ဥယျာဉ်ခြံဝန်းကျင်က မြေမြှုပ်မိုင်း အန္တရာယ်
မင်းခိုင်စိုးလင်း
2020.12.24
2020.12.24
တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ဒေသမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရသူတွေ ၁၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ လှုပ်ရှားနေတဲ့ အဲဒီနေရာမှာ မြေမြှုပ်မိုင်း ရှင်းလင်းဖျက်ဆီးမှု မရှိသေးတာကြောင့် ဒေသခံတောင်သူတွေ ခြံမသွားရဲဘဲ အထိတ်တလန့်ဖြစ်နေတုန်းပါ။
မွန်ပြည်နယ်၊ ရေးမြို့နယ်က အသက် ၃၇ နှစ်အရွယ် မင်းမျိုးထွန်းဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ဝန်းကျင် အလုပ်လုပ်ကိုင်ခဲ့သူပါ။
ပြီးခဲ့တဲ့မေလဆန်းမှာ သူ့ရဲ့ဇာတိ ဟံဂံရွာကို ပြန်လာခဲ့ပြီးနောက် သူပိုင်တဲ့ ဥယျာဉ်ခြံကို ပထမဦးဆုံး သွားတဲ့နေ့မှာပဲ မြေမြှုပ်မိုင်း နင်းမိပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် မင်းမျိုးထွန်းရဲ့ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။
လက်နက်ကိုင်အဖွဲ့ဝင်တွေက သူတို့ရဲ့ ကာကွယ်ရေး၊ ရန်သူကို အထိနာရေးအတွက် ဗျူဟာမြောက် အသုံးပြုတဲ့ မိုင်းလက်နက်ရဲ့ဒဏ်ကို ခံရသူတွေက အရပ်သားတွေ ဖြစ်နေတတ်ပါတယ်။
“လက်နက်ကိုင်ပါတီအားလုံးက ဒီလောက်နဲ့ပဲ ရပ်စေချင်တယ်။ နောက်ထပ်မြေမြှုပ်မိုင်းတွေ မပေးမြှုပ်စေချင်တော့ဘူး။ ရွာသူရွာသားတွေပဲ ခံနေရတယ်။ ကျွန်တော်ကတော့ နောက်ဆုံးထိထားတဲ့လူပါ။ ကျွန်တော်ပဲ နောက်ဆုံးထိတဲ့လူ ဖြစ်စေချင်တယ်”
ဒေသတွင်းမှာပဲ ခြံလုပ်ငန်းလုပ်ကိုင်သူ နိုင်ကွန်ဗလိုင် ဆိုတဲ့သူ လုပ်ငန်းခွင်အသွားမှာ မိုင်းထိပြီး ခြေနှစ်ဘက် အပြင်းအထန် ထိခိုက် ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း မွန်နဲ့ကရင် လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဖြေရှင်းမှုတချို့ ရှိခဲ့တာကြောင့် မိုင်းပြဿနာတွေ ပြေလည်ခဲ့ပြီလို့ ယူဆခဲ့မိတာ မှားသွားတယ်လို့ မင်းမျိုးထွန်းက ပြောပါတယ်။
“အခုတော့ ခြံမသွားရဲကြတော့ဘူး။ ခြံကို ဝယ်မယ့်သူတွေ ရှိရင်တော့ ရောင်းမယ်။ အဲဒီနေရာက ဖြစ်စဉ်တွေက ကိုယ်တိုင် ခံခဲ့ရတယ်။ အားလုံး ကိုယ်တိုင် မြင်တွေ့ခဲ့ရတော့ အခုထိ ကြောက်လန့်နေတုန်းပဲ၊ အရင်တုန်းက နိုင်ကွန်ဗလိုင် နင်းမိပြီး တဲ့နောက်မှာ မွန်နဲ့ကရင် ဆွေးနွေးပြီးပြီ၊ အားလုံးလည်း ဖြေရှင်းပေးပြီးပြီဆိုတော့ ဒါကြောင့် ကျွန်တော်တို့ ခြံသွားရဲတာပေါ့လေ၊ သွားတော့ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး”
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မွန်ပြည်နယ်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ မိုင်းပေါက်ကွဲမှု အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီထဲကမှ ဒေသခံ ၁၅ ဦးရဲ့ ဖြစ်စဉ်ကို မြေမြှုပ်မိုင်းနင်းမိသူများ အကူအညီပေးရေးအဖွဲ့ဆိုတဲ့ ရေးမြို့နယ် အခြေစိုက် အရပ်ဘက်အဖွဲ့တခုက မှတ်တမ်းတင် ထားပါတယ်။ မိုင်းထိပြီး ခြေလက် ထိခိုက်သူတွေထဲမှာ ဥယျာဉ်ခြံ စိုက်ပျိုးပြီး အလုပ်လုပ်ကိုင်နေတဲ့ မွန်နဲ့ ကရင်တိုင်းရင်းသားတွေ ပါဝင်ပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ သူတို့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်ပေါက်ကွဲခဲ့တဲ့ နေရာတဝိုက်မှာ ဒေသခံတောင်သူတွေက ဒီနေ့ချိန်ထိ ခြံမသွားရဲဘဲ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မြေမြှုပ်မိုင်းနင်းမိခဲ့သူ ရေးမြို့နယ်၊ ဟံဂံကျေးရွာ မင်းမျိုးထွန်းက ပြောပါတယ်။
မိုင်းထောင်ထားကြတဲ့ စိုက်ခင်းတွေဝန်းကျင် လှုပ်ရှားတဲ့ မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့မှာ အင်အား ၈ဝဝ ကျော်၊ အရံအင်အား ၂၀၀၀ ကျော်ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပြီး KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့မှာတော့ အင်အား ၅ဝဝဝ ခန့်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ လှုပ်ရှားနေကြတဲ့ ဒီနှစ်ဖွဲ့လုံးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ထိုးထားပါတယ်။
တပ်၊ အပစ်ရပ်အဖွဲ့၊ အရပ်ဘက်ကိုယ်စားလှယ်တို့ ပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ JMC နဲ့ အာဏာပိုင်အဖွဲ့တွေက မိုင်းနဲ့ပတ်သက်လို့ လာရောက်ဖြေရှင်းပေးနိုင်ရင် ကောင်းမယ်လို့ ရေးဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စံက RFA ကို ပြောပါတယ်။
“အစိုးရနဲ့ ဒီ JMC ကျတော့ ဘာမှ ဖြေရှင်းပေးတာတွေ မရှိသေးဘူး။ KNU တပ်ဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ အနည်းငယ် ဆွေးနွေးထား တာတွေတော့ ရှိတယ်။ အဲဒါက အခြေအနေတွေ ဘာမှန်းလည်း မသိဘူး။ သူတို့တွေက ကိုယ့်ကို အကြောင်းမပြန်သေးဘူးလေ။ အစိုးရဘက်ခြမ်းက အစိုးရနဲ့ JMC က လာဖြေရှင်းတာ ဘာမှ မတွေ့ရသေးဘူး။ အခု အခြေအနေဆိုရင် အဲဒီ အနီးအနား ပတ်ဝန်းကျင်တလျှောက်ဆိုရင် သူတို့ မသွားရဲသေးဘူးပေါ့လေ၊ အားလုံးက အထိတ်တလန့်ရှိနေတုန်းပဲ။ အဲဒီနေရာနဲ့ ဝေးတဲ့ နေရာကျတော့ ခြံလုပ်သားတွေ သွားနေကြတယ်။ မိုင်းရှိတဲ့နေရာတွေကတော့ သူတို့ မသွားကြတော့ဘူး”
၂၀၁၈ ခုနှစ်မှာ ကရင်လက်နက်ကိုင် တချို့ သစ်ခိုးထုတ်နေတာကို ဖမ်းဆီးပြီး KNU ကို လွှဲပြောင်းပေးခဲ့ပြီးနောက်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ စတင်ဖြစ်ပွားခဲ့တယ်၊ မိုင်းပေါက်ကွဲမှုဖြစ်တာတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းစစ်ဌာနချုပ်၊ မိုင်းပညာပေး၊ မိုင်းရှင်းလင်းရေး လူမှုအဖွဲ့အစည်း၊ JMC နဲ့ KNU တို့ကိုလည်း တင်ပြထားတယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။
မိုင်းကင်းစင်ရေး၊ ဒေသခံတွေ နစ်နာဆုံးရှုံးမှု မဖြစ်ရေးအတွက် KNU နဲ့ ဆွေးနွေးထားတယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဗညာလယ်က ပြောပါတယ်။
“KNU ဗဟိုအဆင့်ကိုတော့ အကြောင်းကြားထားတယ်။ ဒါပေမဲ့တော့ ဗဟိုအဆင့်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့က အခုထိ မဖြစ်လာသေးဘူး။ ဒါပေမဲ့ နှစ်ဖက် အောက်ခြေတပ်ဦးမှာ တပ်မဟာ(၆) ထားဝယ်ခရိုင်နဲ့တော့ ဆွေးနွေးတော့ ဆွေးနွေးတယ်။ ဒါပေမဲ့ မိုင်းကိစ္စဟာ သူတို့လုပ်တယ်ဆိုပြီးတော့ ဘယ်သူမှလည်း ဝန်မခံဘူး။ ဒါပေမဲ့ ပြည်သူလူထုတွေ ခြံထဲသွားလာတဲ့အခါကျရင် အန္တရာယ်ကင်းရှင်းဖို့ နှစ်ဦးနှစ်ဖက် ဝိုင်းဝန်းကူညီပေးဖို့ ဆွေးနွေးထားတာရှိတယ်။ တပ်မဟာ(၄)နဲ့က အခုထိ မဆွေးနွေးရသေးဘူး။ အဲဒီနေရာက ပြည်သူတွေက ခြံကို သွားလာလို့မရသေးဘူး”
KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ အောက်ခြေမှာ တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေကို ခရိုင်တပ်မဟာတွေကိုသာ မေးမြန်းဖို့ပြောပါတယ်။ KNU တပ်မဟာ ၄ နဲ့ တပ်မဟာ ၆ ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
KNU ဗဟိုအနေနဲ့ မြေမြှုပ်မိုင်းသုံးဖို့ ညွှန်ကြားချက်မရှိပဲ လိုအပ်ရင် တွေ့ဆုံဆွေးနွေးဖို့ လမ်းညွှန်ထားကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေကလည်း မိုင်းပေါက်ကွဲမှုနဲ့ ဆက်စပ်တဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့၊ ဒေသခံ တပ်မတော်အာဏာပိုင်တွေ၊ တိုင်းဒေသကြီး အဆင့် JMC ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် စတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြခဲ့ကြပါတယ်။
ဒီလို တင်ပြပေမယ့် ဒီနေ့အချိန်ထိ ဆောင်ရွက်ပေးမှု မရှိသေးတာကြောင့် မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်လို့ တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကြီး အောင်နိုင်ဦးဝင်းက ပြောပါတယ်။
“တနင်္သာရီတိုင်းဒေသကြီးက တိုင်း JMC ရှိမယ်။ မွန်ပြည်နယ်မှာလည်း မွန်ပြည်နယ် JMC ရှိမယ်။ ပြည်နယ်အဆင့် တိုင်းအဆင့် ဒီနှစ်ခုရှိပြီးသား၊ EAO ဆိုလည်း နှစ်ခုပဲရှိတယ်။ KNUနဲ့ မွန်ပြည်သစ်ပါတီ၊ နောက်တစ်ခု တပ်မတော်၊ ဒီလက်နက်ကိုင်သုံးက ဒီကိစ္စကို NCA Process အရ JMC လမ်းကြောင်း ရှိရဲ့သားနဲ့ အောင်မြင်အောင် မတားဆီးနိုင်တာလဲ။ ဖြေရှင်းနိုင်တာလဲ။ မဆောင် ရွက်နိုင်တာလဲ၊ အဲဒီတော့ ကျွန်တော်က မေးချင်တာက JMC တွေရဲ့ လုပ်ငန်းတာဝန်တွေက ဘာလဲ၊ NCA ရဲ့ ရသက ဒါပဲလား၊ NCA ရဲ့ လမ်းကြောင်းက ဒါပဲလား ဒီလောက်အထိတော့ ကျွန်တော်က မေးချင်တယ်”
၁၉၉၅ ခုနှစ် အပစ်ရပ် သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ရုံးအတွက် တပ်တည်နေရာအဖြစ် ခွင့်ပြုထားတဲ့ “ရေဖြူမြို့နယ်၊ ကင်းချောင်းဖျားဒေသ မြေပုံ အညွှန်း ခန့်မှန်း J-180545” ကို အခြေပြုပြီး ကြောင်လျှာကွင်းဒေသမှာ ကွမ်းသီး၊ ဒူးရင်း၊ မင်းဂွတ်နဲ့ ရာဘာခြံတွေအပါအဝင် ပျမ်းမျှ ၅ ဧက အကျယ်ရှိ ဥယျာဉ်ခြံပေါင်း ၄၀၀ ကျော် စိုက်ပျိုး လုပ်ကိုင်နေပါတယ်။
စိုက်ပျိုး သီးနှံပင်တွေ အောင်မြင်ဖြစ်ထွန်းနေတဲ့အတွက် ခြံတစ်ခြံရဲ့ ကာလတန်ဖိုးဟာ ငွေကျပ် သိန်း ၄၀၀ ကျော် ရှိနေပါတယ်။
ဒါပေမဲ့ မင်းမျိုးထွန်းတို့လို မြေမြှုပ်မိုင်းနင်းမိမှာ စိုးရိမ်တာကြောင့် ဥယျာဉ်ခြံလုပ်ငန်းခွင်ဝင်ဖို့ ဒေသခံအများအပြားက ဝန်လေးနေကြပါတယ်။
လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်း အစပြုခဲ့တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်း နိုင်ငံအနံှ့အပြားမှာ မိုင်းကြောင့် ထိခိုက် သေဆုံးသူ ၁၉၀၀ နီးပါး ရှိတယ်လို့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်ထားပါတယ်။
နိုင်ငံအနှံ့အပြား မြို့နယ်ပေါင်း ၉၃ ခုမှာ မြေမြှုပ်မိုင်းပြဿနာ ရှိနေတယ်လို့ သိရပါတယ်။