UPWC နဲ့ လူငယ်အဖွဲ့ ၂ဝ ကျော် တွေ့ဆုံတဲ့အကြောင်း မေးမြန်းချက်
2015.01.17
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေပါဝင်နိုင်မယ့် နည်းလမ်းတွေဆွေးနွေးအဖြေရှာဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ လူငယ်အဖွဲ့၂ဝ ကျော်က လူငယ်ကိုယ်စားလှယ် ၈ဝ ကျော်ဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးလှမောင်ရွှေနဲ့ မေးမြန်းချက်အပြည့်အစုံ
သီဟထွန်း။ ။ ဆရာဦးလှမောင်ရွှေခင်ဗျာ၊ ဒီနေ့မြန်မာငြိမ်းချမ်းရေးစင်တာမှာ လူငယ်အဖွဲ့အစည်း ၂၀ ကျော်၊ လူငယ်အင်အားစု ၈၀ ကျော်နဲ့ တွေ့ဆုံရာမှာ အဓိက ဘယ်အကြောင်းအရာများဆွေးနွေးခဲ့လဲဗျာ၊ ဝန်ကြီးဦးအောင်မင်း ဦးဆောင်ပြီးတော့။
ဦးလှမောင်ရွှေ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးစိတ်ဝင်စားတဲ့ လူငယ်ကွန်ရက်ပေါ့လေ၊ ပထမသူတို့စာရင်းပေးတုန်းကတော့ လူငယ် ၄၀ ကျော်၊ ၈၀ ကျော်ပဲလာဖို့ ပါပဲ၊ ဒီနေ့တော့ လူငယ်အဖွဲ့ ၂၀ ကျော် ၉၀ နီးပါးလောက်သူတို့လာပါတယ်၊ အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့ပါဝင်ချင်လို့ပေါ့လေ၊ ဒီနေ့တစ်နေ့လုံး ၂ နာရီကျော်လောက် ကျနော်တို့ဆွေးနွေးပြီးတဲ့အခါကျတော့ ဝန်ကြီးဦးအောင်မင်း နဲ့ရုံးဝန်ကြီး ဦးစိုးသိန်းက အဓိကဦးဆောင်ဆွေးနွေးပါတယ်၊ သူတို့အနေနဲ့ အဓိ ကတောင်းဆိုမှု ၂ ခုရှိတယ်၊ ၁ ကတော့ ကျနော်တို့အခုလက်ရှိလုပ်နေတဲ့ NCCT နဲ့ UPWC မှာ လူငယ် ၂ ဦးလောက် တက်ရောက်နိုင်ဖို့ရယ်၊ နောက်တစ်ခု ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်တွေ ပါဝင်နိုင်ဖို့ လမ်းကြောင်းဖွင့်ပေးဖို့နဲ့ ဒီအခွင့်အလမ်းတွေကိုရှာဖွေပေးဖို့ဆိုတဲ့ တောင်းဆို ချက် ၂ ခုရှိတယ်၊ ကျန်တာတော့ ကျနော်တို့ဒီမေးခွန်းတွေပါပဲ။
သီဟထွန်း။ ။ အဲ့ဒီတောင်းဆိုချက်တွေမှာ ဝန်ကြီးဦးအောင်မင်းတို့ဖက်က ဘယ်လိုပုံစံမျိုးလိုက်လျောခဲ့တာရှိလဲဗျ။
ဦးလှမောင်ရွှေ။ ။ အခုလာမယ့် ကျနော်တို့ဆွေးနွေးပွဲတွေမှာတော့ လူငယ် ၂ ယောက်ကိုတက်ရောက်နိုင်ဖို့ကို တစ်ဖက်က NCCT နဲ့ညှိနှိုင်းပေးပါမယ်၊ NCCT ကလက်ခံရင်တော့ ဒီလူငယ် ၂ ယောက်တက်ရောက်ဖို့ဖြစ်လာနိုင်ပါတယ်လို့ ကျနော်တို့ပြောပါတယ်၊ နောက်တစ်ခု ကတော့ နောက်ထပ်ငြိမ်း ချမ်းရေးဖြစ်စဉ်တွေမှာပါနိုင်မယ့်ဟာကတော့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့တွေ၊ နောက်တစ်ခုက တော့ ဒါတွေကို ဝိုင်းဝန်းပံ့ပိုးနိုင်မယ့် ကိစ္စရပ်တွေအပါအဝင်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်နိုင်မှုတွေ ရှင်းပြခဲ့ပါတယ်။
သီဟထွန်း။ ။ အခုလိုမျိုးလူငယ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်က ဘယ်လောက်ထိခိုင်မာပြီးတော့ တွန်း အားဖြစ်စေနိုင်မလဲလို့ ဆရာသုံးသပ်ပါလဲဗျ။
ဦးလှမောင်ရွှေ။ ။ ကျနော်ဒီတစ်ခေါက် ၃ နှစ်တာကာလအတွင်းမှာ လူငယ်တွေနဲ့ အကြိမ်ကြိမ်တွေ့ပါတယ်၊ ဒီနေ့တွေ့တဲ့ လူငယ်တွေကတော့ တော်တော်လေး ထူးခြား လာတယ်လို့ပြောရမယ်၊ သူတို့သေချာပြင်ဆင်လာတယ်၊ သူတို့ချဉ်းကပ်တဲ့ လမ်းကြောင်းရွေးလာတာလဲ ပိုကောင်းလာတယ်၊ ဒါကြောင့် လဲ ပြည်ထောင်စုဝန်ကြီး တွေကိုယ်တိုင် ဝမ်းသာစွာ ပြောတာပေါ့၊ ဘာကြောင့်လဲဆိုတော့ ဒီဖြစ်စဉ်ကြီးက ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာက အခုအပစ်အခတ် ရပ်စဲတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲ တွေဆောင်ရွက်ရပါမယ်၊ ဒါလဲအချိန်အတော်အသင့်ယူရမယ်၊ အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲ တွေကနေ ထွက်လာမယ့် ရလာဒ်ကို အကောင်အထည်ဖော်တဲ့ကိစ္စကလဲ အချိန်အတော် ယူရမယ်၊ အဲ့နေရာမှာတော့ လူငယ်တွေအားလုံးကပါဝင်ခွင့်ရှိတယ်၊ ဒီနေ့ပိုနားလည်လာ တဲ့အတွက် ပိုပြီးတော့ အားထည့်ပြီးဆောင်ရွက်လာရင်တော့ ပိုကောင်းမယ့်အနေ အထားကိုရောက်လာမယ်လို့ကျနော်ယုံကြည်ပါတယ်။
သီဟထွန်း။ ။ သမ္မတကြီးဦးသိန်းစိန်ကပြောထားတယ်၊ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးမယ်လို့ပြောထား တယ်၊ လူငယ်တွေကလဲအဲ့ကိစ္စနဲ့ ပတ်သက်ပြီးမေးတယ်လို့သိရတယ်ခင်ဗျ၊ အဲ့ဒါနဲ့ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘာများပြောချင် ပါလဲခင်ဗျာ။
ဦးလှမောင်ရွှေ။ ။ ပြည်ထောင်စုနေ့လက်မှတ်ရေးထိုးပွဲစပြောတာတော့ KNU ရဲ့အထွေထွေရေးမှူး ဦးပဒိုကွယ်ထူးဝင်းက စပြောတာပေါ့လေ၊ အဲ့ဒါနဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောခဲ့သလို၊ ဇန်နဝါရီလ ၅ ရက်နေ့မှာလဲ နိုင်ငံတော်သမ္မတကပါ အဲ့နေ့မှာ ထိုးနိုင်ရင်တော့ကောင်းမှာပဲလို့ ထပ်လောင်းပြောတဲ့အတွက် အခုကြိုး စားနေပါတယ်၊ ကြိုးစားနေတော့ NCCT ရဲ့ဆွေးနွေးပွဲကိုက ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိလုပ်မယ်လို့သိရပါတယ်၊ ကျနော်တို့ MPC အလုပ်အဖွဲ့ကလဲ ၂၀ ရက်နေ့မှာ သူတို့ကို သွားရောက်တင်ပြပြီးတော့ ကျနော်တို့နောက်အစည်းအဝေးတွေလုပ်ဖို့ ကျနော်တို့ပြင်ဆင်နေပါတယ်၊ တကယ်လို့ကျနော်တို့ အဲ့ဒါတွေအစစ၊ အရာရာ အဆင် ပြောရင်တော့ ဒီလမကုန်ခင်မှာအရင်ဦးအောင်မင်းနဲ့ဆွေးနွေးပွဲတွေပြန်စနိုင်ပါလိမ့်မယ်၊ အရင်ဆွေးနွေးပွဲတွေမှာ သဘော တူညီချက်တွေတူရင်တော့ လက်မှတ်ရေးထိုးတာဟာ ဖေဖော်ဝါရီ ၁၂ ကိုဖြစ်ကောင်းဖြစ်ပါ့လိမ့်မယ်၊ တကယ်လို့ဆွေးနွေးဖို့ကျန်ရင် ၁၂ ရက် နေ့ကို ကျော်သွား မယ့်အနေအထားရှိတယ်၊ ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တစ်ခု ကိုရည်မှန်းချက်ထားပြီးတော့ လုပ်တဲ့အတွက်အခုရည်မှန်းချက်ကိုတော့ ပြောင်းမထားသေး ပါဘူးလေ၊
သီဟထွန်း။ ။ လေ့လာသုံးသပ်တဲ့အဆိုအရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြေပျက်သွားချင်တဲ့လူလဲရှိတယ်၊ မြန်မြန်သွားချင်တဲ့လူလဲရှိတယ် ဆိုတော့ ဆရာတို့ အနေနဲ့ဘာများပြောချင်လဲဗျ၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပေါ့နော်။
ဦးလှမောင်ရွှေ။ ။ ဒါကတော့မတူတဲ့ ချဉ်းကပ်မှုတွေရှိတဲ့အတွက်ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာတော့ မရှိပါဘူး၊ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာရောက်ဖို့ အဓိကဖြတ်ရမှာတစ်ခုဖြစ်လို့သာပြောနေတာပေါ့လေ၊ တကယ်လို့နိုင်ငံရေးဆွေးနွေးပွဲ ကိုမြန်မြန်စနိုင်တယ်ဆိုလဲ NCA ဆိုတာအဲ့ချိန် ကျရင် ကျော်ဖြတ်သွားခဲ့တဲ့မှတ်တိုင် တစ်ခုလိုဖြစ်မှာပါပဲ၊
သီဟထွန်း။ ။ ပြီးခဲ့တဲ့လက KIA ဗိုလ်လောင်းလေ့ကျင့်ရေးကျောင်းကို လက်နက်ကြီးကျရောက်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းတွေသေဆုံးသွားတယ်၊ အဲ့ဒါကို KIA ကအစိုးရကိုပြန်ဖြေရှင်းဖို့လဲပြောဆိုထားတယ်၊ သမ္မတကြီးကလဲ စာထုန်ပြန်ပြီး တော့ဝန်ကြီး ဦးအောင်မင်းကတဆင့်ပြောခဲ့တယ်ဆိုတော့ အဲ့ပေါ်မှာ KIA ကဘယ်လို တုန့်ပြန်တာရှိလဲခင်ဗျာ။
ဦးလှမောင်ရွှေ။ ။ အဲ့ဒါကတော့ ဝန်ကြီးဦးအောင်မင်းရဲ့စာကို ဆရာကြီးဦးစောနသန် ဆီကိုတစ်စောင်၊ ဗိုလ်ချုပ်ဂွန်မော်ဆီကိုတစ်စောင်၊ NCCT ကိုတစ်စောင် အကြောင်း ပြန်ခဲ့ပြီးဖြစ်ပါတယ်၊ နိုင်ငံတော်သမ္မတရဲ့သတင်းစကားကိုလဲ ဝန်ကြီးဦးအောင်မင်း အနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုလဲ ကျနော်တို့ ရှင်းပြပြီးဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လာမယ့်ဆွေးနွေးပွဲမတိုင်ခင်မှာ သီးခြားဆွေးနွေးမယ်ဆိုလဲ ဆွေးနွေးနိုင်ပါတယ်။
သီဟထွန်း။ ။ တိုင်းရင်းသားခေါင်းဆောင်တွေပြောတာက အပစ်အခတ်ရပ်စဲရေး လက်မှတ်မှာ ခိုင်မာတဲ့ဂတိကဝတ်တွေ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဂတိကဝတ်တွေ အစိုးရဖက်ကပေးဖို့အားနည်းနေသေးလို့ အပစ်အခတ်ရပ်စဲရေး နှောင့်နှေးနေတယ်လို့ ပြောကြပါတယ်ခင်ဗျ၊ အဲ့အပေါ်မှာ ဆရာဘယ်လိုများပြောချင်လဲ ခင်ဗျာ။
ဦးလှမောင်ရွှေ။ ။ ခုနကလဲ ကျနော်တို့မီဒီယာတွေရှေ့မှာပဲရှင်းပြပါတယ်၊ တကယ်တမ်းညှိရမယ့်အချက်ကမကျန်လောက်ပါဘူး၊ ကျနော်ထင်တယ်၊ ကျန်တာက ယုံကြည်မှုတည်ဆောက်တာလို့ပဲ ကျနော်ထင်ပါတယ်။
သီဟထွန်း။ ။ ဆရာဦးလှမောင်ရွှေကို RFA ကကျေးဇူးတင်ပါတယ်ခင်ဗျာ။