စစ်အာဏာကို ဆက်ပြီးအန်တုနေတဲ့ CDM ဝန်ထမ်းများ

မိယဉ်စနိုင်း
2022.01.30


ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ယန္တရား ရပ်တန့်သွားအောင် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) လုပ်ခဲ့တဲ့ကာလကလည်း တစ်နှစ်ပြည့်တော့မှာပါ။

ဒီကာလအတွင်းမှာ တချိန်က စည်ကားခဲ့တဲ့ မြို့ပတ်ဘူတာရုံတွေ၊ ရန်ကုန်ဘူတာကြီးနဲ့ တစ်နိုင်ငံလုံးက မီးရထားပို့ဆောင်ရေးတွေဟာ လက်ရှိအချိန်အထိ ခြောက်ကပ်နေဆဲပါ။ ရထားခရီးစဉ် အတော်များများ ရပ်နားထားရသလို၊ အရေးပါတဲ့ ရထားလမ်းပိုင်းတွေ မှာလည်း ခေါက်ရေအကန့်အသတ်နဲ့ ရက်အပိုင်းအခြားနဲ့သာ ပြေးဆွဲနေရပါတယ်။ ဒါကြောင့် မီးရထား CDM ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းအောင် စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်တာ၊ လစာ ထုတ်မပေးတာ၊ နေစရာလိုင်းခန်းတွေကနေ နှင်ချတာတွေကို ဒီကာလအတွင်းမှာ တွန်းအားပေး လုပ်ဆောင်လာတာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီရဲ့ ယန္တရားရပ်တန့်သွားအောင် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) လုပ်ခဲ့တဲ့ မီးရထားဝန်ထမ်း ကိုကျော်စိုးက သူ့ရဲ့ခံယူချက်ကို အခုလို ပြောပြပါတယ်။

"စာသင်ကျောင်းမှာ ဆရာဆရာမ မရှိတော့လို့ သူတို့စစ်ကောင်စီဘက်က ဆရာဆရာမ အစားထိုးမယ်၊ ဆရာဝန်တွေမရှိတော့လို့ သူတို့စစ်ကောင်စီဘက်က ဆရာဝန်တွေ အစားထိုးပြီးတော့ ဒီဌာနတွေ လည်ပတ်လို့ရနေပေမယ့် မီးရထားဌာနမှာ စက်ခေါင်းမောင်းမရှိတာပဲဖြစ်ဖြစ်၊ စက်ပြင်မရှိတာပဲဖြစ်ဖြစ်၊ နောက်ဆုံး သံလမ်းကိုမူလီရစ်တာကအစ၊ သံလမ်းလုပ်သားတွေကအစ တန်ဖိုးရှိတဲ့လူတန်းစားတွေ ဖြစ်တယ်။ အတန်းပညာ မတတ်တတ်ဗျာ၊ ဒီပညာရပ်တွေ မီးရထားနဲ့ပတ်သက်တဲ့ ပညာရပ်တွေ တတ်နေသမျှ သူတို့က အသုံးဝင်တဲ့သူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့မှာ ဒီခွန်အားတွေ ဒီပညာတွေ ရှိနေသမျှ စစ်ကောင်စီကို အဆုံးအထိ တွန်းလှန်နိုင်တဲ့ အရည်အချင်းတွေ ကျွန်တော်တို့မှာ ရှိနေတုန်းပဲ"

စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေပေမယ့်လည်း မီးရထားဌာန CDM ဝန်ထမ်းအများစုကတော့ လုပ်ငန်းခွင်ပြန်မဝင်ကြသေးဘဲ ရတဲ့နည်းနဲ့တောင့်ခံနေကြဆဲပါ။

"လက်ရှိမှာဆိုရင်တော့ဗျာ CDM ဝန်ထမ်းတွေက တစ်ချို့တွေဆိုလို့ရှိရင် စပြေးကတည်းက အပြင်မှာ နေကြရတာမျိုးရှိတယ်။ အပြင်မှာနေတဲ့အခါကျတော့ ဘာအခက်အခဲရှိလဲဆိုရင် ဧည့်စာရင်းအခက်အခဲ ရှိတယ်။ ဧည့်စာရင်းစစ်မယ်။ တချို့တွေကကျတော့ ရွာခံတွေ နယ်ဘက်တွေကို သွားနိုင်တဲ့သူတွေက သွားနိုင်ပေမယ့်၊ မသွားနိုင်တဲ့သူတွေကျတော့ ရန်ကုန်မှာတင်ပဲ အဆင်ပြေတဲ့နေရာလေးမှာ ခိုကပ်ပြီးနေလိုက်၊ အပြင်မှာနေရတာလည်း မလုံခြုံတော့ဘူး၊ အပြင်မှာ ၇ လတိုင်အောင် သူတို့ရှောင်တိမ်းပြီးနေကြတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ ဒီလိုပဲ လှည့်ပတ်ပြီးတော့ နေခဲ့ကြတယ်။ နောက်ဆုံးကျတော့ ကိုယ့်ရပ်ကွက်ထဲမှာပဲ အဆင်ပြေမယ်ဆိုပြီးတော့ Non-CDM နဲ့အတူ ကိုယ့်ရပ်ကွက်ထဲ ခိုအောင်းပြီးတော့ နေကြရတာမျိုးလည်း ရှိတယ်"

အခုလို CDM ဝန်ထမ်းတွေအပေါ် အင်အားသုံးခြိမ်းခြောက်ပြီး ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းနေတာတွေကို အရေးယူမယ်လို့ NUG အစိုးရရဲ့ CDM အောင်မြင်ရေးကော်မတီက အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မီးရထား CDM ဝန်ထမ်းတွေဟာ လိုင်းခန်းတွေကနေ နှင်ထုတ်ခံနေရဆဲ၊ ပြောင်းပြေးနေရဆဲပါပဲ။

"အခုနောက်ပိုင်းမှာ စစ်ကောင်စီက နည်းလမ်းအသစ်နဲ့ CDM ဆက်လုပ်မယ်ဆိုလို့ရှိရင် လုံးဝ အပြီးအပိုင် အိမ်ကိုဖယ်ပေးရမယ်ဆိုပြီးတော့ စာတွေနဲ့ "စီ" ဆိုတဲ့ အမှတ်အသားတွေ လိုက်ပြီးတော့ကပ်နေတယ်ဗျ။ အဲ့ဒီတော့ သူတို့တွေကလည်း အပြီးအပိုင်ပြောင်းမယ်ပေါ့။ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ၊ လုံးဝသယ်လို့မရတဲ့ဟာမျိုးတွေ ထားခဲ့ပြီးတော့ အရေးကြီးတဲ့ပစ္စည်းတွေ သယ်လာပြီးတော့ စစ်ကောင်စီကို တော်လှန်နေကြဆဲပေါ့"

အရှိန်ပြင်းလာတဲ့ စစ်ကောင်စီဆန့်ကျင်ရေး တိုက်ပွဲတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအပေါ် ကူညီထောက်ပံ့မှုတွေ အားကောင်းလာနေပေမယ့်၊ တဖက်မှာတော့ CDM လှုပ်ရှားမှုအပေါ် ထောက်ပံ့မှု အားနည်းလာတဲ့အတွက် CDM မီးရထားဝန်ထမ်းတွေ နေစရာမရှိတော့တာ၊ အလုပ်အကိုင် ရှာမရတာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်လို မြို့ကြီးပြကြီးမှာ ကျောတစ်နေရာစာပါ ပျောက်လာတဲ့အပြင် စစ်ကောင်စီရဲ့ နည်းမျိုးစုံဖိအားပေးတဲ့ဒဏ်တွေကြောင့် လက်ရှိမှာ CDM လှုပ်ရှားမှုကနေ ထွက်ခွာသွားသူ တချို့ ရှိလာခဲ့ပါတယ်။ လုပ်ငန်းခွင်ပြန်ဝင်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ ရွေးချယ်စရာ မရှိတော့လို့သာ လုပ်နေရတာကို နားလည်ပေးစေချင်တယ်လို့ ကိုကျော်စိုးက ပြောပြပါတယ်။

"အဲ့ဒီတော့ ကူညီထောက်ပံ့တဲ့သူတွေကလည်း နောက်ပိုင်းမှာ နည်းပါးသွားတယ်၊ ကျဲသွားတယ် ဆိုတာမျိုးတွေ ရှိလာတယ်။ နယ်ဘက်ကိုပေါ့။ တောထဲက PDF တွေကို ပိုပြီးထောက်ပံ့လာကြတော့ CDM တွေက အမေ့ခံ ဖြစ်လာတယ်။ နောက်ပိုင်း အလုပ်ကလည်း ဒီအလုပ်မလုပ်ဘူးဆိုပေမယ့် ငုတ်တုတ်ထိုင်နေတဲ့သူမျိုးတွေ မဟုတ်ဘူး၊ ရရာအလုပ်တွေကို ဆွဲပြီးတော့လုပ်နေကြတာပေါ့။ Deli ပို့မယ်၊ တချို့ဆိုလို့ရှိရင်ဗျာ အောက်ခြေသိမ်း အဝတ်လျှော်တဲ့အလုပ်မျိုးတွေ လိုက်ရှာတယ်၊ ကားစပယ်ရာ အလုပ်တွေ လိုက်ရှာတယ်၊ အဲ့ဒီအလုပ်တွေ ဝင်လုပ်နေတာ။ Supporting ရတဲ့ငွေကလည်းဗျာ မိသားစုစားဝတ်နေရေး တစ်ခုလုံးကို ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ ပမာဏ မဟုတ်တဲ့အခါကျတော့ Non-CDM ရယ်လို့ ဖြစ်လာတာ"

ကိုကျော်စိုးကတော့ သူဝန်ထမ်းဘဝတုန်းက စုဆောင်းထားတဲ့ ငွေတွေနဲ့CDM ဝန်ထမ်းတွေကို ရိက္ခာထောက်ပံ့ပေးတာ၊ နေစရာအခက်အခဲ ဖြစ်နေတဲ့ မိသားစု နှစ်စုသုံးစုလောက်ကို စုပေါင်းပြီး တိုက်ခန်းတစ်ခန်းထဲနေလို့ရအောင် အလှူရှင်ရှာဖွေ ချိတ်ဆက်ပေးတာတွေ လုပ်ပေးနေပါတယ်။

CDM ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုကြောင့် စစ်ကောင်စီရဲ့ယန္တရား ပုံမှန်မလည်ပတ်နိုင် တော့သလို၊ ပန်းတိုင်ရောက်ဖို့နီးလာပြီမို့ တစ်နှစ်တာကာလအထိ တောင့်ခံခဲ့ကြတဲ့ ဝန်ထမ်းတွေ ဆက်ပြီးတောင့်ခံပေးကြဖို့၊ မြန်မာ့မီးရထားဝန်ထမ်း CDM လှုပ်ရှားမှုကို အဓိကဦးဆောင်နေတဲ့ ဦးဌေးလှက ပြောပါတယ်။

"ဒီအကြမ်းဖက်စစ်အုပ်စုအနေနဲ့က ဒါက မျှော်လင့်ထားပြီးသားပါ။ ကျနော်တို့ ဝန်ထမ်းအနေနဲ့ လိုင်းခန်းကနေ ဖယ်ထုတ်တယ်ဆိုတာ ဖယ်မှာပဲလေ။ တိုင်းပြည်ကိုတောင်မှပဲ လက်နက်အားကိုးနဲ့ မီးရှို့တယ်၊ မုဒိန်းကျင့်တယ်၊ သတ်တယ် ဖြတ်တယ်။ ကျနော်တို ဝန်ထမ်းလိုင်းခန်းလောက်တော့ ရိုက်၊ ချိုး၊ ဖျက် အိမ်က ဖယ်ခိုင်းတာကို ကျနော်တို့ မျှော်လင့်ထားပြီးသားပါ။ ဒီအပေါ်မှာတော့ သိပ်ပြီးမခံစားပါဘူး။ လာမှာပဲ လုပ်မှာပဲပေါ့နော်"
NUG အစိုးရရဲ့ နွေဦးထီစီမံချက်ကလည်း ရောင်းအားကျလာတဲ့အတွက် CDM လှုပ်ရှားမှုကို ထောက်ပံ့တာတွေ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းတာ တစ်နှစ် ပြည့်သွားပေမယ့်၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ကြံ့ကြံ့ခံပြီး ပါဝင်နေတဲ့ ဒီဝန်ထမ်းတွေအဖို့တော့ သူတို့အားကိုးမျှော်လင့်တဲ့ NUG အစိုးရဆီက ထိရောက်တဲ့ အကူအညီတွေ ရဖို့ စောင့်မျှော်နေကြဆဲပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။