ဘိုကလေးနယ်က ရေလုပ်ငန်းသမားတွေ တဖြည်းဖြည်းကျပ်တည်းလာ

RFA Burmese
2023.10.06
ဘိုကလေးနယ်က ရေလုပ်ငန်းသမားတွေ တဖြည်းဖြည်းကျပ်တည်းလာ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာရှိ ကိုမောင်၏ ကျားပိုက် လုပ်ငန်းခွင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ရေကျော်ကြီးရွာမှာ မြစ်ပြင်ကို အမှီပြုပြီး ကျားပိုက်ထောင်ရင်း ဘဝဖြတ်သန်းနေတဲ့သူကတော့ အသက် ၃၅ နှစ်အရွယ် ကိုမောင်ပါ။ ငါးနဲ့ ပုစွန်အသေးတွေဖမ်းတာကို ကျားပိုက်ထောင်တာလို့ ခေါ်ပါတယ်။ ကိုမောင်က ကျားပိုက်ကို တစ်နေ့ နှစ်ကြိမ်ထောင်ပြီး နေ့ရောညပါ အလုပ်လုပ်တဲ့သူပါ။ ကျားပိုက်ကရလာတဲ့ ငါးနဲ့ပုစွန်တွေကို အိမ်ပြန်ပို့ပေးတဲ့အခါ သူ့ဇနီး မမို့မို့အေးက အလုပ်သမားတွေနဲ့ စိစစ်ရွေးချယ်ပြီး ပြန်ရောင်းပါတယ်။

"ဒီလိုအတိုင်းသွားနေမယ်ဆိုရင်တော့ ကိုယ်စားရတာနဲ့ သူ့ပေးရတာနဲ့ အတူတူလောက်ပါပဲ"

သူတို့ မိသားစုဟာ နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့နောက်ပိုင်း ရေလုပ်ငန်းကို လူငှားဘဝနဲ့ စပြီးလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဆင်ပြေလာလို့ ကိုယ်ပိုင်လုပ်နိုင်လာခဲ့ပါတယ်။ သူတို့မှာမိသားစု ခြောက်ယောက်ရှိပါတယ်။ အရင်က အဆင်ပြေခဲ့တဲ့ ကိုမောင်တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီး တရိပ်ရိပ်ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှတော့ဘဲ ပိုပိုလျှံလျှံမရှိတော့ပါဘူး။ သူတို့ ရောင်းလို့ရတဲ့ ပုစွန်တစ်ပိဿာဖိုးဟာ ဆန်တစ်ပြည်ဖိုးပဲရပြီး ပြန်ဝယ်ရတဲ့ ရေလုပ်ငန်းသုံး ကြိုးတစ်ပိဿာကို အရင်နှစ်က ၈၀၀၀ ကျပ်ကနေ အခုဆိုရင် ၁၂၀၀၀ ကျပ်အထိ မြင့်တက်သွားပါတယ်။

ကုန်စျေးနှုန်းကြီးပြီး ရေထွက်ကုန်ပစ္စည်းတွေ စျေးနှိမ်ခံရလို့ အရင်လို လည်ပတ်မှု မရှိတော့ဘူးလို့ ကိုမောင်က ပြောပါတယ်။

"ဒီလုပ်ငန်းက ဝယ်သုံးရတဲ့ပစ္စည်းတွေက စျေးမြင့်သွားတဲ့အခါကျတော့ နည်းနည်း ကျပ်သွားတာပေါ့။ အရအမိက တစ်နှစ်ထက်တစ်နှစ်က ပါးပါးလာတယ်လေ။ နဂိုအတိုင်း မနှစ်ကရသလို ဒီနှစ်က ရမှမရတာ။ မရတော့ မိုးခေါင်တာနဲ့ ရေရှားတာနဲ့ဆိုတော့ အဲလိုမျိုးပေါ့။ လည်ပတ်မှုက သိပ်မရှိကြဘူးပေါ့။ ဒီကြိုးစျေး၊ ဘော့စျေး၊ ပိုက်သားစျေး သူတို့က စျေးမြင့်ပြီးတော့ ကျွန်တော်တို့ ရလာတဲ့စျေးနဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင်တော့ ဘဲစားဘဲကြေလောက်ပဲ ကျတာပေါ့"

ဝင်ငွေနဲ့ထွက်ငွေ မမျှတော့လို့ လုပ်ငန်းရပ်နားရတဲ့ ရေလုပ်ငန်းသမားတွေဟာ ရေကျော်ကြီးရွာမှာတင် တစ်နှစ်ကို သုံးယောက်လောက်ရှိပါတယ်။ ကိုမောင်တို့ မိသားစုကတော့ ကျားပိုက်ထောင်တဲ့ လုပ်ငန်းအပြင် မျှင်ပုစွန်လည်းထောင်သလို၊ လယ်လုပ်ငန်းပါ တစ်နိုင်တပိုင်လုပ်တာကြောင့် ဆက်လက်ရပ်တည်နိုင်တာပါ။

အခုတော့ ငါးပုဇွန်တွေကို ကုန်သည်တွေက စျေးနှိမ်ဝယ်တာကြောင့် အရင်လို အဆင်မပြေတော့ဘူးလို့ ကိုမောင်ရဲ့ဇနီး မမို့မို့အေးက ပြောပါတယ်။

"ကိုယ်ကတော့ ကိုယ့်ဆီကဟာလေးလည်းတက်။သူ့ဆီကဟာလေးနဲ့လည်း ပုံမှန်သွားချင်တာပေါ့။ အခု ဆန်၊ ဆီ၊ ဆားပဲ ကြည့်ဦးလေ။ စျေးတက်လာတာ။ ဆီစျေးဆိုလည်း အော်တက်လာတာ။ ဆန်စျေးတွေဆိုလည်း အော်တက်လာတာ။ ဒီက ပုစွန်ငါးရောင်းရတဲ့စျေးက အနှိမ်ခံရ။ အနှိမ်ခံရတော့လည်း ပိုက်တွေ ကိုယ်ပိုင် သမားတွေလည်း မချောင်လည်ဘူး။ အဲဒီကြားထဲ လူငှားတွေကလည်း ဆင်းနေတယ် ဆိုတော့ လူငှားတွေကလည်း ကိုယ်တွေဘက်ကနှိမ်တော့လည်း သူတို့လည်း အဆင်မပြေဘူး"

ဒေါ်သက်သက်ခိုင်ကတော့ ကိုမောင်တို့ရဲ့ ကျားပိုက်စင်မှာ လူငှားလုပ်နေတာ ၃ နှစ်လောက်ရှိပါပြီ။ သူ့မှာတော့ မိသားစု သုံးယောက်ရှိပါတယ်။ မိုးရာသီမှာ ပုစွန်ရွေးတဲ့အလုပ်လုပ်ပြီး နွေရာသီမှာတော့ မျှင်လုပ်ငန်း လုပ်ပါတယ်။ မိုးရာသီမှာ ၁၅ ရက်ကို တစ်သောင်းခွဲကနေ သုံးသောင်းအထိ လုပ်အားခရပါတယ်။ သူတို့ရွာမှာ ဆန်ကြမ်းတစ်ပြည်ကို ၄၀၀၀ ကျပ်၊ ဆီတစ်ဆယ်သား ၁၃၀၀ ကျပ်၊ ငရုတ်သီး တစ်ဆယ်သားကို ၃၀၀၀ ကျပ်နဲ့ ဝယ်စားရပါတယ်။ ဒါကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှတော့လို့ ငါးပုစွန်သိပ်မရရင် စျေးဆိုင်ကနေ အကြွေးယူစားရတယ်လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

"ရတဲ့အခါဆိုရင်တော့ သူလည်းပိုပြီးတော့ ပေးပါတယ်။ နည်းနည်းပါးပါး ကိုယ်လည်း ပြေလည်မှုရှိပါတယ်ပေါ့နော်။ မရတဲ့အခါဆိုရင်တော့ သူလည်းပေးလို့မှ မရတာကိုး။ ကိုယ်လည်းနည်းနည်းပါးပါးတော့ အဆင်တော့ မပြေဘူးပေါ့။ အဲလိုတော့ ရှိတယ်ပေါ့။ တံငါက လှေဦးစိုရင် စိုတယ်။ ခြောက်ရင် ခြောက်တယ်ပေါ့။ မရှိတဲ့အခါကျတော့ ဒီလိုပေါ့။ စျေးဆိုင်က အကြွေးယူတယ်။ အကြွေးပတ်ကြတယ်။ နည်းနည်းပါးပါး ဖုတ်ဖတ်ခါပြီး ရှာပေးရတယ်။ ဒီလိုပဲ ပြေးဟယ်လွှားဟယ် လုပ်ဟယ်ကိုင်ဟယ်နဲ့ အဲဒီလိုပဲ လုပ်ကိုင်စားရတာပေါ့လေ"

အသက် ၅၇ နှစ်အရွယ် ဦးဇော်ဦးကတော့ ကိုမောင်ရဲ့ ဖခင်ပါ။ သူက ရေကျော်ကြီးရွာမှာ နာဂစ်မုန်တိုင်းကြောင့် သားနှစ်ယောက် အပါအဝင် မိသားစုဝင် သုံးယောက် သေဆုံးခဲ့ ရပါတယ်။ အခုတော့ ကျန်တဲ့သမီးတွေဆီမှာ မနေဘဲ သားဖြစ်တဲ့ ကိုမောင်နဲ့နေပြီး ရေလုပ်ငန်းမှာ ဝိုင်းကူပေးနေတာပါ။ ဦးဇော်ဦးကတော့ ချောင်းလေလံဆွဲထားသူတွေက စျေးနှိမ်ဝယ်လို့ အဆင်မပြေတဲ့အကြောင်း ပြောပြပါတယ်။

"အရအမိက နဂိုထက်စာရင်တော့ ခါတိုင်းတစ်ပါးမှာ တစ်ပိဿာလောက်ရမယ့်နေရာမှာ အခုအချိန်အခါမှာတော့ ၈၀ သား၊ ၉၀ သားလောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့ ဘဝက ဘာနဲ့တူသလဲဆိုတော့ အလေးကလည်း ကြီးတာတကြောင်း၊ စျေးကလည်း အနှိမ်ခံရတာတစ်ပိုင်း၊ ဆိုက်မှာကျတော့လည်း လေးလက်မလောက်ရှိတာမှ ဂျားကျထဲကျ။ တိုက်ဂါးဖြစ်ခါမှ လေးလက်မလောက်ရဆိုတော့ သုံးမျိုး သုံးဖလှယ်တော့ ခံစားရတာပေါ့"

ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာရှိ ကိုမောင်၏ ကျားပိုက် လုပ်ငန်းခွင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာရှိ ကိုမောင်၏ ကျားပိုက် လုပ်ငန်းခွင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကျားပိုက်ထောင်တဲ့သူတွေဟာ ၂၀၂၀ ခုနှစ်မှာ ကျားပိုက်ချက်တစ်နေရာကို ချောင်း လေလံခ ခုနစ်သောင်းကျပ်နဲ့ ပေးရာကနေ ၂၀၂၁ ခုနှစ်မှာ ၂ သိန်းအထိ စျေးတက်သွား ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ၃ သိန်းခွဲကနေ ၄ သိန်းအထိ ထပ်တက်သွားပါတယ်။ ချောင်းလေလံ စျေးတွေမြင့်တက်လာပေမယ့် အပြင်ပေါက်စျေးတစ်သောင်းခွဲရှိတဲ့ ပုစွန်တစ်ပိသာကို ငွေတစ်သောင်းနဲ့ ရောင်းနေရတာပါ။ ဒါကြောင့် ရတဲ့ ငါး၊ ပုစွန်တွေကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးရင် အဆင်ပြေမယ်လို့ ဆိုပါတယ်။

"လွတ်လပ်စွာ လုပ်စားပိုင်ခွင့်ပေးမယ်။ လေလံကလည်း သင့်တင့်တဲ့စျေးနဲ့ အပြီးချ မယ်ဆိုရင်တော့ ကျွန်တော်တို့ တံငါလုပ်ငန်းသမားတွေအတွက် ပြောမယ်ဆိုရင် စိုစိုပြည်ပြည်နဲ့ ပျော်ပျော်ရွှင်ရွှင် နေကြရမှာပေါ့။ အခုအတိုင်းကျတော့ ပိုလျှံမှု သိပ်မရှိတဲ့အခါကျတော့ နည်းနည်းဖတ်သီဖတ်သီတော့ ဖြစ်သွားကြတယ်။ သူတို့အနေနဲ့ လေလံစျေးကို သုံးသိန်းလောက်ပေါက်တဲ့နေရာမှာ ငါးသိန်းလောက်တောင်းပြီး လွတ်လပ်စွာလုပ်စားဆိုရင် ကျွန်တော်တို့ဘဝတွေက ပိုပျော်ရမှာပေါ့။ သူတို့က အဲလိုမှ မဟုတ်လို့ ဒီလိုအတိုင်းသွားနေမယ် ဆိုရင်တော့ ကိုယ်စားရတာနဲ့ သူ့ပေးရတာနဲ့ အတူတူလောက်ပါပဲ"

ရေလုပ်ငန်းပဲ ကျွမ်းကျင်တဲ့ ကိုမောင်ဟာ သူ့သားတွေကိုတော့ ဒီလုပ်ငန်းကို လက်ဆင့်ကမ်းပြီး မလုပ်စေချင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးအဆင်ပြေလာရင် အလုပ်သစ်ပြောင်းဖို့ စိတ်ကူးရှိပေမယ့် အခွင့်အလမ်းရှားပါးနေတဲ့ အခုလိုအချိန်မှာ သူကျွမ်းကျင်တဲ့အလုပ်ကိုပဲ ဆက်လုပ်ရင်း အခက်အခဲတွေကို ဖြတ်ကျော်နေရဦးမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။