UNA ညီလာခံကျင်းပ မယ့်အကြောင်း မေးမြန်းချက်


2014.12.19

တိုင်းရင်းသားနိုင်ငံရေးပါတီ ၇ ခုနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA ညီလာခံကို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် UNA ညီလာခံနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖ့ွဲချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မစန်းမော်အောင်။                ။ညီညွတ်သော တိုင်းရင်းသားအဖွဲ့ UNA ရဲ့ညီလာခံမှာ ဆရာတို့ ဘယ်အကြောင်းအရာတွေများ ထည့်သွင်းဆွေးနွေးသွားမလဲရှင့်။

ဦးစိုင်းလိတ်။             ။ပထမဆုံးတစ်ချက်ကတော့ ကျနော်တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပစဲရေးကို ဆွေးနွေးမယ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နောက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြဌါန်းရေး နောက်ဆုံးတစ်ချက်ကတော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ဖို့ရာမှာ လွှတ်တော်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုချဉ်းကပ်ကြမလဲ၊ ဘယ်လိုဖော်ဆောင်ကြမလဲဆိုတဲ့ အချက်တွေကို အဓိကထားပြီး ဆွေးနွေးဖို့ရှိပါတယ်ခင်ဗျ။

မစန်းမော်အောင်။                ။နိုင်ငံရေးမူဘောင်က ဘယ်အချက်တွေကိုများ ဆွေးနွေးထားတာမျိုးတွေ ရှိပါသလဲရှင့်၊ ဒီနိုင်ငံရေးမူဘောင်မှာရော ဆရာတို့အနေနဲ့ သဘောတူညီချက်တွေက ဘာတွေများရှိပါလဲရှင့်။

ဦးစိုင်းလိတ်။             ။နိုင်ငံရေးမူဘောင်မှာ ကျနော်တို့ အဓိကထားဆွေးနွေးဖို့က ဆွေးနွေးဘက်အနေနဲ့ အဖွဲ့ ၃ ဖွဲ့ ကျနော်တို့ သက်မှတ်ထားပါတယ်၊ (၁) အစိုးရ (၂) နိုင်ငံရေးပါတီ (၃) လက်နက်ကိုင်အဖွဲ့အစည်းများ အဲ့ဒီ ၃ ဦး၊ ၃ ဖွဲ့ကနေပြီးတော့မှ လူဦးရေအားဖြင့် ၁ဝဝဝ ထက်မပိုသော အရေအတွက်နဲ့ ကျနော်တို့ ဆွေးနွေးမယ်၊ အဲ့ဆွေးနွေးပွဲကနေ ရလာတဲ့အဖြေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပြန်လည်ရေးဆွဲရာမှာ အခြေခံထားရမယ့်လူများ စာရင်းမှတ်မယ်၊ အဲ့ဒါကို ပြည်ထောင်စုလွှတ်တော်ကနေ ချွင်းချက်မရှိအတည်ပြုပေးဖို့ကို ကျနော်တို့ တောင်းဆိုမယ်ပေါ့နော်။

မစန်းမော်အောင်။                ။အခြေခံဥပဒေ ပြင်ဆင်ရေးမှာကလည်း ခက်ခဲနေတဲ့အချက်တွေက ဘယ်အချက်တွေလဲ၊ တိုင်းရင်းသားခေါင်းဆောင်တွေကရော ဘယ်အချက်တွေ ပြင်ဆင်ဖို့အတွက်ကိုရော အလိုရှိပါသလဲရှင့်။

ဦးစိုင်းလိတ်။             ။လွယ်လွယ်ပြောမယ်ဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ် ဆိုတဲ့နေရာမှာပေါ့နော်၊ ပြည်နယ်တိုင်းမှာ ဥပဒေပြုပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်၊ သူ့ဘာသာအုပ်ချပ်ပိုင်ခွင့် အဲ့ဒါကိုကြိုက်သလို လုပ်ဖို့လိုအပ်တယ်၊ ပြည်နယ်တိုင်း ပြည်နယ်တိုင်းဟာ သူ့ရဲ့လွတ်လပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပိုင်ခွင့်ရှိရမယ်၊ ဒါပေမဲ့ အဲ့ဒီပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုကြီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌါန်းထားတဲ့အတိုင်းပဲ အခြေခံရမှာပေါ့နော်၊ အဲ့ဒါတွေကိုအဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

မစန်းမော်အောင်။                ။လက်ရှိငြိမ်းချမ်းရေးအခြေအနေမှာလည်း တိုင်းရင်းသားတွေကြားမှာလည်း ယုံကြည်မှုနည်းပြီးတော့ ဆွေးနွေးပွဲတွေကလည်း တန့်နေသလိုဖြစ်နေတယ်ရှင့်၊ ဆရာတို့ ဆွေးနွေးသွားမယ့် အချက်တွေမှာရော ငြိမ်းချမ်းရေးအခြအနေက ဘယ်အချက်တွေကိုများ ထောက်ပြဆွေးနွေးသွားမလဲရှင့်။

ဦးစိုင်းလိတ်။             ။ငြိမ်းချမ်းရေးအခြေအနေ ဆွေးနွေးတယ်ဆိုတယ်ဆိုတဲ့ နေရာမှာလက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး အစိုးရအနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ်လိုအပ်ပါသလားဆိုတာကို ကျနော်တို့အခုထက်ထိ မရှင်းဘူး၊ တိုင်းရင်းသားခေါင်းဆောင် တော်တော်များများဟာလည်း ဒီအပေါ်မှာသံသယရှိတယ်၊ တကယ်တမ်း ကြံ့ခိုင်ရေးအစိုးရအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တယ်၊ လိုလားတယ်ဆိုလို့ရှိရင် လွတ်တော်ထဲမှာ ဆုံဖြတ်ရုံနဲ့လည်းဖြစ်ပါတယ်၊ သူတို့ကိုယ်တိုင်ကကို ၂၅% ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေက ဒီအပေါ်မှာသိပ်ပြီး ထဲထဲဝင်ဝင်ဆွေးနွေးနိုင်တဲ့ အနေအထားမျိုးမရှိသေးဘူး၊ ဒါကြောင့်မို့လို့ ကြံ့ခိုင်ရေးအစိုးရနဲ့ တိုင်ရင်းသားတွေရဲ့ကြားထဲမှာ ဘယ်လိုယုံကြည်မှုမျိုးကို ထပ်ပြီးတည်ဆောက်ဖို့ လိုအပ်သလဲဆိုတာကို ကျနော်တို့ညီလာခံမှာ အဖြေရှာသွားမှာ ဖြစ်ပါတယ်။

မစန်းမော်အောင်။                ။UNA အနေနဲ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဆွေးနွေးမယ်လို့ ပြောတယ်ရှင့်၊ NLD နဲ့ပူးပေါင်းလုပ်ဆောင်သွားမယ့် အခြေအနေလည်း ပြောပြပေးပါဦးဆရာ။

ဦးစိုင်းလိတ်။             ။အဓိကအားဖြင့်တော့ UNA မှာ စောစောကတည်းက CRPP နဲ့ လက်တွဲခဲ့ပြီးပြီပေါ့နော်၊ CRPP အလုပ်မဖြစ်တဲ့အခါကျတော့နောက်ဆုံး ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နည်းနည်းအလှမ်းဝေးသွားတာပေါ့၊ အခုနောက်ပိုင်းမှာကျတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အနေနဲ့ဦးဆောင်ဖို့လိုအပ်တယ်၊ ဒါပေမဲ့ သူဦးဆောင်ဖို့အခန်းကဏ္ဍက သိပ်ပြီးမပီပြင်တဲ့ အနေအထားမျိုးရောက်နေတယ်၊ အဲ့ဒါ ပြန်ပြီးတည့်မက်ပေးဖို့လည်း ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊ အဓိကကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာလို့ရှိရင် သူ့အနေနဲ့ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းပေးဖို့လိုအပ်တယ်ပေါ့နော်၊ ပါတီအနိုင်ရရှိရေး၊ အစိုးရဖြစ်ရေး၊ နောက်ဆုံး သမ္မတဖြစ်ရေးဆိုတဲ့ ခဏရှေ့တန်းမထားပဲနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဘယ်လိုကိစ္စမျိုးမှာ အတိုက်အခံပီပီ ကျနော်တို့ ရင်ဆိုင်ဖြေရှင်းမလဲ၊ တိုင်းရင်းသားတွေနဲ့ ပိုမိုပြီါ်နီးကပ်လာဖို့လိုအပ်တယ်၊ လွှတ်တော်ထဲဝင်ပြီးတော့မှ ပြည်ထောင်စုလွှတ်တော် နာယက သို့တည်းမဟုတ် သမ္မတ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ ပုဂ္ဂိုလ်ရေးချဉ်းကပ်မယ့်မစား မူတစ်ခုသက်သက်မှတ်မှတ်ချပြီးတော့မှ တိုင်းရင်းသားတွေနဲ့ လက်တွဲညီညီကြိုပမ်းသွားမယ်ဆိုလို့ရှိရင် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ပိုပြီးနီးစပ်မှာပေါ့နော်၊ ဒီမိုကရက်တစ်အင်အားစု အချင်းချင်းဘယ်လို စည်းလုံးညီညွတ်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကိုပဲ အဓိကထား ဆွေးနွေးသွားမှာပါဖြစ်ပါတယ်။

မစန်းမော်အောင်။                ။ဒီလက်ရှိနိုင်ငံရေးအခြေအနေကို ဆွေးနွေးသွားမယ်ဆိုတော့ UNA ရဲ့ ညီလာခံကနေပြီးတော့ နိုင်ငံရေးအဖြေရှာနိုင်ဖို့ ဖြစ်နိုင်ပါ့မလားဆရာ၊ ဘယ်အချက်တွေကများ ဆရာတို့အနေနဲ့ အခက်အခဲတွေများ ရှိနေသေးလဲ။

ဦးစိုင်းလိတ်။             ။အဓိကအခက်အခဲကတော့ ကျနော်တို့ ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးတာဟာလို့ပဲ ကျနော်မြင်တယ်၊ အမျိုးသားပြန်လည် ရင်ကြားစေံရေးဆိုတဲ့ကိစ္စမှာ အဓိကအားဖြင့် ပြည်သူနဲ့ တပ်မတော်ကြားထဲက အယုံအကြည်ကင်းမဲ့နေတဲ့ ကိစ္စပဲဖြစ်ပါတယ်၊ တပ်မတော်ဆိုတဲ့နေရာမှာ အာဏာရလာတဲ့ အစိုးရစစ်တပ်ဆိုတာလည်း တပ်မတော်နဲ့နီးစပ်တယ်၊ တပ်မတော်ရဲ့အသိုင်းအဝိုင်းဖြစ်တယ်၊ ဒါကြောင့်မို့လို့ တပ်မတော်နဲ့ ပြည်သူကိုဗဟိုပြုပြီးတော့မှ ဘယ်လိုမျိုးလျော့ချနိုင်မလဲ၊ အဲ့လိုလျော့ချခြင်းအားဖြင့် ရေရှည်ဘယ်လိုမျိုး အကျိုးရှိနိုင်မလဲဆိုတာကို အဓိကထားမီးမောင်းထိုး တင်ပြသွားဖို့ပဲရှိပါတယ်။

မစန်းမော်အောင်။                ။UNA ရဲ့ညီလာခံကနေပြီးတော့မှ အဖြေရှာနိုင်မှု ဖြစ်လာနိုင်မလားဆရာ၊ ဆရာတို့ တိုင်ရင်းသားခေါင်းဆောင်တွေ လိုချင်တဲ့အချက်တွေကိုများ ရှာဖွေတွေ့ရှိနိုင်မလားဆရာ။

ဦးစိုင်းလိတ်။             ။ကျနော်တို့ အတက်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်သွားပါမယ်၊ ဒါပေမဲ့ ချက်ချင်းလက်ငင်းအဖြေပေါ်ဖို့၊ မပေါ်ဖို့ဆိုတာ ကျနော်တို့ တဘက်ကအဖွဲ့အစည်းနဲ့လည်း သက်ဆိုင်တာပေါ့နော်၊ တိုင်းရင်းသားတွေရဲ့ အဓိကဆန္ဒအကုန်လုံးကိုလည်း ဖော်ထုတ်နိုင်လိမ့်မယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျ။

မစန်းမော်အောင်။                ။အခုလို RFA ကိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါပဲ ဆရာ။

ဦးစိုင်းလိတ်။             ။ကျေးဇူးပါခင်ဗျား။

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။