မဲဆောက်က မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတချို့မှာ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ

RFA Burmese
2025.02.13
မဲဆောက်က မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတချို့မှာ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကျောင်းတစ်ကျောင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းအနား မြင်ကွင်းတစ်ခု။
Photo: RFA

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတချို့မှာ ကျင်းပကြပါတယ်။

ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ယူလေးစားဖွယ်စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းကျောင်းသားတွေကို ပွဲစီစဉ်သူတွေက ပြောပြခဲ့ကြပါတယ်။

မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားတာပါ။ ပွဲစီစဉ်သူတွေက ဗိုလ်ချုပ်အောင်ဆန်းကြိုက်နှစ်သက်တဲ့ ပဲပြုတ်နဲ့နံပြား အလှူလုပ်ခဲ့ကြပါတယ်။

New Wave ရွှေ့ပြောင်းမြန်မာကျောင်းမှာ ပွဲစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ CDM ဝန်ထမ်းတစ်ဦးဖြစ်တဲ့ သမိုင်းသုတေသနဌာနက ညွှန်ကြားရေးမှူး ဒေါ်ထားထားပါ က…“ကိုယ်မွေးဖွားခဲ့တဲ့နိုင်ငံ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့နိုင်ငံကိုတော့ စိတ်ထဲမှာမမေ့ကြပါနဲ့။ ပဲပြုတ်နဲ့ နံပြားကို စားတိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ကျေးဇူး နောက် ငါတို့နိုင်ငံအတွက် ငါတို့စောင့်သိရမဲ့ နိုင်ငံသားရဲ့ကျင့်ဝတ်ကို ဒီကနေ့လာပြီးတော့ နှိုးဆော်ပေးတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

New Wave ကျောင်းမှာ မြန်မာရွှေ့ပြောင်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂ဝဝ နီးပါးရှိပြီး ဒေါ်ထားထားပါနဲ့ CDM ဝန်ထမ်းတွေစုပေါင်းပြီး ဒီပွဲကို စီစဉ်ကြတာဖြစ်ပါတယ်။

မဲဆောက်မြို့မှာ တည်ထောင်ထားတဲ့ အဝေးရောက် BG တဲကျောင်းလေးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်နေစိတ်ထား၊ အရည်အချင်းတွေကို အတုယူစေဖို့ ကလေးငယ်တွေကို ပြောပြဖြစ်တယ်လို့ BG တဲကျောင်းတည်ထောင်သူ ဦးညီညီက ပြောပါတယ်။

“အခုကျွန်တော်တို့လုပ်တဲ့နေရာမှာဆိုရင် ကလေးငယ်တွေက စစ်ဘေးရှောင်တွေပါ ပါတယ်။ ပြီးတော့ ရွှေ့ပြောင်းတွေလည်း ပါပါတယ်။ ဒီကလေးငယ်တွေကို ကျွန်တော်တို့က ဒီဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သိအောင်လို့ ပြီးရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမေစုပေါ့နော် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း သိအောင်လို့ ဗဟုသုတအနေနဲ့ သူတို့တွေ စံနမူနာထားဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်ဗျ’’


ဆက်နွှယ်သောသတင်းများ

လွတ်လပ်ရေးနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ

အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ နားခါးတဲ့ "အမေစု" အသုံးအနှုန်း

“သမိုင်းဝင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်”


အဝေးရောက် BG တဲကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာမ မယဉ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်တွေကို ကလေးတွေ သိအောင် တတ်နိုင်သလောက် သင်ပေးတယ်လို့ ပြောပါတယ်။ 

"သေချာတာက ဗိုလ်ချုပ်ပြောခဲ့သလိုပဲ ကျွန်မတို့ လမ်းဘေးမှာ ဆေးရိုးလှမ်းချင်တိုင်း လှမ်းလို့မရတဲ့ အရာတွေပေါ့နော်။ အဲဒါတွေကလေးတွေသိအောင်၊ စည်းစနစ်ကျအောင်လို့တော့ ကျွန်မတို့ စိတ်ဓာတ်လေးတွေထည့်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်’’

မြန်မာပြည်တွင်းမှာ စစ်တပ်အာဏာမသိမ်းခင်က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပဲပြုတ်နဲ့ နံပြား မျှဝေလှူဒါန်းတာတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက အခမ်းအနားတွေ တခမ်းတနားကျင်းပခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ရောက်နေတဲ့ လေးနှစ်အတွင်းမှာတော့ ဒီလိုအခြေအနေတွေ ပျောက်ကွယ်နေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။