အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ (ဖေဖော်ဝါရီ ၆ ရက်နေ့)
စစ်တပ်က အာဏာသိမ်းပြီး ခြောက်ရက်မြောက်နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ ပြည်သူအများအပြား လမ်းမပေါ်ထွက်ပြီးဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့လူအင်အားအများဆုံးဖြစ်ခဲ့ပြီး လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားက လူဦးရေ သောင်းနဲ့ချီ ဆန္ဒထွက်ပြခဲ့ကြတာပါ။ လုံခြုံရေးရဲတွေက အဓိကရုဏ်းဖြိုခွင်းရေး လက်နက်ကိရိယာတွေ အပြည့်အစုံနဲ့ ဆန္ဒပြသူတွေကို ပိတ်ဆို့ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေကို အားပေးထောက်ခံကြသူ တွေကလည်း လမ်းဘေးတဘက်တချက်မှာ အများအပြား ရှိကြပါတယ်။ ဆန္ဒပြသူတွေကို အစားအစာနဲ့ သောက်ရေတွေ ကူညီကြပါတယ်။ တားမြစ်ထားတဲ့ စည်းတွေကို ကျော်ပြီး ဆန္ဒမပြကြဖို့ ရဲတွေက အသိပေးခဲ့ပါတယ်။ လက်နက်ကိုင် လုံခြုံရေးတွေ အင်အားနဲ့ ချထားပေမယ့်လည်း ဆန္ဒပြသူတွေကတော့ နောက်မဆုတ်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ။
လမ်းမတွေပေါ်မှာ မော်တော်ယဉ်တွေကလည်း ဆန္ဒပြသူတွေကို ထောက်ခံတဲ့အနေနဲ့ ကားဟွန်းတွေတီးပြီး အားပေးကြသလို သယ်ယူပို့ဆောင်ရေး လုပ်နေကြတဲ့ အလုပ်သမားတွေကလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။
အထည်ချုပ်စက်ရုံက အမျိုးသမီးအလုပ်သမားတွေလည်း ရာနဲ့ချီ ဆန္ဒထွက်ပြခဲ့ကြပါတယ်။ ဆန္ဒပြသူ တွေနဲ့ရဲတွေ၊ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ညှိနှိုင်းမှုတွေလည်းရှိခဲ့ပါတယ်။ မနေ့က ဆန္ဒပြပွဲတွေကို ထိန်းချုပ်တဲ့အထဲမှာ လုံခြုံရေးရဲတွေအပြင် စစ်တပ် အရာရှိတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ ပစ်ခတ်နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေမရှိခဲ့ဘဲ ဆန္ဒပြမှုတွေ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ခဲ့ပါတယ်။
ည ၈ နာရီမှာတော့ အာဏာသိမ်းပြီးနောက်တစ်ရက်က စတင်ခဲ့တဲ့ သံပုံးတီးဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ပုံမှန်အတိုင်း ရှိခဲ့ပါတယ်။ အာဏာသိမ်းတဲ့နေ့ကစပြီး မြန်မာနိုင်ငံတဝန်းမှာ အင်တာနက်လိုင်းတွေ ကန့်သတ်ပိတ်ဆို့တာ ခံခဲ့ရပြီး မနေ့က ခြောက်ရက်မြောက်နေ့မှာတော့ အင်တာနက် ဆက်သွယ်မှုတွေအားလုံး ဖြတ်တောက်ခံခဲ့ရပါတယ်။
မနေ့က လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့အထဲမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တခြားမြို့ကြီး တော်တော်များများလည်း ပါဝင်ခဲ့ပါတယ်။