ချို့တဲ့သူတွေအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပညာဒါနကျောင်း
2023.10.09

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာရှိတဲ့ နံသာတောင် ပညာဒါနကျောင်းဟာ မောင်တောဒေသမှာ အကြီးဆုံး ပရဟိတကျောင်း တစ်ခုပါ။ ဒီကျောင်းမှာ ငါးတန်းကနေ ဆယ့်နှစ်တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၅၆၀ ခန့်ရှိပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၃၇ ဦးနဲ့ ပညာသင်ပေးနေတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။
ဒီကျောင်းကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစာရဏက စတင်တည်ထောင်ခဲ့တာပါ။
"ဒီနယ်စပ်ဒေသမှာ အလွန်တရာ ဆင်းရဲနွမ်းပါတယ်။ မိဘမဲ့ကလေးတွေရော၊ အတိဒုက္ခရောက်နေကြတဲ့ကလေးတွေ ဒီပညာရေးအဆင့်အတန်းမြင့်မားအောင် ဘုန်းဘုန်းတို့က ဒီနယ်စပ်ဒေသပညာဒါန ပရဟိတကျောင်းက ကမကထလုပ်ပြီးတော့ ကလေးတွေရဲ့ အနာဂတ်ဘဝ တိုးတက်လှပဖို့အတွက် ဘုန်းဘုန်းတို့က အဲဒီလို ရည်ရွယ်ချက်နဲ့ပဲ ဒီနယ်စပ်မှာ အတိဒုက္ခမဖြစ်အောင်ဆိုပြီးတော့ အဲလိုမျိုး ပညာသင်ကြားပေးလျက် ရှိပါတယ်"
ဒီပရဟိတကျောင်းမှာ တက်ရောက်ပညာသင်ကြားနေကြရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ မောင်တောဒေသအပြင် ဘူသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေက ရခိုင်နဲ့ မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ မြို၊ ဒိုင်းနက်(သက္ကမ)၊ သက်၊ ခမီ၊ မာရမာ စတဲ့ ဌာနေတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးရဲ့ ကျန်းမာရေးနဲ့ စားသောက်နေထိုင်ရေးတွေကို ဆရာတော်ကပဲ စီမံပေးထားတာပါ။
"ပြည်တွင်းပြည်ပ အလှူရှင်တွေရော၊ အစိုးရဖွဲ့အစည်းတွေရော တတ်နိုင်သမျှ လှူဒါန်းပေးဖို့ အနေအထားကို ဘုန်းဘုန်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"
၂၀၁၂ ခုနှစ်က ကျောင်းသူ၊ ကျောင်းသား နှစ်ရာကျော်နဲ့ အစပျိုးခဲ့တဲ့ ဒီပရဟိတကျောင်း ဟာ အခုတော့ ဝေးလံခေါင်သီတဲ့ ကျေးရွာတွေက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေ၊ မိဘမဲ့ကလေးတွေအတွက် အားထားရာနေရာတစ်ခု ဖြစ်လာနေတာပါ။
မြောက်ဦးမြို့နယ် နတ်ချောင်းရွာသစ်က ဆယ့်နှစ်တန်းကျောင်းသား မောင်သန်းစိုးကတော့ မိဘတွေမတတ်နိုင်လို့ ကျောင်းထွက်ရလုဆဲဆဲမှာပဲ ဒီနံသာတောင် ပရဟိတကျောင်းမှာ ပညာဆက်ခွင့်ရခဲ့တာလို့ပြောပါတယ်။
"ကျွန်တော့မိဘတွေက ဆင်းရဲတဲ့အသိုင်းအဝိုင်းကပေါ့။ အဲဒီတော့ မြို့ပေါ် အစိုးရကျောင်းတွေမှာ ဝိုင်းခလို့ တစ်မျိုး၊ သူများတွေအိမ်မှာနေရင် စားဝတ်နေရေး အတွက် ပေးရဦးမယ်။ အဲဒါကြောင့် မတတ်နိုင်လို့ ဝေးရင်လည်း ဝေးပါစေပေါ့၊ ပညာဒါန ပရဟိတကျောင်းကိုဖွင့်ထားတယ်ဆိုတော့ ကျွန်တော် လာတက်ဖြစ်တာပါ။ လမ်းခရီးက ကြမ်းတယ်။ ဂရုစိုက်ပြီးတော့ သွားလာရတယ်ဗျ။ ပြောရမယ်ဆိုရင် ဒီနေရာက ပဋိပက္ခတွေ များတာပေါ့"
ဒီကျောင်းမှာ တက်ရောက်သင်ကြားနေတဲ့ မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီ ကျေးရွာက ဆယ့်နှစ်တန်း ကျောင်းသူ မနှင်းဝေကလည်း ဒီကျောင်းကြောင့်ပဲ ပညာဆက်သင်နိုင်ခဲ့တာလို့ပြောပါတယ်။
"ဒီကျောင်းမှာ ကျောင်းတက်ခွင့်ရတဲ့အတွက် ကိုယ့်ကိုကိုယ် အရမ်းကံကောင်းတယ်လို့ ထင်မိပါတယ်။ မိသားစုကိစ္စတွေအဆင်မပြေတော့လို့ ကျောင်းထွက်ရတော့မယ်လို့ ကိုယ့်ကိုကိုယ်ထင်မိတာပေါ့နော်။ အရှင်ဘုရားကျေးဇူးကြောင့် ဒီကျောင်းကို ရောက်လာတယ်။ ပညာရေးနဲ့ ပြန်ပြီးတော့ ပတ်သက်ခွင့်ရတယ်။ အရှင်ဘုရားရဲ့ ကျောင်းသာမရှိခဲ့ရင် ပညာရေးကတော့ ဝေးကွာသွားတော့မှာပေါ့"
ပြီးခဲ့တဲ့ ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒီကျောင်းက ကျောင်းသူ၊ ကျောင်းသား ၁၄၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဲဒီအထဲက ရှစ်ဆယ်ကျော် အောင်မြင်ခဲ့ပါတယ်။
ဒီကျောင်းကနေ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားအချို့ ဟာ ဒီကျောင်းမှာပဲ စေတနာ့ဝန်ထမ်းဆရာတွေအဖြစ် ပြန်လည်လုပ်ကိုင်နေကြသူတွေ ရှိပါတယ်။ အဲဒီအထဲမှာ ကိုကျော်နိုင်လည်း တစ်ယောက်အပါအဝင်ပါ။
"ကျွန်တော် ဒီနံသာတောင်ကျောင်းမှာ ၂၀၁၅-၂၀၁၆ ခုနှစ်က အောင်ပြီးတော့ ဘုန်းဘုန်းဘုရာက ဒီမှာစာပြခွင့်ပေးပါတယ်။ ၂၀၁၇ ကနေစပြီးတော့ ဒီမှာ ကျောင်းပြနေတာပါ။ ကျွန်တော်တို့ကျောင်းတက်ခဲ့တုန်းကဆိုရင်တော့ ကျောင်းက အရမ်းခက်ခဲတဲ့ အခြေအနေမှာရှိနေခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေးကအစ စားရသောက်ရတာကအစ ကျွန်တော်တို့အဲဒီအချိန်တုန်းကဆိုရင် ကျောင်းကလည်း သိပ်နာမည်မကြီးသေးဘူးဆိုတော့ စားရ၊ သောက်ရတာ အခက်အခဲရှိတယ်"
ဒီကျောင်းရဲ့ တစ်လကုန်ကျစရိတ်ဟာ ကျပ်သိန်း ၂၈၀ ခန့်ရှိပြီး အလှူရှင်တွေရဲ့ အကူအညီနဲ့ပဲ အဓိက လည်ပတ်နေတာပါ။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းနောက်ပိုင်းမှာတော့ ဒေသခံတွေ ပိုကျပ်တည်းလာလို့ အကူအညီတွေလည်း နည်းလာတာကြောင့် အခက်အခဲတွေရှိလာတယ်လို့ ပရဟိတကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစာရဏက မိန့်ပါတယ်။
"ဒီမိုခါမုန်တိုင်းနဲ့ အလွန်တရာမှ အတိဒုက္ခရောက်သွားကြတဲ့အချိန်ကာလမှာ အလှူရှင်တွေကလည်း ဒီလှူဒါန်းမှု အားနည်းလာတဲ့အတွက် ဘုန်းဘုန်းတို့ နယ်စပ်ဒေသ နံသာတောင်ပညာဒါနပရဟိတကျောင်း ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရော၊ အစိုးရဖွဲ့အစည်းတွေရော တတ်နိုင်သမျှ လှူဒါန်းပေးဖို့ အနေအထားကို ဘုန်းဘုန်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"
ဒီပရဟိတကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လက မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း ကျောင်းဆောင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ပညာသင်ကြားတဲ့အစီအစဉ်တွေ ရပ်တန့်မသွားဘဲ အလှူရှင်တွေရဲ့ အကူအညီနဲ့ ပြန်လည်ထူထောင်ပြီး ဆက်လက် လည်ပတ်နေတာလည်း ဖြစ်ပါတယ်။