ယုံကြည်ချက်မပြောင်းတဲ့ ဖယ်ခုံက CDM ဆရာမ

2022.02.22
ယုံကြည်ချက်မပြောင်းတဲ့ ဖယ်ခုံက CDM ဆရာမ ဖယ်ခုံမြို့နယ်က အထည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ CDM ဆရာမ နော်မူကို ၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်‌နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ဖယ်ခုံမြို့နယ်က အထည်ဆိုင် တစ်ဆိုင်မှာ CDM ဆရာမ နော်မူတစ်ယောက် နေ့စားအကူ ဝင်လုပ်ရင်း မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေရပါတယ်။

တစ်ချိန်က အဖြူ၊ အစိမ်းဝတ်ပြီး ကျောင်းခန်းထဲမှာ ကလေးတွေကို စာသင်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေဟာ စစ်အာဏာသိမ်းပြီးနောက် သူတို့ရဲ့အလုပ်နဲ့ ရာထူးတွေကို စွန့်လွှတ်ခဲ့ကြပါတယ်။

ဆရာမ နော်မူဟာလည်း ဖယ်ခုံမြို့နယ်က စာသင်ကျောင်းတစ်ခုမှာ အလယ်တန်းပြ တာဝန်ကို ထမ်းဆောင်ခဲ့ရာကနေ ပြီးခဲ့တဲ့နှစ် မတ်လကစလို့ ဝန်ထမ်းလစာကို မယူတော့ဘဲ ကြုံရာနေ့စားအလုပ်တွေနဲ့ ဖြတ်သန်း လာခဲ့တာပါ။

“စစ်အာဏာရှင်လက်အောက်မှာ အလုပ် မလုပ်ချင်လို့ပေါ့နော်။ တာဝန်ထမ်းချင်တဲ့စိတ် မရှိဘူး။ ကျမတို့ စစ်အာဏာရှင် လက်အောက် လူမှုရေး ချိုးဖောက်ခံနေရတာ အခုမှ မဟုတ်ဘူး။ အရင် ငယ်ငယ်လေးကတည်း မငြိမ်းချမ်းတဲ့ဒေသမှာ မွေးလာတဲ့အတွက် ငယ်ငယ်ကတည်းက စစ်အာဏာရှင် အစိုးရလက်အောက်မှာ ငယ်ငယ်ကတည်းက ကြုံတာများတဲ့အခါကျတော့ ဒီစနစ်ကို လုံးဝ လက်မခံဘူး”

ကျောင်းဆရာမဘဝနဲ့ အချိန် ၁၈ နှစ်ကျော် ဖြတ်သန်းခဲ့ပြီးနောက် စစ်အာဏာသိမ်းမှုက ဝန်ထမ်းဘဝကို စွန့်လွှတ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆရာမ နော်မူကပြောပါတယ်။

ဆရာမ နော်မူဟာ ဖယ်ခုံမြို့နယ်ထဲက ကယန်းတိုင်းရင်းသား ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး သားသမီး သုံးယောက်ရှိပါတယ်။

အခုအချိန်မှာတော့ ဆရာမနော်မူရော သူ့ရဲ့ခင်ပွန်းပါ မိသားစု စားဝတ်နေရေး အတွက် ကြုံရာကျပန်း အလုပ်တွေနဲ့ ရုန်းကန်နေကြရပါတယ်။

“ကျမကတော့ အခုလောလောဆယ် အထည်ဆိုင်တစ်ခုမှာ အကူဝန်ထမ်းပေါ့။ အိမ်ကအမျိုးသားကလည်း သူများခေါ်တဲ့အလုပ် ကြုံရာကျပန်း အလုပ် လုပ်တယ်။ သားသမီးကလည်း အလုပ်လုပ်နိုင်တဲ့အရွယ် မဟုတ်ဘူးလေ။ ကလေးလည်း ငယ်သေးတဲ့အခါဆိုတော့ မိဘကပဲ ရှာကျွေးရသေးတာပေါ့”

ဆရာမ နော်မူလိုပဲ ဖယ်ခုံမြို့နယ်အတွင်းမှာ CDM ပြုလုပ်ထားတဲ့ အခြား ပညာရေး ဝန်ထမ်းတွေလည်း ကြုံရာနေ့စား အလုပ်တွေနဲ့ ကိုယ်စီ အခက်အခဲတွေကို ဖြေရှင်း နေကြရတယ်လို့ ဆိုပါတယ်။

naw mu
( ဖယ်ခုံမြို့နယ်က အထည်ဆိုင်တစ်ဆိုင်မှာ နေ့စားအလုပ်လုပ်ကိုင်နေတဲ့ ဆရာမ နော်မူကို ၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်‌နေ့က တွေ့ရစဉ်) Photo: RFA

ဆရာမနော်မူဟာ မိသားစု ဝမ်းရေးအတွက် ဖြစ်သလို ဖြေရှင်းနေရသလို ကယားပြည်နယ် မှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခိုကိုးရာမဲ့ ဖြစ်နေကြတဲ့ ဆွေးမျိုးမိသားစုတွေအတွက်လည်း ဆရာမရဲ့ မိသားစုဟာ ခိုကိုးရာ တစ်ခု ဖြစ်နေပြန်ပါတယ်။

“မိသားစုလည်း များတယ်။ ကိုယ့်မိသားစု တစ်စုတည်းလည်း မဟုတ်ဘူး။ စစ်ဘေး ဒုက္ခသည် မိသားစုနဲ့လည်း နေတယ်ပေါ့နော်။ မိသားစု ၄၊ ၅ စုလောက် စုနေတယ်။ အခက်အခဲတော့ အမျိုးမျိုးရှိတယ်ပေါ့။ အရင် ပုံမှန်လစာ ဝင်ငွေလည်းမရှိတော့ ရှိတဲ့အလုပ်နဲ့ပဲ တစ်နေ့စာ စီးဆင်းရတာပေါ့နော်။ အခက်အခဲကတော့ အမျိုးမျိုး ရှိတာပေါ့”

ဖယ်ခုံမြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်း ၁၃၀၀ ခန့်ရှိတဲ့အနက် ၇၂၀ ဝန်းကျင်က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

"ကိုယ့်ရာထူးကို ဘယ်လောက်ပဲ နှမြောပါစေ... ပြန်ဝင်ဖို့ စိတ်ကူးမရှိဘူး"

အဲဒီအထဲက ဆရာမနော်မူ အပါအဝင် CDM ဝန်ထမ်း ၆၅၀ ဦးနီးပါးကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပညာရေးဌာနက အလုပ်ကရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ဆရာမနော်မူကတော့ အလုပ်ပြန်ရဖို့ ကြိုးစားမှာ မဟုတ်တော့ဘဲ အာဏာရှင် ပြုတ်ကျမှပဲ အလုပ်ပြန်ဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။

“ကျမတို့ကတော့ ဒီမိုကရေစီ အစိုးရပြန်တက်လာတဲ့ တစ်နေ့မှပဲ ကျမကတော့ အလုပ်ပြန်ဝင်မယ်။ ဒီပုံစံ ဒီစစ်အာဏာရှင် လက်အောက်တော့ ကိုယ့်ရာထူးကို ဘယ်လောက်ပဲနှမျောပါစေ ပြန်ဝင်ဖို့ စိတ်ကူးမရှိဘူး”

အပြစ်မဲ့ပြည်သူတွေအပေါ် အာဏာသိမ်း စစ်တပ်ရဲ့ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ မြင်တွေ့ရတိုင်း စိတ်မကောင်းဖြစ်မိသလို CDM ပြုလုပ်တဲ့ ယုံကြည်ချက်ကိုလည်း ဘယ်လိုအခက်အခဲ ကြုံတွေ့နေရပါစေ အဆုံးအထိ လုပ်သွားမယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားနယ်စပ် ဖယ်ခုံမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။