အစိုးရ တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးဟာ မိုင်းရှင်းလင်းရေးကို မလုပ်ဆောင်တဲ့အတွက် ဒီကနေ့အချိန်အထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု ၄ ထောင်ကျော်အထိ ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICLB) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီနေ့ ကျင်းပတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲအကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။
~~~~~~~~~~
မိုင်းရှင်းလင်းရေး ICLB အစီရင်ခံစာ
(သန့်ဇင်ဦး)
■ မြေမြှုပ်မိုင်းကြောင့် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က သေဆုံးမှုနဲ့ ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ သေဆုံးမှုဟာ ၄ ထောင်ကျော် ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICLB) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
(ICLB) ရဲ့ သုတေသန အဖွဲ့ဝင် မစ္စတာ ယေရွှာမိုဆာ ပန်စူးဝမ် က ဘာသာပြန်က တဆင့် အခုလို ပြောပါတယ်။
"နိုင်ငံအစိုးရတွေဆီက သတင်းအချက်အလက်ကို မရသလို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆီကလည်း စာရင်းဇယားနဲ့ သတင်းတွေ မရပါဘူး၊ ၁၉၉၉ ခုနှစ် မိုင်းနဲ့ပတ်သက်တဲ့ စောင့်ကြည့်ရေးအဖွဲ့ စလုပ်ခဲ့တဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ အကြမ်းဖျင်းအားဖြင့် လက်တွေ့ အမည်ဖော်နိုင်တဲ့စာရင်းကတော့ ၄ ထောင်ရှိပါတယ်၊ ကျနော်တို့ကတော့ ဒါကို နောက်ဆုံးဂဏန်းဖြစ်တယ်လို့ မဆိုပါဘူး၊ ကျနော်တို့ရတာကိုပဲ ဖော်ပြခြင်းဖြစ်ပါတယ်၊ ကျတော်တို့စာရင်းယူတဲ့ အမည်စာရင်းတွေအရ အနည်းဆုံး ၄ ထောင်ဖြစ်တယ်ဆိုတာပဲ ဖော်ပြနိုင်ပါတယ်"
၂၀၁၇ နှစ်ကုန်ထိ ရရှိထားတဲ့ စာရင်းတွေအရ ပြည်နယ်နဲ့တိုင်း ၁၀ ခုက မြို့နယ် ၇၈ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၅ ရာကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူက ၄ ထောင် နီးပါးအထိရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီကနေ့အချိန်ထိ မြန်မာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ မိုင်းရှင်းလင်းရေးလုပ်ငန်းကို မလုပ်ဆောင်ကြသေးဘူးလို့ အစီရင်ခံမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုရှိတဲ့ နိုင်ငံတွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ယူနေပေမယ့် မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ဖို့ကိုတော့ ပါဝင်လက်မှတ်မထိုးဘူးလို့ ICLB ရဲ့ သုတေသန အဖွဲ့ဝင် မစ္စတာ ယေရွှာမိုဆာ ပန်စူးဝမ်(Yesha Moser Puangsuwan) ပြောပါတယ်။
"မြေမြှုပ်မိုင်းဒဏ်ကို ခံနေရတဲ့ နိုင်ငံတွေကို ကူညီပေးတဲ့အထဲမှာ မြန်မာနိုင်ငံက အကူအညီတွေ ယူနေတယ် ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကုလသမဂ္ဂ ညီလာခံမှာတော့ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းကာကွယ် တားဆီးဖို့ ပါဝင်လက်မှတ်ရေးထိုးတဲ့နေရာမှာ မပါဝင်ခဲ့ပါဘူး"
မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး အန္တရာယ်ရှိတဲ့နေရာနဲ့ သံသယရှိတဲ့နေရာတွေအဖြစ် ကရင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် အားလုံးနဲ့ ကရင်နီပြည်နယ်က မြို့နယ် ၇ မြို့နယ် အားလုံးအပြင် ကချင်ပြည်နယ်မှာ ၁၄ မြို့နယ်၊ မွန်ပြည်နယ်မှာ ၆ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၂ မြို့နယ်၊ ရှမ်းပြည်နယ်မှာ မြို့နယ် ၃၀၊ ချင်းပြည်နယ်မှာ ၁ မြို့နယ်၊ စကိုင်းတိုင်းဒေသကြီးမှာ ၁ မြို့နယ်၊ ပဲခူုးတိုင်းဒေသကြီးမှာ ၄ မြို့နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ၆ မြို့နယ်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်းလက်ဝယ်ရှိသူတွေအနေနဲ့ မြေမြှုပ်မိုင်းက သူတို့ကို ကာကွယ်ပေးတယ်ဆိုတဲ့ အတွေးတွေရှိနေလို့ အခုချိန်ထိ ရှင်းလင်းရေး မလုပ်ဆောင်နိုင်ကြသေးတာဖြစ်ပြီး ဒါကိုနားလည်အောင် မရှင်းပြနိုင်သေးသရွေ့ တပ်မတော်ရဲ့ပါဝင်မှုရဖို့လည်း ခက်နေတယ်လို့ မစ္စတာ ပန်စူးဝမ် က ပြောပါတယ်။
"အခက်အခဲက လက်ထဲမှာမိုင်းကိုင်ထားတဲ့သူတွေရဲ့အခက်အခဲဖြစ်နေတယ်၊ တပ်မတော်ကလည်း မြေမြုပ်မိုင်းဟာ အတိုင်းအတာတစ်ခုအထိ သူ့ကိုအကာအကွယ်ပေးတယ်လို့ ယူဆတယ်၊ အဲ့ဒီလို မြေမြုပ်မိုင်းကိုင်မှ လုံခြုံတယ်ဆိုတဲ့ခံယူချက်ဟာ ေ၀ဝါးနေတယ်၊ သူတို့ကိုနားလည်အောင် မရှင်းပြနိုင်မချင်း တပ်မတော်ရဲ့ပါဝင်မှုရဖို့ခက်နေပါတယ်"
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံး အဆင့် ၅ မှာရှိနေပေမယ့် နိုင်ငံံပေါင်း ၁၆၂ နိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်နဲ့ နိုင်ငံပေါင်း ၁၂၀ က လက်မှတ်ရေးထိုးထားတဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားပြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို အခုအချိန်ထိ လက်မှတ်ရေးထိုးမှု မရှိသေးပါဘူးခင်ဗျာ။