မဲဆောက်မြို့မှာ CDM တွေကို ထမင်းတစ်နပ် ၁၅ ဘတ်နဲ့ ရောင်းပေးနေ
2023.10.24

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခေတ္တခိုလှုံနေကြတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ CDM ကျောင်းသားလူငယ်တွေဟာ နေထိုင်စားသောက်ရေး အခက်အခဲရှိကြပါတယ်။
အဲဒီအခက်အခဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်(ဟောင်း) ကိုမင်းသွေးသစ် ဦးဆောင်တဲ့အဖွဲ့လေးက ထမင်းတစ်နပ် ၁၅ ဘတ် (မြန်မာကျပ်ငွေ တစ်ထောင့်သုံးရာ ဝန်းကျင်) လောက် နဲ့ တစ်ပတ်မှာ နှစ်ကြိမ်ချက်ပြုတ်ရောင်းချပေးနေပါတယ်။
“ကျွန်တော်တို့ ဒီတော်လှန်ရေး အစမှာလည်း အားလုံးကြွေးကြော်ထားကြတယ်၊ ရုံးမတက်နဲ့ ရုန်းထွက်ဆောင်ပုဒ် ကြွေးကြော်ပြီးတော့ CDM လှုပ်ရှားမှုကို ကျွန်တော်တို့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော်ပြီးတော့ ခေါ်ခဲ့တာရှိတယ်၊ ဒီ CDM ဝန်ထမ်းတွေလည်း အဲဒီယုံကြည်ချက်ကြောင့် အခုချိန်ထိ ဒုက္ခအမျိုးမျိုး ရောက်ပြီးတော့ တောင့်ခံနေတာဖြစ်တယ်။ တော်လှန်ရေးပြီးတဲ့အထိ ဆက်တောင့်ခံနိုင်အောင်လို့ ကျွန်တော်တို့ဘက်က ကတိတည်ဖို့လိုတယ်ပေါ့၊ အဲဒီကတိ တည်ချင်တဲ့စိတ်နဲ့၊ နောက်ပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စုသားတွေ အားလုံးကို ဒုက္ခကို တစ်ဖက်တစ်လမ်း ကူညီချင်တဲ့စိတ်နဲ့ ကျွန်တော်တို့စပြီး လုပ်ခဲ့တာပါ။”
ဒီအစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန်ကွန်ယက် (Network Myanmar American) အဖွဲ့က ဒေါ်လာတစ်ထောင်အပါအဝင် နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းနိုင်က သူ့မိတ်ဆွေတချို့နဲ့တိုင်ပင်ပြီး ဒေါ်လာ ငါးထောင်လောက်မတည်ပေးခဲ့တာလို့ ကိုမင်းနိုင်ကပြောပြပါတယ်။
“နွေဦးတော်လှန်ရေးကြောင့် CDM ဝန်ထမ်းတွေ သူတို့အလုပ်အကိုင်လည်း လုပ်လို့လည်းမရ၊ တရားဝင်လည်း နေထိုင်ခွင့်လည်းမရှိ အဲ့လိုမျိုး အခက်အခဲတွေ အများကြီးနဲ့ တွေ့ခဲ့ရတဲ့အချိန်မှာ ဒီမှာရှိနေတဲ့ နောက်ထပ် ရှစ်ဆယ့်ရှစ်မျိုးဆက် နိုင်ငံရေးအကျဉ်းသား ရဲဘော်တချို့နဲ့ တိုင်ပင်ပြီးတော့ ထမင်းတစ်နပ် ၁၅ ဘတ်ဆိုတဲ့ အစီအစဉ်လေးကို နယ်စပ်မှာရှိတဲ့ ဗကသ မျိုးဆက်သစ်ရဲဘော် ညီငယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြတာ ကယ်လီဖိုးနီးယားမှာနေတဲ့ မိတ်ဆွေတစ်ယောက်လည်း ပြောပြတော့ Network Myanmar American ဆိုတဲ့ အဖွဲ့က ဒေါ်လာတစ်ထောင်ပေးတယ်ပေါ့နော်”
ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က ကျရောက်တဲ့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။
အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေမှာ ရောင်းပေးပြီး အိမ်အရောက် ပို့ပေးနေတာပါ။
ဒီလိုမျိုး နေ့တိုင်းရောင်းပေးနိုင်ရင် ပိုကောင်းမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် CDM တက္ကသိုလ် ကျောင်းသားလည်းဖြစ်တဲ့ ကိုဖြိုးက RFA ကို ပြောပါတယ်။
“အခုဒီ ၁၅ ဘတ်တန် ထမင်းက ရောင်းလို့မလောက်ဘူးပေါ့နော်၊ သူတို့ရောင်းတဲ့နေ့မှာ၊ အခု ကျွန်တော်တို့ စားချင်ရင် ကြိုပြီးတော့မှာရတယ်၊ ကြိုမမှာလို့ရှိရင် ကျွန်တော်တို့ မရတော့ဘူး၊ ကျွန်တော်တို့ စျေးဖိုးတစ်ရက် ဆိုရင် ၁၀၀ လောက်ကုန်တယ်၊ ဒီ ၁၅ ဘတ်တန် ထမင်းရတဲ့အခါမှာဆိုရင် ၁၀၀ က စျေးဖိုးကုန်တဲ့ထဲမှာ နည်းသွားတယ်၊ ဒီလိုနေ့တိုင်းရောင်းနိုင်ရင်တော့ အဆင်ပြေတာပေါ့။”
အခုဆိုရင် ရောင်းပေးတဲ့ရက် တစ်ရက်အတွက် ဗူး သုံးရာကနေ ဗူး ငါးရာကြား ချက်ပြုတ်ရပါတယ်။ ထမင်းဟင်းကို လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်နိုင်အောင် ချက်ပြုတ်ထားတာကြောင့် ဘယ်ဘာသာဝင်မဆို မှာယူစားသောက်လို့ရတယ်လို့ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ CDM တက္ကသိုလ်ကျောင်းသူ မမီရှဲ က ပြောပါတယ်။
“ဒီ ၁၅ ဘတ်တန် ထမင်းဘူးကပေါ့နော် တော်တော်လေးလည်း စားလို့အဆင်ပြေတယ်၊ ကျွန်မတို့အစ္စလာမ် ဘာသာဝင်တွေလည်း စားလို့ရတယ်ပေါ့နော်၊ ပြီးတော့ ဒီတစ်ဗူးမှ ၁၅ ဘတ်ထဲဆိုတော့ ဘတ်ဂျက်လည်း ချွေတာရာရောက်တယ်လေ၊ အဲဒီထမင်းဗူးကို ဒီထက်ပိုပြီးတော့ ရက်တိုးပြီးတော့ လုပ်ပေးစေချင်တယ်ပေါ့နော်၊ အကုန်လုံးအတွက် အဆင်ပြေတာ မို့လို့လေ”
ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့မှာ လုပ်အားကူညီတဲ့သူ ဆယ်ယောက်လောက် အပတ်စဉ်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေနဲ့ လွတ်ကင်းအောင် လုပ်နေရတယ်လို့လည်း ကိုမင်းသွေးသစ်က ပြောပါတယ်။
လက်ရှိမှာတော့ တစ်ပတ်ကို နှစ်ရက် ထမင်းဗူး ချက်ပြုတ်ရောင်းချဖို့ ဘတ်ငွေ ခုနစ်ထောင်လောက် ကုန်ကျပါတယ်။ ဒါကြောင့် လှူတဲ့သူပိုများလာမယ်ဆိုရင် ရေရှည်ကူညီနိုင်မယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။
“တချို့တွေဆိုရင် ပြည်တွင်းကလှမ်းလှူကြတယ်၊ ကျွန်တော်တို့ ပြည်တွင်းအလှူကို အလှူခံတာ အခုပြည်တွင်းမှာကလည်း စီးပွားရေး တော်တော်များများက စီးပွားရေး ဒီမင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ညံ့ဖျင်းမှုကြောင့် စီးပွားရေး ကျပ်တည်းနေကြတာဆိုတော့ ကျွန်တော်တို့ အများဆုံး အလှူခံတာကတော့ တတိယနိုင်ငံက မြန်မာပြည်သူတွေဆီက အလှူခံကြတယ်၊ အလှူငွေလည်း ဒီထက်အလှူရှင်တွေလည်း ဒီထက်များများ ရလာမယ်ဆိုရင် ကျွန်တော်တို့ရေရှည်ရပ်တည်နိုင်မဲ့ ဒီစိန်ခေါ်ချက်တွေကိုတော့ ကျွန်တော်တို့ ကျော်လွှားနိုင်မယ်။”