ဆောင်းခိုငှက်တွေကို အဆိပ်ကျွေး ဖမ်းဆီးမှုတွေဖြစ်နေ


2019.02.08

 

ဆောင်းခိုငှက်တွေကို အဆိပ်ကျွေး ဖမ်းဆီးမှုတွေဖြစ်နေ

~~~~~~~~~~

■ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ပလိပ်အင်းမှာ ငှက်ဖမ်းမုဆိုးတွေက ငှက်တွေကို  အဆိပ်ကျွေးပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်နေ့တိုင်းနီးပါး ဖြစ်နေပါတယ်။

RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

~~~~~~~~~~

ဆောင်းခိုငှက်တွေကို အဆိပ်ကျွေး ဖမ်းဆီးမှုတွေဖြစ်နေ

(ခေမဏီဝင်း)

■ စဉ့်ကိုင်မြို့နယ်က ပလိပ်အင်းဟာ သဘာဝရေတိမ်ဒေသတစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ငှက်တွေနားခိုဖို့ အရေးကြီးနေရာသတ်မှတ် ထိန်းသိမ်းထားတဲ့ နေရာဖြစ်ပါတယ်။

ဒီနေရာမှာ အနီးနားကျေးရွာတွေက ငှက်မုဆိုးတွေဟာ အခုနှစ်ပိုင်းတွေအတွင်းမှာ ငှက်တွေကို အဆိပ်ပစ်ဖမ်းဆီးတာတွေ လုပ်လာတာကြောင့် ငှက်အမျိုးအစားမရွေး အစုလိုက် အပြုံလိုက်သေဆုံတာတွေ ဖြစ်နေတယ်လို့ ပလိပ်အင်းဒေသခံတွေထံက ပြောပါတယ်။

ပလိပ်အင်းမှာ ငါးကန်စောင့်တစ်ဦးဖြစ်တဲ့ ဦးဖိုးတုတ်က ငါးကန်ကို နေ့စဉ်လှည့်ပတ်ကြည့်ပြီး စစ်ဆေးတဲ့အခါမှာ ငှက်တွေ အများအပြားသေဆုံးတာကို တွေ့ရတယ်လို့ အခုလို ပြောပါတယ်။

"ဆောင်းခိုငှက်ပေါင်းစုံ အသေတွေ့ရတယ်။ အရင်နှစ်က ဒီလောက်မဆိုးဘူး။ ဒီနှစ်ကျမှဆိုးတာ။ ဟိုတုန်းက ဒီလောက်ဆေးချတာ မရှိဘူး။ ဒီနှစ်က ကြာဥတွေနှုတ်ပြီး ကြာဥတွေမှာ ဆေးတွေပုံပြီးလုပ်တာ။ ဟိုတုန်းက တစ်ယောက်တလေပဲလုပ်တယ်။ အခုကျတော့ လေးငါး ခုနှစ်ယောက်လုပ်တာပေါ့"

ပလိပ်အင်းဟာဆိုရင် ဒေသခံငှက်မျိုးစိတ်တွေအများစု လာရောက်နားခိုတဲ့အင်းတစ်ခုဖြစ်ပြီး နွေဦးပေါက်ရာသီမှာတော့ အင်းအတွင်းက လယ်မြေတွေမှာ ဒေသခံတွေက စိုက်ပျိုးရေးလုပ်ကြပါတယ်။

မိုးတွင်းမှာ အင်းရေဟာ အင်မတန်များပြီး အင်းရေခန်းချိန် အခုလို ဆောင်းရာသီကာလမှာတော့ ကမ္တာပေါ်က ရှားပါးငှက်မျိုးစိတ်တွေလည်း လာရောက်နားခိုတက်ကြပါတယ်။

ယခင်နှစ်ကကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရဆိုရင် ကမ္ဘာ့ရှားပါး ငှက်မျိုစိတ်ပေါင်း ၂၁ မျိုးလောက် လာရောက်ဆောင်းခိုလေ့ရှိတယ်လို့ သိရပါတယ်။

ငှက်တွေနားခိုရာ အင်းတွေဟာ ငှက်ဖမ်းမုဆိုးတွေရဲ့ ဈေးကွက်ကြီးလိုဖြစ်နေတဲ့အတွက် အစိုးရ၊ အသင်းအဖွဲ့နဲ့  ဒေသခံတွေ တက်တက်ကြွကြွ ကာကွယ်ထိန်းသိမ်းသင့်တယ်လို့ မြန်မာငှက်နဲ့ ဆောင်းခိုငှက်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ငှက်ချစ်သူများအသင်းက  ဦးမျိုးတင်မွှေးက ပြောပါတယ်။

"အဆိပ်ချတယ်ဆိုတာ အကောင် ငါးဆယ်လည်း သေနိုင်တယ်။ တစ်ရာလည်း သေနိုင်တယ်။ တစ်နေ့ကို ဆယ်ကောင်နဲ့တွက် ဆယ်ရက် အကောင် တစ်ရာ၊ သူတို့က ဒီမှာ ရက် တစ်ရာလောက်ခိုတာ။ မြန်မာပြည်ကိုလာတဲ့ ငှက်တစ်သိန်းက ပြန်သွားရင် ငါးသောင်း မရှိတော့ဘူး။ မြန်မာပြည်က အစာရေစာပေါလို့ လာရပေမယ့် လုံခြုံမှုမရှိဘူး။လုံခြုံမှုပေးနိုင်တာက အဖွဲ့ သုံးဖွဲ့ရှိတယ်။ အစိုးရက ဥပဒေကိုပြင်းပြင်းထန်ထန် ပြဌာန်းမယ်။ ပြဌာန်းတာနဲ့ အညီအလုပ်လုပ်ပေးရမယ်။ အသင်းအဖွဲ့တွေကလည်း ဌက်မသေရေးအတွက် မလုပ်တော့ ငှက်မုဆိုးတွေက စားစရာဈေးကွက်ကြီးလိုဖြစ်နေတာ။ နောက်ပြီး  ဒေသခံတွေရယ်က တက်တက်ကြွကြွပါဝင်မှဖြစ်မှာ"

နိုဝင်ဘာလလောက်မှာဆိုရင် ပလိပ်အင်းကို ငှက်တွေ စတင်နားခိုလာတက်ကြပြီး ဒီဇင်ဘာလ နောက်ဆုံးအပတ်လောက်မှာဆိုရင် ပလိပ်အင်းမှာ ရှားပါးငှက်တွေအပါအဝင် ငှက်မျိုးစိတ် တော်တော်များများ နားခိုနေပြီး မတ်လကုန်လောက်မှာတော့ အင်းအတွင်းက စွန့်ခွာပျံသန်းသွားကြတယ်လို့ သိရပါတယ်။

အုပ်စုလိုက် ဆောင်းခိုကြတဲ့ငှက်တွေ ပြန်ကြတဲ့အချိန်မှာ အစုံအလင်မပြန်နိုင်ဖြစ်မှာကို စိတ်ပူမိတယ်လို့လည်း ငှက်ချစ်သူများအသင်းက ဦးမျိုးတင်မွှေးက ပြောပါတယ်။

မန္တလေးတိုင်း  -----  ခရိုင်၊ သစ်တောဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ ပလိပ်အင်းအတွင်းမှာ ငှက်တွေကို အဆိပ်ချဖမ်းဆီး သတ်ဖြတ်တာတွေမလုပ်ဖို့ ပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"အရင်နှစ်တွေက သိပ်မကြားရဘူး၊ အခုနှစ်မှာပဲ ကြားရတာ။ မန္တလေးခရိုင်မှာဆိုလည်း မြို့နယ်အလိုက် ဈေးတွေမှာ သွားပြီးတော့ ဈေးကြီးကြပ်မှုကော်မတီအဖွဲ့တွေ၊ ဈေးသူဈေးသားတွေကို ဟောပြောတာတွေ လုပ်နေတယ်။ ပြစ်မှုပြစ်ဒဏ်တွေ၊ သာမန်ကာကွယ်တာတွေ ရာသီအလိုက် ကာကွယ်ထားတာတွေကို ဟောပြောတာတွေ သစ်တောဝန်ထမ်းတွေက ဈေးတိုင်းလိုက်ပြီး ဆောင်ရွက်နေပါတယ်"

သစ်တောဥပဒေအရ ကာကွယ်ထားတဲ့ ဇီဝမျိုးစုံကို ဖမ်းဆီး၊ သတ်ဖြတ်၊ ကူးသန်းရောင်းဝယ်တာတွေကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သလို ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းခံရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ပလိပ်အင်းဟာဆိုရင် ပြည်တွင်း၊ ပြည်ပက ငှက်ဝါသနာရှင်တွေ စိတ်ဝင်စားကြတဲ့ နေရတာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေရာကို သဘာဝဘေးမဲ့ ဥယျာဉ်တစ်ခုအဖြစ် ထားရှိပေးဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တံတားဦးမြို့ သစ်တောဦးစီးဌာနကို ငှက်ချစ်သူများအသင်းက တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။

မျိုးသုန်းပျောက်ကွယ်လုဖြစ်နေတဲ့ ငှက်မျိုးစိတ်တွေ သေဆုံးတာတွေ ဖြစ်နေလို့ အခုလို အဆိပ်ကျွေးသတ်ဖြတ် ဖမ်းဆီးတာတွေကို ထိထိရောက်ရောက် အရေးယူကာကွယ်ပေးစေချင်တယ်လို့ ငှက်ချစ်သူတွေက ပြောကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။