မြန်မာပြည်ကိုချစ်တဲ့ အာဖရိက ဘောလုံးသမား
2023.09.29

သူ့နာမည်က မာ့က်ဆယ်ကီ ပါ။
အာဖရိကတိုက် ဂါနာနိုင်ငံက အသက် ၂၈ နှစ်အရွယ် ဘောလုံးသမား ဖြစ်ပါတယ်။
"ကျွန်တော်က ဘောလုံးနားတဲ့အချိန် နည်းပြလုပ်ချင်တယ်။ ကလေးတွေကို ဘောလုံးသင်တန်းသင်ပေးမယ်"
အခုတော့ သူက 2023 Myanmar National League အတွက် Shan United အသင်းမှာ တိုက်စစ်မှူးအဖြစ် ကစားနေပါတယ်။
၂၀၁၆ ကတည်းက မြန်မာနိုင်ငံမှာ လာကစားနေတာပါ။ ၂၀၁၇ မှာ ရန်ကုန်၊ အင်းစိန် ဖော့ကန်က မြန်မာ အမျိုးသမီး မယဉ်ပိုပိုအောင်နဲ့ လက်ထပ်ပြီး သမီးလေး နှစ်ယောက် ရနေပါပြီ။
မာ့က်ဆယ်ကီ ။ ။ "မြန်မာပြည်သူတွေ သဘောကောင်းတယ်။ ကိုယ်က မရိုင်းဘူးဆိုရင် သူတို့လည်း မရိုင်းဘူး။ ကောင်းကောင်း စကားပြောတယ်ဆို သူလည်း ကောင်းကောင်း စကားပြောတယ်။ အဲလိုဆိုတော့ မြန်မာလူတွေ သဘောကောင်းတယ်"
မယဉ်ပိုပိုအောင် (မာ့က်ဆယ်ကီ၏ ဇနီး) ။ ။ "အိမ်မှာ အတူတူနေကြတယ်ဆိုရင် မာ့က်က အလိုက်သိတယ်။ လူကြီးတွေရှိတယ်ဆို အဖေနဲ့ အမေနဲ့နေရင် မိသားစုနဲ့ ဘယ်လိုနေရမယ်ဆိုတာ သူသိတယ်။ အဲဒီတော့ သူနဲ့ ထွေထွေထူးထူး ညှိစရာ မရှိဘူး။ အိမ်မှာ အဆင်ပြေပါတယ်။ အဖေနဲ့အမေက သဘောလည်း တူပါတယ်။ အမေနဲ့အဖေက သူ့ကို ညီမထက်တောင် ပိုချစ်ကြသေးတယ်"
မာ့က်က သူနဲ့လက်မထပ်ခင်ကတည်းက မြန်မာစကားပြောတတ်ခဲ့တာလို့ ဆိုပါတယ်။
အခုတော့ သူတို့မှာ ချစ်စရာ သမီးလေးနှစ်ယောက် ရှိနေပါပြီ။
မိသားစုနဲ့ မြန်မာပြည်ကို ချစ်တာကြောင့် အသက် ၃၅ နှစ်ကျော်လို့ မကစားနိုင်တော့ရင်တောင် မျိုးဆက်သစ်တွေအတွက် နည်းပြလုပ်ပြီး မြန်မာပြည်မှာပဲ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ထားတယ်လို့ မာ့က် က ဆိုပါတယ်။
မာ့က်ဆယ်ကီ ။ ။ "အခုလည်း Professional ကစားသမား ဖြစ်သွားပြီဆိုတော့ ကစားနေတာ ဆိုအပြင်က ကစားဖို့ ခေါ်မယ်ဆိုရင်လည်း ထွက်ပြီး သွားကစားမယ်။ မရဘူးဆို ဒီမှာပဲ ဆက်ကစားမယ်။ ဘောလုံးနားတဲ့အချိန်ဆို ဒီမှာလည်း မိသားစုရှိတယ်။ ဂါနာမှာ ကျွန်တော့်ညီမလည်း ရှိတယ်၊ အမေလည်းရှိတယ်၊ နေတာက တော့ ဒီမှာပဲနေမယ်။ ကျွန်တော်က ဘောလုံးနားတဲ့အချိန် နည်းပြလုပ်ချင်တယ်။ ကလေးတွေကို ဘောလုံး သင်တန်းသင်ပေးမယ်၊ ကျွန်တော်က ခေါင်းထဲမှာ ဒီလိုထားပါတယ်။ အာဖဂန်ကိုလည်း သွားလည်မယ်၊ ပြီးရင် ဒီကိုပြန်လာမယ်"
မြန်မာပြည်မှာ ရာသီဥတုပူတော့ ညနေ ၅ နာရီကျော်မှ ဘောလုံးကစားရင် ကစားသမားအတွက်ရော ပရိသတ်အတွက်ရော ပိုကောင်းတယ်လို့ သူက အကြံပေးပါတယ်။