပစ္စည်းဆိုင်က သူ့သားအတွက် မွေးနေ့လက်ဆောင်ဆိုင် ဖြစ်တဲ့အတွက် မပျောက်ပျက်အောင် ရှေ့ဆက်ထိန်းသိမ်းသွားမှာဖြစ်သလို တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တတ်နိုင်သမျှပါဝင်ဖို့ ဇောက်ချလုပ်ကိုင်သွားမယ်လို့ ကိုစိုးမိုးက ဆုံးဖြတ်ထားပါတယ်။

တကယ်လို့ ခရီးသွားလုပ်ငန်းတွေပြန်ဖွံ့ဖြိုးလာရင်တောင် သူ့ဇနီးကိုပဲလုပ်ခိုင်းပြီး သူကတော့ ဒီလုပ်ငန်းကိုပဲ ဆက်ပြီးတိုးချဲ့လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။