ဦးခွန်ထွန်းဦးနဲ့ ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ်တွေ တည်ထောင်မယ့်ပါတီ


2019.04.05

လက်ရှိ အဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဆောင်ရွက်နေတဲ့ကိစ္စတချို့ကို အားမရတာကြောင့် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့ ပါတီကို လာမယ့် အပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ ပါတီတည်ထောင်မယ့် ခေါင်းဆောင်တွေက ပြောပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။

■ လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ တရားဥပဒေစိုးမိုးရေးတွေမှာ တိုးတက်မှုရှိတာကြောင့် လွှတ်တော်ပြင်ပမှာ လှုပ်ရှားနေတဲ့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့  NLD ပါတီဝင်ဟောင်းတွေက လာမယ့် အပတ်အတွင်း ပါတီသစ်တစ်ရပ်ကို မှတ်ပုံတင်သွားမယ်လို့ ဒီနေ့တရားဝင်ကြေညာလိုက်ပါတယ်။

NLD ပါတီဟာ လွှတ်တော်မှာ နေရာအများစု ရရှိခဲ့ပေမယ့် ဆောင်ရွက်ချက်တွေမှာ အားမရတာကြောင့် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လုပ်ပေးဖို့ ၁၉၉၀ ပြည်သူလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ပါတီသစ်တည်ထောင်ဖို့ ဆုံးဖြတ်တာလို့ ပါတီထူထောင်ရာမှာ ဦးဆောင်ပါဝင်တဲ့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

"အဓိကတော့ NLD က လုပ်ဆောင်တာကို အားမရလို့ပဲ၊ NLD က ပါတီထောင် နိုင်ငံရေးလုပ်တယ် လွှတ်တော်တွင်းသွားတယ်၊ လက်ရှိအနေအထားအရ သူတို့လုပ်ဆောင်ချက်ကို ကျွန်တော်တို့ လုံးဝ အားမရဘူး၊ ရှေ့ကိုမရောက်ဘူး ရပ်နေပြီးတော့ အချိန်ကာလတွေက ကြာလာတဲ့ အခါမှာတော့ သူတစ်ယောက်ထဲ လုပ်လို့တော့ မဖြစ်ဘူး၊ ငါတို့လည်း ဝင်ပြီးတော့ လုပ်ရင်တော့ အဓိကက သူမလုပ်နိုင်တာတွေ အများကြီးရှိတယ်ဗျ၊ သူလုပ်သင့် လုပ်ထိုက်တာတွေလည်း အများကြီးရယ် သူမလုပ်ဘူး၊ အဲတော့ ဒီကိစ္စကို ကျွန်တော်တို့ဝင်လုပ်မယ်၊ သူမလုပ်တာတွေ ကျွန်တော်တို့လုပ်မယ်၊ အဲ့သဘောနဲ့ ကျွန်တော်တို့ ပါတီထောင်တာပါ"

၁၉၉၀ ပြည်သူလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က လက်ရှိနိုင်ငံရေးအခြေအရ နိုင်ငံရေးပါတီ တစ်ရပ်ထူထောင်ဖို့ မိတ်ဖက်နိုင်ငံရေးအင်အားစုတွေနဲ့ တွေဆုံပွဲကို ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းမှာရှိတဲ့ ရာမကရစ်ရှနခန်းမမှာ ဒီနေ့  ပြုလုပ်ခဲ့ပါတယ်။

၁၉၉၀ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင် ထူထောင်တဲ့ပါတီမှာ ၁၉၉၀ ပြည်သူလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ လက်ရှိ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဦးဆောင်သူ အဖြစ်ပါဝင်မယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

"သူက ပါတီခေါင်းဆောင်ထဲမှာပါမယ်၊ ပါတီကို ထိန်းကျောင်းသွားမယ်၊ သူကပါတီရဲ့ လူကြီးပေါ့ဗျာ၊ ကော်မရှင်ဥပဒေအရ ပါတီ ၂ ခုကို တာဝန်ယူလို့ မရဘူးလေ၊ SNLD ပါတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ပါတီမှာ သူက ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကြီးအမှူးတစ်ယောက်အနေနဲ့ နေမှာပါ၊ ကော်မရှင်ဥပဒေနဲ့တော့ မဆိုင်ဘူးပေါ့နော်"

ဒီနေ့တွေဆုံပွဲမှာ ပါတီဦးဆောင်သူအဖြစ်ပါဝင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေးဟာ နောက်ကြောင်းပြန်စေနိုင်ပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကို လုပ်ဆောင်ရမယ်လို့ သဘာပတိမိန့်ခွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့နဲ့အတူ ပေါင်းလုပ်ဖို့လည်း ဖိတ်ကြားထားပါတယ်၊ အဲတော့ ဘာပဲဖြစ်နေဖြစ်နေ အသစ်ကတော့ မဖြစ်မနေလုပ်သင့်ပါတယ်၊ ဒီဟာလေးမှ ကျွန်တော်တို့ မလုပ်ပေးနိုင်ရင်လည်း ကျွန်တော်တို့ တာဝန်မကျေရာရောက်ပါတယ်၊ ဒါကြောင့် အခြေခံ ဥပဒေအသစ်ကိုလည်း ပြင်သင့်တယ်ဆိုတဲ့အစား အသစ်ပြင်မယ်ဆိုတဲ့မူနဲ့ ကျွန်တော်တို့ ဒီကို တက်လာတာပါ"

တဆက်တည်းမှာပဲ မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ၁၉၉၀ ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ ဦးဆောင်ကန့်ကွက်သွားမယ်လိ့ု ဦးခွန်ထွန်းဦးက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။

"အခုအရေးကြီးနေတာက မြစ်ဆုံပေါ့၊ မြစ်ဆုံကိစ္စကတော့ တော်တော်လေးကို ကျွန်တော်တို့ရဲ့ အသက် ကျွန်တော်တို့ရဲ့ အသဲအူလိုဖြစ်နေပြီ၊ ကျွန်တော်တို့မပါလို့လည်း မပြီးတော့ဘူး၊ အဲတော့ ဒီမြစ်ဆုံကြီးကိုလည်း တစ်ခါပြန်ပြီးတော့ မလုပ်သင့်တဲ့ဟာတွေကို လုပ်မိလိုက်ရင် ကျွန်တော်တို့ ၉၀ ပြည့်နှစ်အဖွဲ့တွေကတော့ ကြည့်နေမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ လူထုဘက်ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့ လူထုဘက်ကနေရပ်ပြီးတော့ ကျွန်တော်ဦးဆောင်ပြီးတော့ ကန့်ကွက်တာလုပ်သွားပေးပါမယ်လို့ ပြောလိုတယ်"

ဒီပါတီမှာ ၁၉၉၀ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေက သုံးပုံတစ်ပုံ၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက သုံးပုံတစ်ပုံ နဲ့ အရပ်ဖက်အဖွဲ့ကသူတွေ ပါဝင်သွားမယ်လို့ ပါတီဦးဆောင်သူတွေက ပြောပါတယ်။

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA)အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့နဲ့ မဟာမိတ်လုပ်သွားမှာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်နယ်တွေမှာ မပါဝင်ပဲ တိုင်းဒေသကြီးတွေမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

လက်ရှိအာဏာရ NLDပါတီကို ပြည်သူတွေကိုအကျိုးပြုတဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့ အနိုင်ရရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ပါတီဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ဒီလို အသစ်ဖွဲ့စည်းမယ့် ပါတီရဲ့ အလံနဲ့ အမည်ကိုတော့ မရွေးချယ်ရသေးဘဲ ပါတီသင်္ကေတ ကိုတော့ သစ်ခုတ်သမားလို့ အဓိပ္ပါယ်ဖော်ပြတဲ့ ပုဆိန်နှစ်လက်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

အဲဒီပါတီထူထောင်တာကို UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ချင်းတိုးတတ်ရေးပါတီ စတဲ့ တိုင်းရင်းသားပါတီတွေကလည်း ကြိုဆိုကြောင်း ဒီနေ့တွေဆုံပွဲမှာ ပြောကြားခဲ့ကြပါတယ်။

ကျနော်  ကျော်လွင်ဦးပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။