မှောင်ခိုဝင်ရောက်လာတဲ့ တရုတ်အာလူးတွေကြောင့် မြန်မာတောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရား၊ ပင်လောင်းနဲ့ ရွာငံမြို့နယ်က တောင်သူတွေဟာ အာလူးကို အဓိကထား စိုက်ပျိုးကြတာပါ။ တစ်နှစ်မှာနှစ်ကြိမ် အာလူးစိုက်လေ့ရှိပြီး နှစ်စဉ်ဧပြီလနဲ့ မေလမှာ တစ်ကြိမ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ တစ်ကြိမ် အာလူးပေါ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ အာလူးစိုက် တောင်သူများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရား၊ ပင်လောင်းနဲ့ ရွာငံမြို့နယ်က တောင်သူတွေဟာ အာလူးကို အဓိကထား စိုက်ပျိုးကြတာပါ။ တစ်နှစ်မှာနှစ်ကြိမ် အာလူးစိုက်လေ့ရှိပြီး နှစ်စဉ်ဧပြီလနဲ့ မေလမှာ တစ်ကြိမ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ တစ်ကြိမ် အာလူးပေါ်ပါတယ်။

ဒီနှစ် အာလူးပေါ်ချိန်မှာ တရုတ်နိုင်ငံက အာလူးတွေ မြန်မာပြည်ဈေးကွက်ကို တရားမဝင် ဝင်ရောက်လာတဲ့အတွက် မြန်မာတောင်သူတွေ အရှုံးပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

"တရုတ်အာလူးတွေကို အခွန်ကြီးကြီး ကောက်တယ်ဆိုရင် ဒီဘက်တောင်သူဘက်က စိုက်တဲ့အာလူးဆိုရင် ဈေးပြန်မြောက်လာတာပေါ့"

အာလူးကို ဘယ်နယ်စပ်ကမှ တရားဝင်တင်သွင်းခွင့် မပြုထားဘူးလို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လောလောဆယ်မှာက နယ်စပ်ဒေသကနေ အာလူးကိုတော့ ဘယ်နယ်စပ်ကမှ တင်သွင်းခွင့်ပြုထားတာ မရှိဘူး။ မျိုးနဲ့ပတ်သက်ရင်တော့ စိုက်ပျိုးရေးကနေ သူတို့ စိစစ်ထောက်ခံတဲ့အတိုင်း မျိုးကတော့ တင်သွင်းခွင့်ပြုပါတယ်။ သာမန်စား အာလူးကတော့ ကျနော်တို့ တင်သွင်းခွင့်ပြုထားတာ မရှိပါဘူး”

မျိုးအနေနဲ့ တင်သွင်းခွင့်ပြုထားပေမယ့် အခုဈေးကွက်အတွင်းရောက်နေတဲ့ တရုတ် အာလူးတွေကို စိစစ်သွားမယ်လို့လည်း သူက ပြောပါတယ်။

တရုတ်နိုင်ငံ ကန်စုပြည်နယ် အာလူးတန်ချိန် ၃၅၀ ကို ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာ နိုင်ငံကို တင်ပို့ခဲ့တယ်လို့ လန်ကျိုး အကောက်ခွန်ဌာနကို ကိုးကားပြီး တရုတ်နိုင်ငံ ပေါက်ဖော်သတင်းဌာနက နိုဝင်ဘာလ ၇ ရက်မှာ ရေးသားခဲ့ပါတယ်။

တရုတ်အာလူးတွေကြောင့် ဈေးကွက်အတွင်းမှာ မြန်မာ့အာလူးတွေ မရောင်းရတော့ဘူးလို့ နောင်တရားမြို့နယ်က အာလူးစိုက်တောင်သူ ဦးကျော်သောင်းက ပြောပါတယ်။

“ဟိုဘက်ကဝင်လာတဲ့အခါကျတော့ သူတို့ဝင်လာတဲ့ ဈေးနှုန်းနဲ့ ကျနော်တို့ ဒီမှာဒေသရဲ့ ပေါက်ဈေးနဲ့က တရုတ်ဘက်က ပေါတာပေါ့။ ပေါတဲ့အခါကျတော့ ကျနော်တို့ ဒီဒေသက အာလူးတွေက ပြန်လိုက်ရောင်းဖို့ မဖြစ်နိုင်ဘူးဗျာ။ ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့ ရဲ့ စိုက်စရိတ်တွေကအစ သွင်းအားစုတွေ အရမ်းဈေးရှားတဲ့အချိန် တရုတ်အာလူးရဲ့ ဈေးကွက်အခြေအနေနဲ့ဆိုရင် ရှုံးတာပေါ့ တောင်သူက။ အဓိကက ဘာတုန်းဆိုရင် တရုတ်အာလူးက ဈေးပေါပေါနဲ့ များများဝင်လာပြီဆိုရင် ကျနော်တို့ အာလူးက ဈေးကွက်မှာ ရောင်းမထွက်တော့ဘူးပေါ့။ ကျနော်တို့လည်း ဈေးပေါပေါနဲ့ ပြန်လိုက် ရောင်းရတာပေါ့။ အဲလိုရောင်းရတော့ တောင်သူတွေ အကုန်လုံးက အကြွေးတစ်ပုံ တပင်နဲ့ ကျန်ခဲ့တာပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရူံးတာပဲလေ ဒါက”

ဒီနှစ် မြေသြဇာ အပါအဝင် စိုက်ပျိုးစရိတ်တွေ မြင့်တက်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အာလူး တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ် ၇၅ သိန်းဝန်းကျင် ကုန်ကျပြီး တစ်ဧကကို အာလူးကုန်ချိန် ၄၀၀၀ နဲ့ ၅၀၀၀ ကြားထွက်ရှိတယ်လို့ ဆိုပါတယ်။

ဈေးကွက်အတွင်း အာလူးတစ်ပိဿာကို ၁၉၀၀ ကျပ်ကနေ ၂၃၀၀ ကျပ်အထိ ရှိပါတယ်။ ဒါပေမဲ့ တရုတ်အာလူးတွေ ဝင်လာတာကြောင့် ဈေးချင်းတူရင် အလုံးလှပြီး အရည်အသွေး ပိုကောင်းတဲ့ တရုတ်အာလူးကိုပဲ လူတွေက ပိုပြီးဝယ်ယူကြပါတယ်။ ဒါ့ကြောင့် မြန်မာ အာလူးတွေကို ဈေးလျော့ရောင်းရတဲ့ အခြေအနေဖြစ်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။

လက်ရှိဈေးကွက်အတွင်း မြန်မာအာလူးတစ်ပိဿာကို ၁၇၀၀ ကျပ်ကနေ ၂၂၀၀ ကျပ်ဝန်းကျင်သာ ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ အာလူးစိုက် တောင်သူများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တရုတ်အာလူး မှောင်ခိုတင်သွင်းမှုကို မတားနိုင်ရင် အခွန်ကောက်ခံတာမျိုးလုပ်ဖို့ လိုအပ်တယ်လို့ အာလူးစိုက်တောင်သူ ကိုလှိုင်ဦးက ပြောပါတယ်။

“ဒီအချိန်က ဒီဘက်တောင်သူတွေက အထွက်အများဆုံးအချိန်လည်း ဖြစ်တာပေါ့နော်။ တရုတ်ဘက်က ဝင်တာတော့ စားအာလူးတွေပဲ ဝင်တာများတာပေါ့နော်။ အစ်ကိုတို့ ဘက်က တောင်သူတွေကလည်း စားအာလူးစိုက်တဲ့ တောင်သူက များတာပေါ့။ ဒီဘက်က တောင်သူတွေ ထွက်တဲ့အချိန်မှာ တရုတ်ဘက် မဝင်ဖို့ပြောတာတော့ မဟုတ်ပါဘူး။ အခွန် တိုးကောက်ဖို့ပေါ့နော်။ ဒေသအာလူးလည်းထွက်တယ်၊ အထက်ပိုင်းကလည်း တရုတ်အာလူးတွေကို အခွန်ကြီးကြီး ကောက်တယ်ဆိုရင် ဒီဘက်တောင်သူဘက်က စိုက်တဲ့အာလူးဆိုရင် ဈေးပြန်မြောက်လာတာပေါ့။ လုံးလုံးကြီးပိတ်လို့လည်း မရဘူးပေါ့ ။စားသုံးသူလည်း ရှိသေးတာကိုး”

ရေရှည်မှာ စိုက်ပျိုးရေးနည်းစနစ်နဲ့ အရည်အသွေးပိုင်းကိုယှဉ်ဖို့ မြန်မာအာလူးစိုက် တောင်သူတွေအတွက် အာလူးမျိုးစိတ်သစ်တွေ တင်သွင်းတာမျိုး လုပ်ဖို့လိုတယ်လို့ ရှမ်းပြည်တောင်ပိုင်းမှာ အာလူးစိုက်ပျိုးရေး အသိပညာပေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“မျိုးဆိုရင်တော့ ရိုက်ခတ်မှု မရှိဘူး။ စားသုံးတဲ့ဈေးကွက်ကို ပို့တာကတော့ ရိုတ်ခတ်မှု ရှိတယ်။ ကျနော်တို့ ထွက်ရှိမှုနည်းပါးတဲ့အချိန်မှာ ဝင်တာကတော့ ကိစ္စမရှိပါဘူး။ ပြည်သူလူထု စားသုံးသူ လိုအပ်တယ်လေ။ သူတို့ကလည်းဝင် ကျနော်တို့နဲ့ ထိပ်တိုက် ယှဉ်ပြိုင်တဲ့ အခါကျတော့ ကျနော်တို့ဘက်က နစ်နာတာပေါ့။ ဘာလို့လဲဆိုရင် ကျနော်တို့ဘက်က စိုက်ပျိုးမှု အရရော၊ နည်းပညာအရ အရမ်းမမြင့်သေးတော့လေ။ ဒါပေမဲ့ တရုတ်ပြည်ကနေ မျိုးသွင်းတယ်ဆိုရင်တော့ ဒါဥပဒေလမ်းကြောင်းအရလည်း တရားဝင်ပါတယ်ဗျ။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ မျိုးသွင်းပိုင်ခွင့်ရှိတယ်”

တရုတ်အာလူးထက် အရည်အသွေးပိုကောင်းတဲ့ နယ်သာလန်နိုင်ငံက အာလူးမျိုးတွေ တင်သွင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာတောင်သူတွေဟာ တရားမဝင် နယ်စပ်ဝင်ပေါက်တွေကနေ မှောင်ခိုဝင်ရောက်လာတဲ့ တရုတ်အာလူးတွေကို ဈေးကွက်မှာမယှဉ်နိုင်ဘဲ အရှုံးခံရောင်းနေ ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org