ရန်ကုန်မြို့က မသန်စွမ်း အမျိုးသမီးအမတ်လောင်း

မသန်စွမ်းတွေရဲ့အခွင့်အရေးကို လွှတ်တော်ထဲကနေ တောင်းဆိုနိုင်ဖို့ ရွေးကောက်ပွဲဝင်တာလို့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချောစုလှိုင် က ပြောပါတယ်။

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချောစုလှိုင်။ Photo: Chaw Su Hlaing/Facebook

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းလူဦးရေ ၂.၃ သန်းရှိပြီး တနိုင်ငံလုံးလူဦးရေရဲ့ ၄.၆ ရာခိုင်နှုန်းရှိပါတယ်။  မသန်စွမ်းတွေ အခွင့်အရေး ဖော်ဆောင်ဖို့  ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မသန်စွမ်း ကိုယ်စားလှယ်လောင်း လေးယောက် ရွေးကောက်ပွဲ ဝင်ဖို့ရှိပြီး အဲဒီထဲမှာ တယောက်ကတော့ အသက် ၄၀ အရွယ် ဒေါ်ချောစုလှိုင် ဖြစ်ပါတယ်။
မသန်စွမ်းသူတွေဟာ လူ့အဖွဲ့အစည်းမှာ နေထိုင်ရတာ အခက်အခဲတွေရှိပြီး မူဝါဒတွေ ချမှတ်တဲ့အခါမှာလည်း မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားတာ အားနည်းတယ်လို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ အမတ်လောင်း ဒေါ်ချောစုလှိုင်က ကောက်ချက်ချပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ကလည်း ကျမတို့ကို မူဝါဒတွေ၊ နည်းလမ်းတွေချပေးတဲ့အခါမှာ လိုအပ်ချက်တွေ အများကြီးတွေရတယ်၊ မသန်စွမ်းအရပ်ဖက်အဖွဲ့တွေ၊ မသန်စွမ်းအဖွဲ့စည်းတွေနဲ့ လုပ်ဆောင်တဲ့အပိုင်းမှာလည်း အာလုံးခြုံပြီး ခေါ်ပြီး လုပ်တာမတွေရဘဲ လက်သင့်ရာကိုပဲခေါ်ပြီး လုပ်ဆောင်တဲ့အခါမှာ တစ်နိုင်ငံလုံးကိုခြုံပြီး ကျမတို့ မသန်စွမ်းတွေ အခွင့်အရေးက မရဘူး၊ ကျမဖြစ်နေရတွေနေရတဲ့ အခက်အခဲတွေ၊ အောက်ကနေ အော်နေလို့မပြီးတော့ဘူး၊ ကျမတို့အခွင့်ရေးတွေ ပေးပါ၊ တန်းတူအခွင့်ရေးတွေ လုပ်ဆောင်ပေးပါ၊ ဘာတွေ လိုအပ်နေပါတယ် ဆိုတာ ပြောဖို့က မောနေပြီ။ အဲဒါကြောင့် လွှတ်တော်ထဲဝင်ဖို့ ကြိုးစားနေတာပါ"

မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ဒေါ်ချောစုလှိုင်ဟာ အသက် ၂ နှစ်အရွယ်မှာ ပိုလီယိုဖြစ်ပြီး ကိုယ်ခန္ဓာမသန်စွမ်းသူ တစ်ယောက်ဖြစ်သွားတာပါ။
တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အခါ  နည်းပညာတက္ကသိုလ် တက်ရောက်ဖို့ အမှတ်မှီပေမယ့် မသန်စွမ်းတစ်ယောက်ဖြစ်တဲ့အတွက် အခက်အခဲအတားအဆီး တချို့ကြောင့် မြန်မာစာဘာသာရပ်နဲ့ပဲ ကျောင်းတက်ပြီး ဘွဲ့ယူခဲ့သူပါ။

လက်ရှိမှာတော့ အဝတ်အစား ဒီဇိုင်နာတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ သူကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ မသန်စွမ်းတွေအပြင် သန်စွမ်းသူတွေကိုပါ ဒီဇိုင်း သင်တန်းပေးနေသူလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း မသန်စွမ်းအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။

မသန်စွမ်းကိုယ်စားလှယ်လောင်း လေးယောက် ရွေးကောက်ပွဲဝင်တာကို မသန်စွမ်းအဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။

"နိုင်ငံက ပွင့်လင်းလာတယ်၊ အပြောင်းအလဲတွေ လုပ်လာတဲ့အခါမှာ အရင်တုန်းကတော့ လူနည်းစု အခွင့်အရေး မသန်စွမ်းသူတွေ အခွင့်အရေးတွေကို ပရဟိတ လုပ်တဲ့ အဖွဲ့အစည်းတွေ၊ NGOတွေရဲ့ ခေါင်းစဉ်အောက်မှာပဲ လုပ်တယ်ပေါ့၊ အဲဒီကနေ ကျနော်တို့က ခေတ်စနစ်ကလည်း ပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး ခေါင်းစဉ်အောက်နေ ပြောင်းလုပ်ဖို့လိုတယ်လို့ ကျနော်တို့ မသန်စွမ်းသူတွေက ယုံကြည်လာတယ်၊ နိုင်ငံရေးပလက်ဖောင်းအောက်ကနေလုပ်မှသာ ကျနော်တို့ရဲ့ အခွင့်အရေးတွေက သေချာမယ်၊ နိုင်ငံရေးပလက်ဖောင်းအောက်မှာ ဘာတွေလုပ်ရမလဲဆိုရင် ဥပဒေမူဝါဒတွေ၊ ကျနော်တို့မသန်စွမ်းတွေကို ခွဲခြားကန့်သတ်ထားတဲ့ ဥပဒေမူဝါဒတွေရှိရင် ပယ်ဖျက်ရမယ်၊ ပြန်လည်ပြင်ဆင်ရေးဆွဲပြဌာန်းဖို့မယ်၊ အဲဒါတွေကို ထိထိရောက်ရောက်အကြံပေးနိုင်ဖို့ လွှတ်တော်ထဲမှာ ကာယကံရှင်တွေကို ကိုယ်စားပြုတဲ့သူတွေ ရှိဖို့လိုတယ်"

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အတိုင်ပင်ခံအရာရှိ  ဦးနေလင်းစိုး ပြောသွားတာပါ။

မသန်စွမ်းတဲ့သူတွေဟာ မသန်စွမ်းတွေအတွက်ပဲ လုပ်ရမယ်ဆိုတဲ့ လူ့အဖွဲ့အစည်း အတွေးအခေါ်တွေကို ပြောင်းလဲပြီး မသန်စွမ်းသူတွေဟာ သူတို့မှာအရည်အချင်းတွေ စွမ်းဆောင်ရည်တွေရှိရင် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးပြုနိုင်တယ်ဆိုတာ ပြသနိုင်တယ်လို့ ဦးနေလင်းစိုးက ဆိုပါတယ်။

မသန်စွမ်းသူတွေဟာ လူမှုဘဝမှာ နေ့စဉ်အခက်အခဲတွေ ပိုမို ရင်ဆိုင်နေရတာကြောင့် ရွေးကောက်ပွဲအခင်းအကျင်းမှာ ပါဝင်ဖို့ ကြိုးစားတဲ့ ဒေါ်ချောစုလှိုင် တို့အနေနဲ့ စိန်ခေါ်မှုတွေ ပိုပြီး ရင်ဆိုင်နေရပါတယ်။

"ကျမတို့ ပတ်ဝန်းကျင်ကလည်း barrier မဖြစ်ဘူး၊ လူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်မှာလည်း ကျမတို့မှာ Use to မဖြစ်တဲ့ အလေ့အထတစ်ခုရှိတာက ဘာလည်းဆိုတော့ သူတို့ရဲ့လူတစ်ဦးတယောက်ချင်းဆီရဲ့ အတွေးအခေါ်ပေါ့၊ သူတို့အယူအဆတွေ၊ သူတို့ရဲ့ရှေးရိုးစွဲတွေပေါ့နော်၊ ဒါတွေဟာလည်း အခက်အခဲတွေလို့ပြောလို့ရမယ်၊ ကိုယ်အင်္ဂါချို့တဲ့တာကိုဘဲ အဓိက Highlight လုပ်ကြတာပေါ့နော်၊ သူကဘာကျွမ်းကျင်တယ်ဆိုတာတော့ သိပ်မကြည့်ဘူး၊ ဘယ်ဟာကို မီးမောင်းထိုးပြရမလည်းဆိုရင် အလုပ်အကိုင်ကိုပဲ ပြန်ကြည့်၊ မသန်စွမ်းဆိုတာနဲ့ ခြေထောက်လေး ထော့နဲ့ထော့နဲ့ ဆိုတာနဲ့ အလုပ်ရှင်က အလုပ်တောင် မခန့်ချင်တော့ဘူး၊ ဒီလိုမျိုး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရတဲ့အခါမှာဆိုရင် ကျမတို့မှာ အကန့်အသတ်တွေ၊ အတားအဆီးတွေတော့ရှိတာပေါ့"

ယခင်ကလည်း မသန်စွမ်းသူတွေဟာ ပြည်သူ့ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါက်တာအုန်းမောင်ဟာ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ရွေးကောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ လွှတ်တော် ပေါ်ပေါက်မလာခဲ့ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ အုတ်ဖိုမြို့နယ်  မဲဆန္ဒနယ်  အမှတ် ၂ ကနေ အနိုင်ရခဲ့တဲ့  ဦးစောသူရအောင်က တိုင်းဒေသကြီးလွှတ်တော်ထဲ ရောက်နေပါပြီ။ ခြေထောက် မသန်စွမ်းပေမယ့် တခြားသောအမတ်တွေလို လူထုကြား  သွားလာနေတာ တွေ့ရပါတယ်။

ဒေါ်ချောစုလှိုင်ကလည်း သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင် မသန်စွမ်းတွေ အတွက် တန်းတူအခွင့်အရေးနဲ့ တရားမျှတမှုရဖို့ ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

"ကျမကိုယ်စားလှယ်ဖြစ်သွားတဲ့အခါကျရင် ကျမ မသန်စွမ်းအရေးနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ဟိုက်လိုက်လုပ်ရမှာက သတင်းအချက်အလက် လက်လှမ်းမှီရယူနိုင်ရေး၊ ဒါ ကျမ လွယ်လွယ်လေး လုပ်လို့ရတဲ့အပိုင်း ဖြစ်သွားပြီ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပေါင်းလုပ်လို့ရတယ်၊ နောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား၊ စီးပွားရေးလို့ မပြောဘူး လူ့မှုစီးပွား ကျယ်ပြန့်တယ်ပေါ့နော်၊ မသန်စွမ်းတွေလိုက်ပြီး အားလုံးဆောင်ရွက်နိုင်တဲ့ စီးပွားရေးကိုပြောတာပါ။ တရားမျှတရေး၊ မသန်စွမ်းတွေနဲ့ပတ်သက်ပြီး တရားမျှတရေးကို အဓိကထားဖော်ဆောင်မှာပါ၊ နောက် အလွယ်တကူ လက်လှမ်းမှီ သုံးစွဲနိုင်ရေးတို့ဖြစ်ပါတယ်"

ဒေါ်ချောစုလှိုင်က တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တဲ့ ဥပဒေတွေ ပယ်ဖျက်တာ၊ အသစ်ရေးဆွဲတာတွေကိုလည်း ဆောင်ရွက်ဖို့ ပြင်ဆင်ထားသူပါ။

မြန်မာနိုင်ငံမှာ အစိုးရအပါအဝင် ပုဂ္ဂလိက လုပ်ငန်းတွေမှာပါ ဝန်ထမ်းခေါ်ယူရာမှာ ကိုယ်လက်အင်္ဂါ စုံလင်ရမယ်ဆိုပြီး  ခွဲခြားဆက်ဆံတာတွေ၊ မသန်သော်လည်း စွမ်းဆောင်နိုင်သူတို့ကို ဖယ်ကျဉ် ကန့်သတ်တဲ့ဥပဒေတွေ ပြင်ဆင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့တွေ ရွေးကောက်ပွဲ ဝင်ပြိုင်တာကို မသန်စွမ်းအဖွဲ့တွေက ကြိုဆိုကြပါတယ်။

---------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org