ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှု
2019.09.27
ကမ္ဘာ့ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံမှာလည်း လူငယ်အများအပြားစုပေါင်းပြီး ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။
ရိုက်ကူး - ကျော်လွင်ဦး/RFA
■ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် စီမံကိန်းတွေကို ချက်ချင်းရပ်ဆိုင်းပစ်ဖို့၊ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ အစိုးရအနေနဲ့ ထိရောက်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့နဲ့ လူမှုအဖွဲ့အစည်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုတွေရဖို့ ဒီနေ့ မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှာ တောင်းဆိုလိုက်ပါတယ်။
ရန်ကုန် စမ်းချောင်းမြို့နယ် မြေနီကုန်းကနေ လှည်းတန်းအထိ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ကျောင်းသားလူငယ်တွေ၊ အရပ်ဖက်အဖွဲ့ဝင်တွေက ကမ္ဘာရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် လမ်းလျှောက်ခဲ့ကြတာပါ။
သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေမယ့် စီမံကိန်းတွေ၊ ဆင်ခြင်မဲ့တဲ့ သစ်ခုတ်မှုတွေ၊ သစ်ပင်သစ်တော ပြုန်းတီးမှုတွေကြောင့် မိုးခေါင်ရေရှားမှုတွေဖြစ်သလို မုတ်သုံမိုးရာသီမှာ မကြုံစဘူး ရေလွှမ်းမိုး မြေပြိုမှုတွေလို ဆိုးဝါးလွန်းလှတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကမ္ဘာကြီးမှာ ရာသီဥတုကပ်ဘေး တစ်နေ့တခြား ပိုမိုဆိုးရွားလာနေတဲ့ အနေအထားအပေါ် အစိုးရနဲ့ ပြည်သူတစ်ဦးချင်းစီမှာ တာဝန်ရှိတယ်လို့ လှုပ်ရှားသူတွေက လှုံ့ဆော်တိုက်တွန်းကြပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ မဇင်ဘိုထိုက် က ---
"အခုတောင်းဆိုတာက လက်ရှိလုပ်နေတဲ့ စီမံကိန်းကြီးတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာတွေကို ချက်ချင်းရပ်ပေးဖို့၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲနေတာကို အသိအမှတ်ပြုပြီး အရေးပေါ်တုံ့ပြန်ပေးဖို့၊ သဘာဝစွမ်းအင်တွေကိုပိုပြီး သုံးစွဲစေဖို့ပေါ့နော်။ ဒါတွေကို ကျမတို့က ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်"
သဘာဝဘေး အန္တရာယ်တွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ကြိုတင်ကာကွယ်ဖို့၊ လျော့ချနိုင်အောင် လုပ်ဆောင်ပေးဖို့၊ နောက်တစ်ချက်က ရေရှည်ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့နေရာမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ဒီတောင်းဆိုမှုတွေကို အစိုးရဖက်က လုပ်ဆောင်ပေးတဲ့အထိ တိုက်တွန်းသွားမယ်လို့ ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုကျော်ရဲထက် က ပြောပါတယ်။
"ကျတော်တို့ကတော့ အစိုးရအနေနဲ့ ကျတော်တို့အနာဂတ်ကို အာမခံချက်ပေးနိုင်လောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ မလုပ်မချင်း ဒီလှုပ်ရှားမှုကို ရပ်တန့်မှာမဟုတ်ပါဘူး။ အရင်က လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ ခြိမ်းခြောက်တာတွေ၊ တားဆီးတာတွေ ကြုံရတာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျတော်တို့အားလုံး ကွယ်ပျောက်သွားနိုင်လောက်တဲ့ သဘာဝဘေးအန္တရာယ်လောက်တော့ ဒါတွေက မကြီးဘူးလို့ ယူဆတဲ့အတွက် လှုပ်ရှားမှုကို ရပ်သွားမှာမဟုတ်ပါဘူး။ အားလုံးပဲ နောက်ထပ်လှုပ်ရှားမှုတွေမှာ ပါဝင်ပေးကြဖို့၊ ကိုယ့်ပတ်ဝန်းကျင် တခြားဒေသတွေမှာ ဒီလှုပ်ရှားမှုကို ဆင့်ပွားပြီး လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းပါတယ်"
အစိုးရတာဝန်ရှိသူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာတဲ့ ရာသီဥတုဘေး ကပ်ဆိုးတွေကို ကာကွယ်နိုင်ဖို့ ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ပေးဖို့ နိုင်ငံသူ နိုင်ငံသားတွေကိုလည်း ပိုပြီးတော့ သတိရှိလာအောင် တိုက်တွန်းနှိုးဆော်ဖို့ မြန်မာနိုင်ငံတဝှမ်း တခြားမြို့ကြီးတွေမှာပါ ဆက်လက်တောင်းဆို ဆန္ဒပြသွားမယ်လို့လည်း သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ခင်မောင်ညိုက ဒီလိုလှုပ်ရှားမှုတွေဟာ လုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
"လူကြီးတွေက လုပ်တဲ့အခါမှာ ကိုယ့်အကျိုးစီးပွားကို မျှော်ကိုးပြီး လုပ်ကြတာများတယ်၊ ဥပမာ - ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံလိုမျိုး၊ မြစ်ဆုံလိုမျိုး၊ သစ်ပင်ခုတ်တာမျိုး၊ သတ္တုတူးဖော်တာလိုမျိုး၊ သယံဇာတတွေကို ရောင်းစားပြီးဖျက်ဆီးတာမျိုး ဒါတွေက တတ်နိုင်သမျှ လျှော့ချပြီး သဘာဝအတိုင်းနေမှသာ ဆက်ပြီးမတိုးမှာပေါ့။ အဟောင်းကိုတော့ ပြန်သွားလို့မရဘူး။ ဒါကို သိလာတဲ့အခါမှာ လူငယ်တွေက သူတို့အတွက်တော့ နောက်ထပ်အနာဂတ်မှာ လူကြီးတွေက ဆက်လုပ်နေရင် မကောင်းတော့ဘူးဆိုတော့ လူကြီးတွေကို တောင်းပန်တာ၊ ဒါမှမဟုတ်ရင် သူတို့နဲ့အတူ လက်တွဲလုပ်ဖို့ ဖိတ်ခေါ်တာမျိုး လုပ်တာ၊ မြန်မာပြည်မှာ Friday movement ကို လုပ်သင့်တယ်လို့ ယူဆပါတယ်"
ပညာရှင်နောက်တစ်ဦးဖြစ်တဲ့ ဦးထွန်းလွင်က- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ အချိန်မီသေးတယ်လို့ ပြောပါတယ်။
"လုပ်ရမှာပဲ၊ မလုပ်ရင်တော့ ကမ္ဘာက မြန်မြန်ပြီးသွားမှာပဲ။ အားလုံးသိနေတဲ့အတိုင်းပဲ။ အနေအထားတွေက ကောင်းတဲ့အနေအထားမှာမရှိဘူး။ ပျက်စီးယိုယွင်းတဲ့အနေအထားမှာ အများကြီးရှိတယ်။ အချိန်တော့မီသေးတယ်၊ လုပ်ရင်မီသေးတယ်။ အားလုံးဝိုင်းလုပ်ရင် မီသေးတယ်ဆိုတာလေး သိဖို့။ You can save the world ပေါ့ တို့ရဲ့ဆောင်ပုဒ်ကတော့။ အားလုံးဝိုင်းညီရင် ကမ္ဘာကြီးကို ကယ်နိုင်ပါသေးတယ်။ အဲ့လိုမှမလုပ်ပဲ ဂရုမစိုက်ပဲ ပစ်ထားမယ်ဆိုရင် အချိန်ကျော်သွားမယ်ဆိုရင် မလွယ်တော့ဘူး။ ဒါအားလုံးသိဖို့ အရေးကြီးတယ်"
ဆွီဒင်နိုင်ငံက အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေး Greta Thunberg တကိုယ်တော် ဦးဆောင်ခဲ့တဲ့ ရာသီဥတုကပ်ဘေးဆိုင်ရာ လှုပ်ရှားမှုကနေ ဖြစ်တည်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီကပ်ဘေးဆိုင်ရာ လှုပ်ရှားမှုကြီးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဒီကနေ့ ရန်ကုန်မြို့က ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှု ဟာ ရှစ်ကြိမ်မြောက် လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာပြုလုပ်နေတဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိပြုလုပ်တဲ့ ကမ္ဘာ့ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် မြန်မာနိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ဒီနေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်က လူ လေးသန်းလောက်ဟာ ဒီလှုပ်ရှားမှုတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)