လေးနှစ်ကျော်ကြာ အခက်အခဲကြားက တိုက်ပွဲဝင်နေတဲ့ CDM ဝန်ထမ်းများ

RFA Burmese
2025.03.17
လေးနှစ်ကျော်ကြာ အခက်အခဲကြားက တိုက်ပွဲဝင်နေတဲ့ CDM ဝန်ထမ်းများ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM)မှာပါဝင်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်နေတဲ့ CDM မိသားစုဝင်တွေ နေထိုင်အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၅ ခုနှစ် မတ်လအတွင်းက တွေ့ရပုံ။
RFA

စစ်တပ်အာဏာသိမ်းတာကိုမကြိုက်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ကြသူအများအပြားဟာ စစ်ကောင်စီရဲ့အဖမ်းအဆီးတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခိုလှုံနေကြရပါတယ်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ စည်ပင်သာယာရေးအဖွဲ့က လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်း ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် မိသားစုနဲ့အတူ မဲဆောက်မြို့ကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ရောက်လာခဲ့တာပါ။

မဲဆောက်မြို့မှာတော့ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းတွေ၊ CDM တွေအများစု လာရောက်ခိုလှုံနေကြပြီး ထိုင်းအာဏာပိုင်တွေရဲ့ တင်းကျပ်တဲ့အုပ်ချုပ်မှုအောက်မှာ အဆင်မပြေတဲ့အပြင် ရံဖန်ရံခါ ဖမ်းဆီး ခံရနိုင်ပါတယ်။

မိသားစုဘဝရပ်တည်ရေးအတွက် အရင်က ကိုယ်တတ်ထားခဲ့တဲ့ အတတ်ပညာတွေက သူများနိုင်ငံမှာ အသုံးမဝင်တော့သလို ခွန်အားနဲ့လုပ်ကိုင်ရှာဖွေစားသောက်ကြရတဲ့အထိ ရုန်းကန်နေကြရတယ်လို့ ဦးသီဟဝင်းက ပြောပါတယ်။

 “ပြည်တွင်းမှာနေတုန်းက အင်ဂျင်နီယာ A/E တစ်ယောက်အနေနဲ့ ခန့်ခန့်ထည်ထည်နေခဲ့ပေမယ့် ဒီ ဖက်ကိုရောက်တော့ ကျွန်တော် ပန်းရံလိုက်လုပ်တယ်၊ တခါတလေကျရင် ကျွန်တော် ကုန်တင်ကုန်ချတွေလိုက်လုပ်တယ်၊ အခုနောက်ပိုင်းကျတော့ ကျွန်တော်အဲဒါတွေမလုပ်နိုင်တော့ ကျွန်တော်ခြံထဲမှာ အပင်စိုက်တယ်၊ စျေးရောင်းတယ်ပေါ့နော်၊ ကျွန်တော်တို့အစက ရဲကတ်နဲ့နေတယ်၊ ရဲကတ်နဲ့နေ လည်း သူတို့လုပ်ချင်သလိုလုပ်တယ်၊ ဥပမာ ဘယ် အချိန်မထွက်ရဘူး၊ ဥပမာ ည ၈ နာရီမထွက်ရဘူး တို့ ည ၉ နာရီမထွက်ရဘူးတို့ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ကျွန်တော်တို့ကိုချုပ်ချယ်တယ်၊ ပြီးရင် ကျွန်တော်တို့ ပန်းရံသွားဆင်းရင်တောင်မှပဲ ပန်းရံဆင်းတဲ့ဆိုက်ထဲမှာ မင်းမှာအဲလိုလုပ်ပိုင်ခွင့်ရှိလို့လားဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ကိုလာဖမ်းလို့ရတယ်ဆိုတဲ့ ဥပဒေတွေသူတို့မှာရှိတယ်”

ဦးသီဟဝင်းဟာ အသက် ၄၆ နှစ်ရှိပြီး ဝန်ထမ်းလုပ်သက် ၁၇ နှစ်နဲ့ CDM လုပ်ခဲ့တာဖြစ်ပါတယ်။ သူငှားနေတဲ့ နေရာက မြေကွက်လပ်ပေါ်မှာ စိုက်ပျိုးသီးနှံပင်တွေစိုက်ရင်း ဇနီးဖြစ်သူနဲ့အတူ အကြော်ရောင်းနေသူပါ။

ထိုင်းနိုင်ငံထဲမှာနေထိုင်ဖို့အတွက် အိမ်ခန်းရှာဖွေရတာကအစ၊ နေ့စဉ်စားသောက်ဖို့၊ လစဉ်အိမ်ခန်း ငှားခပေးရဖို့၊ ရဲကတ်ကြေးပေးဖို့ စတာတွေအားလုံးအတွက် ဝင်ငွေရဖို့အတွက် အလုပ်ရွေးနေလို့ မရကြပါဘူး။

မဲဆောက်မြို့မှာ ထိုင်းရဲတွေရဲ့ဖမ်းဆီးခံရတာကြုံခဲ့ရပုံကို မော်လမြိုင်ကျွန်းမြို့နယ်က အလယ်တန်းပြ ကျောင်း ဆရာမ ဒေါ်အေးအေးက ပြောပြပါတယ်။

 “ကျွန်မတို့ CDM တွေစုပြီးတော့ ဟင်းချက်ရောင်းတဲ့အချိန်မှာ ကျွန်မတို့စျေးထွက်ဝယ်၊ စျေးထွက်ဝယ်တဲ့အချိန်မှာ ထိုင်းရဲတွေကဖမ်းသွားခဲ့တယ်ပေါ့၊ ရုံးကိုရောက်သွားတယ်၊ အဲ့ဒီအချိန်မှာ ကျွန်မတို့ ကို ပိုက်ဆံ နှစ်သောင်းတောင်းတယ်ပေါ့နော်၊ ပေးနိုင်တဲ့အခြေအနေကမရှိဘူး၊ အကြိမ်ကြိမ်ဖုန်းဆက်ခိုင်းတယ်၊ ကျွန်မတို့မှာဆက်စရာလည်းမရှိဘူး၊ အိမ်မှာပေးစရာလည်းမရှိဘူးပေါ့၊ အဲဒီမှာ ကျွန်မတို့ အငိုတွေ အရီတွေနဲ့ ပြီးတော့ ကျွန်မကိုဆိုရင် သူတို့လက်ထိပ်ခတ်ထားတယ်။အထဲမှာပြန်မလွှတ်ဘူး။ နှစ်ချက်ကတည်းကဖမ်းထားလိုက်တာ ညနေ စောင်းလာပြီ ကျွန်မလည်း အငိုတွေ အရီတွေနဲ့ ဖြစ်ကုန်ရော။ အဲဒါနဲ့ပဲ ၆ နာရီကျော်လောက်ကျမှ အဲဒါဆိုရင် ၁ သောင်းပေးနိုင်မလားပေါ့ နှစ်ယောက်ကို တစ်ယောက် ဘတ် ၅ ထောင်နဲ့ ကျွန်မတို့က မိုးကချုပ်လာပြီဖြစ်တဲ့အတွက် ကျွန်မနဲ့အတူပါလာတဲ့ ဆရာမကြီးက သူ့ရဲ့အသိကိုဖုန်းဆက်ပြီး လာခေါ်ခိုင်းရတာပေါ့”

လက်ရှိ CDM လုပ်ထားတဲ့ဝန်ထမ်းပေါင်း လေးသိန်းကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပတဲ့ CDM ဝန်ထမ်းတွေကိုဂုဏ်ပြုတဲ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီး  ဒေါက်တာဇော်ဝေစိုးက ပြောခဲ့ပါတယ်။


ဆက်နွှယ်သော သတင်းများ

တွန်းဇံမြို့နယ်တွင်း CDM လုပ်ဖို့ ပူးပေါင်းလာသူ တစ်ရာနီးပါးရှိ

CDM ဝန်ထမ်းတွေမခန့်ဖို့ ပုဂ္ဂလိကဆေးရုံတွေကို စစ်ကောင်စီ ဖိအားပေး

CDM ဝန်ထမ်းတွေကို အပြည့်အဝ မထောက်ပံ့နိုင်တဲ့အပေါ် နားလည်ပေးဖို့ NUG ပြော


အဲဒီ လေးသိန်းကျော်ရှိတဲ့ CDM ဝန်ထမ်းတွေအတွက် အပြည့်အဝထောက်ပံ့မပေးနိုင်ခဲ့တဲ့အပေါ် နားလည်ပေးဖို့အတွက်လည်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က အဒီအခမ်းအနားမှာ ပြောထားပါတယ်။

စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယား ရပ်တန့်သွားဖို့ ဝန်ထမ်းအားလုံး CDM မှာ ပူးပေါင်းပါဝင်လာဖို့ လိုတယ်လို့  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှုးရာထူးကနေ CDM လုပ်လာတဲ့ ဦးပြုံးချို (အမည်လွှဲ) က ပြောပါတယ်။

 “တိုက်တွန်းချင်တာကတော့ အမှန်တရားကို အမှန်တရားအတိုင်းသိဖို့၊ နောက်တစ်ခုက လူက ဘယ် နေရာမှာပဲ ဖြစ်ဖြစ် ရှင်သန်ဖို့ကြိုးစားရင် ရှင်သန်နိုင်ကြတာပါပဲ၊ အဲဒါကြီးကို ကြောက်ပြီးတော့ အကြောက်တရားစိုးမိုးခဲ့တဲ့လူတွေ အများကြီးကျန်ခဲ့တယ်၊ တချို့ဆို အခု ကျွန်တော်တို့ကိုတော့ နားလည်ပေးပါဆိုတာမျိုးတွေက ရှိတုန်းပဲ၊ လိုရင်တော့ကျွန်တော်တို့ကို ပြောလိုက်ပါ ကျွန်တော်တို့ ဘာ ကူညီပါ့မယ်။ ဒါပေမယ့် အဲလိုဟာတွေ ကျွန်တော် တို့က မလိုချင်ဘူး၊ ကျွန်တော်တို့က ဒီလူတွေနဲ့ကို ဆက်ဆံရမှာကိုလည်း တော်တော်လေးကို ဘယ်လိုပြောမလဲ  စိတ်ထဲမှာ အသင့်မဖြစ်ဘူးဗျာ၊ ပြောရရင်တော့ဗျာ ငှက်အုပ်ကြီးက ဒီပိုက်ကွန်ကြီးကို တစ်ကောင်ချင်းတိုးနေလို့ကတော့ ဘယ်လိုလုပ် ဖြစ်မှာလဲ၊ အားလုံးသာပြိုင်တူတွန်းလိုက်ရင် ဒီပိုက်ကွန်က လွတ်သွားမှာပဲ”

လုပ်သက်၊ ရာထူး၊ လုပ်ပိုင်ခွင့်တွေအပြင် အတန်အသင့် စုဆောင်းထားသမျှတွေကိုစွန့်လွှတ်ပြီး လက်ရှိမဲဆောက် မြို့မှာလည်း အခက်အခဲကြားကနေထိုင်ရင်း စစ်အာဏာရှင်ပြုတ်ကျရေးမှာ အဆုံးအထိ ပါဝင်သွားမယ်လို့ သူတို့က ပြောကြပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။