အာဏာသိမ်းမှုကြောင့် ထမင်းတစ်နပ် လျှော့စားနေရတဲ့ အင်းလေးက မိသားစု
ဖက်ကြမ်းဆေးလိပ်လို့ ခေါ်ကြတဲ့ သနပ်ဖက်ဆေးလိပ် လိပ်နေသူ ဒေါ်ခင်ပြုံးရီက အင်းလေးကန် ရေပေါ်ရွာ တစ်ခုဖြစ်တဲ့ ပေါက်ပါးရွာသူတစ်ယောက်ပါ။
အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ပြုံးရီက တစ်ရက်ကို ဆေးလိပ် ၇၀၀ လောက် လိပ်နိုင်ပေမဲ့ အခုချိန်မှာ ဈေးတွေပိတ်ထားတာ၊ ဧည့်သည်တွေ မလာတော့တာကြောင့် အရောင်းအဝယ် မကောင်းတော့တဲ့အတွက် တစ်နေ့ကို ဆေးလိပ် ၂၀၀ လောက်သာ လိပ်ရပါတော့တယ်။ ဆေးလိပ် လိပ်ခဟာ အလိပ်တစ်ထောင်ပြည့်မှ ငွေ သုံးထောင်ရတာပါ။
ဒေါ်ခင်ပြုံးရီဟာ သား၊ ချွေးမနဲ့ မြေး နှစ်ယောက်တို့နဲ့ အတူနေကြတာပါ။ သားဖြစ်သူကလည်း ငါးဖမ်း၊ လက်သမား စတဲ့အလုပ်တွေ လုပ်ပေမဲ့လည်း အလုပ်ပုံမှန်မရှိသလို ဝင်ငွေကလည်း ပုံမှန်မရှိတော့ပါဘူး။
ဒါကြောင့် ထမင်းတစ်နပ်လျှော့စားဖြစ်တာ အချိန်ရှစ်လလောက်ရှိခဲ့ပြီလို့ ဒေါ်ခင်ပြုံးရီက ပြောပါတယ်။
“သုံးနပ် စားမယ့်အစား နှစ်နပ်ပဲ စားကြတယ်။ မလောက်မှာစိုးလို့။ တစ်နပ်က လျှော့ချလိုက်တာ။ အင်းသားတွေက ထမင်းပဲစားတယ်လေ။ မနက်ကို ကော်ဖီတွေဘာတွေ မသောက်ဘူး။ ထမင်းပဲ ဦးစားပေးစားတယ်။ ညနဲ့ မနက်ပဲစားတယ်။ နေ့လယ်စာမစားဘူး"
သုံးနှစ်နဲ့ လေးနှစ်အရွယ် မြေးယောက်ျားလေး နှစ်ယောက်အတွက် အရင်က တစ်ရက် မုန့်ဖိုး နှစ်ထောင် သုံးနိုင်ပေမဲ့ အခုဆို ကလေးတစ်ယောက်ကို ငါးရာနှုန်းနဲ့ တစ်ရက်မှာ တစ်ထောင်သာ သုံးနိုင်ပါတော့တယ်။ တချို့ရက်တွေဆို ကလေးမုန့်စားချင်တာကို ဝယ်မကျွေးနိုင်တဲ့အခါ စိတ်မကောင်းဖြစ်ရတဲ့ရက်တွေကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။
“ကလေးတွေက တစ်ရက်ကို မုန့်ဖိုးတစ်ထောင်၊ အခုက ငါးရာ၊ ငါးရာပေမဲ့ ထမင်းပဲ ဦးစားပေးကျွေး တယ်လေ။ ကလေးက တစ်နေ့ နှစ်ချိန်တောင်းတယ်ဆိုရင် မနက် ၁၁ နာရီ တောင်းတယ်၊ နေ့လယ် ၂ နာရီတောင်းတယ်။ အဲငါးရာကို မျှပြီးမှ ဝယ်ကျွေးတယ်။ ခံစားရပေါ့။ ကလေးတွေ မုန့်ဖိုးအဆင်မပြေ တဲ့အခါကျတော့လေ။ တခါတလေကျတော့ ကလေးတွေ မုန့်ဖိုးမရှိဘူး။ ထမင်းလောက်ပဲစားဆိုပြီး ထမင်းပဲကျွေးတယ်။ ငိုပေါ့ ၊ ငိုတော့ လူကြီးတွေလည်း စိတ်မချမ်းသာပါဘူးပေါ့“
ဝါးခင်း၊ သက်ကယ်မိုးထားတဲ့ ဒေါ်ခင်ပြုံးရီရဲ့ ဆေးလိပ်ရုံလေးဟာ ကိုဗစ်မဖြစ်ခင်နဲ့ စစ်အာဏာမသိမ်းခင် တုန်းက ဆေးလိပ်လိပ်သမား ၁၀ ယောက်လောက်ရှိနေပြီး ပြည်ပခရီးသွားတွေက လာကြည့်ကြတဲ့နေရာ လေးပါ။
လာကြည့်တဲ့ပြည်ပခရီးသွားတွေက သူတို့တွေကို စကားပြန်တွေကနေတဆင့် စကားတွေပြောကြ၊ ဆေးလိပ်တွေဝယ်ကြ၊ မုန့်ဖိုးတွေ ပေးခဲ့ကြတာပါ။ အဲဒီတုန်းကတော့ သူတို့ရဲ့မိသားစုဟာ အဆင်ပြေ ခဲ့ပါတယ်။
“ဧည့်သည်တွေဆီက တစ်နေ့ ငါးထောင်ဝင်တယ် အဆင်ပြေတယ်လေ။ ဆေးလိပ်က တစ်နေ့ ငါးထောင် မဘူး။ အကြိမ်ကြိမ်လေးလာတော့ ကျမတို့လည်း ဝမ်းသာတယ်။ ပီတိလည်းဖြစ်တယ်။ အစားလည်း ချောင်တယ်။ အဝတ်တွေလည်း ဝယ်ဝတ်လို့ အဆင်ပြေတယ်။ လှူရတန်းရတာလည်း အဆင်ပြေတယ် လေ။ ဧည့်သည်ရှိတဲ့အခါကျတော့။ အခုက ကိုဗစ်လည်းဖြစ်တော့ ချေးလို့ငှားလို့လည်း အဆင်မပြေဘူး လေ။ အလုပ်တွေ ပြတ်ကျတယ်။"
ခရီးသွားတွေ မလာတော့တဲ့ နှစ်နှစ်နီးပါးကာလအတွင်းမှာ ဆေးလိပ်အတူလိပ်တဲ့သူတွေကလည်း သေဆုံး သွားတာတွေရှိသလို၊ တခြားနေရာပြောင်းရွှေ့သွားတာ၊ ရောဂါကူးစက်တာတွေကြောင့် မလာကြတော့ပါဘူး။

ဒေါ်ခင်ပြုံးရီ ရဲ့ သက်ကယ်မိုးထားတဲ့ အမိုးကလည်း မပြင်ဖြစ်တာ ၇ လကြာကျော်ကြာပြီလို့ ပြောပါတယ်။
ဒါတွေက ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အကျိုးဆက်တစ်ခုအဖြစ် အင်းလေးဒေသက လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွဋ်မြတ်ဦး က မြင်ပါတယ်။
“အားလုံးက ဒီစီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းနဲ့လည်း သက်ဆိုင်နေတဲ့သူတွေရှိသလို စိုက်ပျိုးရေးနဲ့ သက်ဆိုင်သူတွေလည်းရှိတယ်။ ခရီးသွားလုပ်ငန်းကို အားထားနေရတဲ့သူတွေဆိုလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်လို့ရှိရင် အဆင်မပြေတဲ့ရုပ်လေးတွေကိုမြင်နေရတယ်။ ဒါတွေက မခံစားနိုင်တဲ့ ဟာလေးတွေပေါ့နော။ ဒီအင်းလေးဒေသမှမဟုတ်ဘူး၊ ကျန်တဲ့ဒေသမှာလည်း စီးပွားရေးက အဆင်မပြေ တဲ့အချိန်မှာ လူတွေရဲ့ ရင်ထဲမကောင်းတာတွေက ပေါ်လွင်နေတယ်”
ကိုဗစ်ကပ်ရောဂါတွေကြောင့် ဧည့်သည်တွေမလာတာအပြင် အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ အလုပ်ကိုင် တွေ ခက်ခဲလာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လာဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
ယူနက်စကိုအသိမှတ်ပြု ဇီဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဒေသဖြစ်တဲ့ အင်းလေးဒေသရဲ့ လူ ၈၀ ရာခိုင်နှုန်းလောက်ဟာ ခရီးသွားတွေကို အမှီပြုနေရတာဖြစ်တဲ့အတွက် ခရီးသွားတွေ မလာနိုင်ကြတာရဲ့ နောက်ဆက်တွဲကတော့ ဒေါ်ခင်ပြုံးရီတို့လို သာမန်လက်လုပ်စားတွေအတွက် ထမင်းနပ်မှန်ဖို့ ခဲယဉ်းတဲ့အထိ ဖြစ်လာနေပါတော့တယ်။