အဓမ္မပြုကျင့်မှု အကြိမ်ကြိမ်ခံခဲ့ရတဲ့ ချင်းအမျိုးသမီးနှစ်ဦး
ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန် ခုနစ်လရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့ညက အဲဒီရွာမှာ စခန်းချခဲ့တဲ့ တပ်မ - ၂၂ လက်အောက်ခံ စစ်သား နှစ်ဦးက နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ ကာယကံရှင် အမျိုးသမီးက RFA ကိုပြောပါတယ်။ အလားတူ အဲဒီနေ့ ညမှာပဲ တစ်ရွာတည်းချင်း ဆွေမျိုးတော်စပ်တဲ့ ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း စစ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပါ တယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စုံစမ်းနေတယ်လို့ RFA ကို ပြောဆိုထားပေမယ့် ဝန်ခံတာလည်း မရှိသေးသလို ငြင်းဆိုတာလည်း မရှိသေးပါဘူး။
အခုအချိန်မှာတော့ သူတို့နှစ်ဦးစလုံးဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြပြီး ဆေးဝါးကုသမှုတွေ ခံယူနေကြရပါတယ်။ သူတို့ဟာ မြန်မာပြည်မှာ စစ်တပ်က ကြီးစိုးနေသရွေ့ နေရပ်ကို မပြန်ရဲကြတော့ဘူးလို့ ပြောပါတယ်။
"အခြေအနေ မကောင်းမချင်း အိမ်ကိုပြန်ရဲမှာ မဟုတ်ဘူး။ စစ်သားတွေ ရှိနေသရွေ့ ပြန်ဖို့မမစဉ်စားနိုင်ဘူး”
နိုဝင်ဘာလ ၁၁ ရက်နေ့ညက ကြုံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကာယကံရှင် အမျိုးသမီးနှစ်ဦးကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။
■ အဓမ္မပြုကျင့်ခံရတဲ့ အသက် ၃၀ အရွယ် ကိုယ်ဝန်သည်
မေးခွန်း (၁)။ ။အာလွယ်ကျေးရွာမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပေးပါ။
အဖြေ။ ။ “ဓားမြှောင်နဲ့ချိန်ပြီးတော့ နားကပ်ချွတ်ပေးပါလို့ပြောတယ်။ မြန်မြန်ချွတ်ပါဆိုပြီးတော့ ဓားနဲ့ လည်ပင်းကို ရွယ်တယ်။ ပြီးတော့ သေနတ်နဲ့ချိန်ထားတယ်။ ကျွန်မလည်း ချွတ်ပြီးတော့ ပေးလိုက်တယ်။ စစ်သားတစ်ယောက်က လက်ဖြန့်ပြီးတောင်းတာ။ ပြီးတော့ တစ်ယောက်က ကျွန်မကို အပြင်ကို ဆွဲထုတ် ပြီးတော့ ကျွန်မဘောင်းဘီတွေကို အတင်းချွတ်တယ်။ ကျွန်မ မလုပ်ပါနဲ့လို့ ငြင်းတယ်။ ငြိမ်ငြိမ်နေ ပစ်သတ် လိုက်မှာနော်လို့ပြောပြီး ရေချိုးခန်းထဲကို ဆွဲခေါ်တယ်။ ရေချိုးခန်းထဲမှာ ကျွန်မကို မုဒိမ်းကျင့် တယ်။ နောက် တစ်ယောက်ကတော့ ကျွန်မယောက်ျားကို ကြမ်းပြင်မှာ ဝမ်းလျားမှောက်ခိုင်းပြီးတော့ ခြေထောက်နဲ့ ကန် တယ်။ ခေါင်းကို နည်းနည်းမော့လိုက်တာနဲ့ ခေါင်းကို စစ်ဖိနပ်နဲ့ နင်းခြေတယ်။ စစ်သားတစ်ယောက်က ကျွန်မကို မုဒိမ်းကျင့်ပြီးတော့ နောက်တစ်ယောက်က ထပ်ပြီးမုဒိမ်းကျင့်တယ်။ သူတို့ မပြန်ခင်မှာ ကျွန်မ ယောက်ျားကို ခေါင်းထောင်ခိုင်းပြီးတော့ သူတို့ရဲ့ စစ်ဖိနပ်နဲ့ ခေါင်းကိုကန် သွားတယ်။ ကျွန်မယောက်ျားမှာ ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေအများကြီး ထွက်လာတယ်။ ကျေနပ်လား၊ ဝမ်းသာလားလို့ သူတို့က မေးသေးတယ်။ ကျွန်မတို့က ကြောက်လို့ ကျေနပ်ပါတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ သူတို့ပြန်သွားတယ်။ နောက် မနက် ၃ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ကြက်မတွန်သေးဘူးဆိုတော့ ၃ နာရီလောက်တော့ဖြစ်မယ်။ သူတို့က နားကပ်ရယ်၊ နာရီရယ် သူတို့ယူသွား တယ်ဆိုတော့ ဘယ်နှနှစ်ရီဖြစ်မှန်း မသိလိုက်ဘူး။ ကျွန်မတို့ အိပ်ယာထဲပြန်အိပ်ဖို့ ဝင်တဲ့အချိန်မှာ စစ်သားတွေက ပြန်လာတယ်။ တံခါးကို ဖွင့်ခိုင်းတယ်။ တံခါးဖွင့်တော့ ကျွန်မယောက်ျားကို အခန်းထဲမှာ ထည့်ပြီး ပိတ်ထားလိုက်တယ်။ အပြင်မထွက်ခိုင်းဘူး။ ကျွန်မကို ရေချိုးခန်း ထဲမှာ တစ်ယောက်က ကျွန်မကို မုဒိမ်းကျင့်တယ်။ ပြီးတော့ နောက်တစ်ယောက်က ထပ်ကျင့်တယ်။ ပြီးတော့ တစ်ယောက်က ကျွန်မရဲ့ မိန်းမကိုယ်ကို ကိုက်လိုက်တယ်။ သွားတိုက်ဆေးတွေ ထည့်တယ်။ တံတွေးနဲ့ ထွေးတယ်။ ကျွန်မကို အရမ်းနှိပ်စက်တယ်။ ပြီးတော့ သူတို့ပြန်သွားတယ်”
မေးခွန်း (၂)။ ။အဲဒီအချိန်တုန်းက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ဒီလိုမတရားခံရတဲ့အပေါ် ဘယ်လိုမျိုးခံစားရလဲ။
အဖြေ။ ။“စိတ်ထဲမှာ ဘာမှမရှိတော့ဘူး။ အရမ်းကြောက်တယ်။ အရမ်းကိုလည်း တုန်နေတယ်။ မိုးမြန်မြန် လင်းဖို့အတွက်ပဲ ဆုတောင်းနေမိတယ်။ အပြင်ထွက်မယ်ဆိုရင်လည်း သူတို့ပစ်သတ်မှာလည်း ကြောက် ရတယ်။ မှောင်လည်း မှောင်နေသေးတယ်ဆိုတော့လေ။ သေရင်လည်း သေပါစေတော့ဆိုပြီးတော့ အိပ်ယာထဲမှာနေပြီး အိပ်မပျော်ဘူး။ ကြောက်လွန်းလို့ ငှက်ဖျားရောဂါဖြစ်ရင် တုန်သလို တုန်နေတာ ”
မေးခွန်း (၃)။ ။လက်ရှိ ကျန်းမာရေးအခြေနေ ဘယ်လိုရှိပါသလဲ။
အဖြေ။ ။”ကိုယ်ဝန်ကတော့ ၇ လရှိနေပြီ။ ကျွန်မရဲ့မိန်းမကိုယ်ကိုက်ခံရတာကတော့ နာနေသေးတယ်။ အဲဒီဖြစ်ပျက်ခဲ့တဲ့ ညကဆိုရင် မီးဖွားချင်သလိုမျိုး ဗိုက်ရော၊ မိန်းမကိုယ်တစ်ခုလုံးရော အရမ်းနာနေခဲ့တာ။ အိန္ဒိယဘက်ကို ရောက်တဲ့နေ့မှာ ZFU အဖွဲ့က ကျန်းမာရေး ဆရာမက ကိုယ်ဝန်ကို ကြည့်ပေးတယ်။ ကလေးကတော့ ဘာမှမဖြစ်ဘူး။ အနေအထား အဆင်ပြေတယ်လို့ပြောတယ်။ အကိုက်ခံရတဲ့ မိန်းမကိုယ် နေရာက အရမ်းယောင်နေတယ်။ ဆီးသွားတာရတာ အဆင်မပြေဘူး။ စပ်တယ်”
မေးခွန်း (၄)။ ။ဒီလိုမတရားခံရမှုအပေါ် ဘယ်လိုမျိုး လုပ်ဆောင်ဖို့ရှိလဲ။ ဘယ်လိုမျိုး တရားမျှတမှုရစေချင်လဲ။
အဖြေ။ ။"အဲလိုမျိုးတော့ မသိဘူး။ မြန်မာနိုင်ငံကိုတော့ စစ်တပ်က ရှိနေသရွေ့၊ အခြေနေမကောင်းသေး သရွေ့တော့ မပြန်တော့ဘူး။ မပြန်ရဲတော့ဘူး"
ဟုတ်ကဲ့၊ အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
------------------------------------------------------
■ အဓမ္မပြုကျင့်ခံရတဲ့ ၂၇ နှစ်အရွယ် မီးဖွားပြီးစ ကလေးမိခင်
မေးခွန်း (၁)။ ။အစ်မကို စစ်သားတွေက အဓမ္မပြုခဲ့ပြီး အမျိုးသားဖြစ်သူကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ ပြောပြပေးပါ။
အဖြေ။ ။“ ၁၁ နာရီခွဲလောက်က လာတာ မင်းတို့ ဘယ်သူတွေရှိလဲလို့မေးတယ်။ ကျွန်မယောက်ျားနဲ့ ကလေးနဲ့ သုံးယောက်ပဲရှိတယ်လို့ ကျွန်မပြန်ဖြေလိုက်တယ်။ စစ်သားတစ်ယောက် အိမ်ထဲကိုတန်းဝင် ပြီးတော့ အိမ်ခန်း ထဲကုတင်ပေါ်မှာ ဖုန်းအားသွင်းထားတဲ့ ဖုန်းနှစ်လုံးနဲ့ ပါဝါဘန့်ကိုယူတယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ်။ ဘီယာသောက်ဖို့ ပိုက်ဆံပေးပါ။ ကျွန်မမှာရှိတဲ့ ပိုက်ဆံ တစ်သောင်းခြောက်ထောင် ကို ပေးတော့ ခြောက်ထောင်ပေးပါလို့ပြောတယ်။ ငါးထောင်တန်တစ်ရွက်နဲ့ တစ်ထောင်တန်တစ်ရွက်ကို ယူသွားတယ်။ ပြန်လှည့် လာပြီး ပိုက်ဆံအားလုံးပေးပါ၊ မပေးရင် သတ်မယ်ပြောပြီးတော့ ကြမ်းပေါ်မှာ ကျွန်မယောက်ျားကို ဝမ်းလျား မှောက်ခိုင်းပြီး တစ်ယောက်က သူ့ကို ထိန်းထားတယ်။ ဘာလို့မီးဒီလောက် ထွန်းတာလဲဆိုပြီး ထွန်းထားတဲ့ မီးကိုပိတ်ခိုင်းတယ်။ ကျွန်မနားကိုလာပြီး နားကပ်ကို ချွတ်ခိုင်းတယ်။ မြန်မြန်ချွတ်ပါ၊ မချွတ်ရင် ပစ်သတ်မယ် လို့ပြောတယ်။ ကျွန်မကလည်း သမီးကို ချီထားရင်နဲ့ ချွတ်ပေး တယ်။ အရမ်းမှောင်နေတယ်ဆိုတော့ အရမ်း ကြောက်တယ်။ မမှောင်ရင်တောင် ဒီတိုင်းအပြင်မှာတွေ့ရင် တောင် စစ်သားကို အရမ်းကြောက်တာဆိုတော့ ကျွန်မနားကပ်ကို ပေးလိုက်တယ်။ သူတို့ ပြန်သွားကြ တယ်။
နောက်တစ်နာရီအကြာမှာ ပြန်လာပြီး ပထမတော့ သုံးယောက်လာတယ်။ ဒုတိယပြန်လာတဲ့ အချိန်မှာ တော့ နှစ်ယောက်လာတယ်၊ ကျွန်မယောက်ျားကိုတော့ ရေချိုးခန်းထဲကို ခေါ်သွားတယ်။ မီးမထွန်းရဘူး ဘယ်သူမှ မအော်ရဘူး၊ အော်လို့ရှိရင် ပစ်သတ်မှာဆိုပြီး သေနတ်နဲ့ချိန်တယ်။ ကျွန်မယောက်ျားဆီမှာ အခြေနေ မကောင်းဘူး။ ယောက်ျားရေ … သေနတ်နဲ့ချိန်ရင်လည်း နည်းနည်းလေးမှ မလှုပ်နဲ့၊ မဟုတ်ရင် ငါတို့ သေ သွားလိမ့်မယ်ဆိုပြီး ပြောတယ်။ အခုလိုထပ်ထပ်ပြီး လာနေတာဆိုတော့ တစ်ခုခုဖြစ်မှာစိုးလို့ သည်းခံပြီးတော့ သူတို့ခိုင်းသမျှ လိုက်လုပ်ပေး လိုက်ရအောင်။ ဒါမှ ကျွန်မတို့ အသက်ရှင်နိုင်မှာလို့ ယောက်ျားကို ပြောထားရ တယ်။ ကျွန်မယောက်ျားကိုလည်း လက်ဖက်ရည်ခွက်တွေနဲ့လည်းပစ်တယ်။ ခေါင်းမှာ ဒဏ်ရာရခဲ့တယ်။ ကြွေပန်းကန်တွေနဲ့လည်း ပစ်တယ်။ ကျွန်မယောကျာ်းခေါင်းကို နည်းနည်း မော့ကြည့်တာနဲ့ နှိပ်စက်တော့တာပဲ။
ကျမကို အခန်းထဲခေါ်သွားတယ်။ ကလေးကို ရှေ့မှာ ချီထားတဲ့တာကို မြန်မြန်ချလို့ပြောတယ်။ ကျွန်မ ကလေး ကလည်း အရမ်းငိုတယ်။ ပြီးတော့ တစ်ယောက်က ကျွန်မကို အဓမ္မကျင့်တယ်။ ပြီးတော့ မအော်နဲ့၊ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်မရဲ့ သမီးလေးနားမှာ စစ်သားရဲ့ သေနတ်ထားတယ်။ ကလေးက လည်း အရမ်းငိုနေတယ်။ ကျွန်မ အော်မှာနော်လို့ ပြန်ပြောလိုက်တော့ အော်ရဲရင်အော်ပေါ့ သတ်ပစ်လိုက်မယ် လို့ ပြောတယ်။ ကျွန်မယောက်ျားကို နှိပ်စက်နေတဲ့သူက ပြန်လာပြီး ကျွန်မကို မုဒိမ်းကျင့်ဖို့လုပ်တယ်။ ကျွန်မ ကလေးမွေးထားတဲ့ မကြာသေးဘူး။ တစ်လခွဲပဲရှိသေးတယ်။ ကျွန်မလည်း သိပ်နေမကောင်းသေးဘူး မလုပ် ပါနဲ့လို့ ပြောပေမယ့် မရဘူး၊ မလိုဘူး၊ စကားမပြောနဲ့ ကလေးကိုလည်း ဒီတိုင်းချထားခိုင်းတယ်။ အော်လို့ လည်း မရဘူး။ ကျွန်မလည်း အရမ်းကြောက်တယ်။ အရမ်းတုန်နေ တယ်။ သူက ကျွန်မအကျီတွေကို ချွတ် ခိုင်းတယ်။ ကျွန်မက မချွတ်ဘူး။ အကျီ၊ ဘောင်းဘီတွေကို သူတို့က အတင်းဆွဲချွတ်တယ်။ အတင်းတွန်းချပြီး တော့ ကျွန်မကို မုဒိမ်းကျင့်တယ်။
သူပြီးသွားတော့ နောက်တစ်ယောက်က လာသေးတယ်။ ဒီလိုလုပ်တာကို ကျွန်မယောက်ျားသိမှာကို စိုးရိမ်တာလားတော့ မသိဘူး။ ကျွန်မယောက်ျားခေါင်း ထောင်လာတာနဲ့ နှိပ်စက်တော့တာ။ သေနတ်ဒင်နဲ့ ထုတယ်။ သူတို့ ပြန်သွားတယ်။ သိပ်မကြာဘူး။ ပြန်လှည့်လာတယ်။ မီးမထွန်းရဘူး။ မအော်ရဘူး။ ခင်ဗျားတို့ ဘာလို့ PDF တွေပေါင်းတာလဲ။ PDF တွေနဲ့ ပေါင်းတယ်လို့ သတင်းကြားတယ်။ ကျွန်မက သူတို့ကို မေးလိုက်တယ်။ ကျွန်မတို့ PDF တွေနဲ့ပေါင်းတယ်လို့ ဘယ်သူပြောတာလဲ။ ရုံးက ဆရာကြီး တွေက ပြောတာလို့ ပြန်ပြောတယ်။ ကျွန်မ ယောက်ျားဆီမှာ သူတို့က ခင်ဗျား PDF တွေနဲ့ ပေါင်းတယ်။ PDF လို့ ပြောတယ်။ PDF ဆိုတာ ကြားတောင် မကြားဖူးဘူး။ သိလည်း မသိဘူး။ အပြင်လည်း မထွက်ဘူး။ ခြံစိုက်ပြီးတော့ပဲ ကျွန်တော်တို့ နေတာလို့ ကျွန်မယောက်ျားက ပြန်ဖြေလိုက်တယ်။ ကျွန်မယောက်ျားကို လည်ပင်းကို ဓားနဲ့လှီးဖို့အတွက် ရွယ်ထားတယ်။ ကျွန်မက ယောကျာ်းက နည်းနည်းမလှုပ်ဖို့ ချင်းလိုပဲ ပြောလိုက်တယ်။ အဲဒါကို ခင်ဗျားတို့ ဘာစကားတွေ ပြောနေတာလဲဆိုပြီး သူတို့က မေးတယ်။ ပြီးတော့ ကျွန်မယောက်ျားကို ခြေထောက်နဲ့ ကန်တော့ လဲသွားတယ်။ တစ်ယောက်က ကျွန်မကို အခန်းထဲကိုဆွဲ ခေါ်သွားတယ်။ ကျွန်မက ကလေးချီထားတယ်။ ကုတင်ပေါ်ကို တွန်းလှဲတယ်။ ပြီးတော့ မုဒိမ်းကျင့်တယ်။
နောက်တစ်ယောက် လာပြီးတော့လည်း မုဒိမ်းထပ်ကျင့်တယ်။ ပထမ လာတုန်းက သုံးယောက်က မုဒိမ်းကျင့် တယ်။ နောက်ထပ်ပြန်လာတဲ့ အချိန်မှာနှစ်ယောက်က ကျွန်မကို မုဒိမ်းကျင့်တယ်။ ဒုတိယအကြိမ် မုဒိမ်းကျင့် ပြီးတော့ သူတို့ပြန်သွားတယ်။
လေးကြိမ်မြောက် လာတာကတော့ ၄ နာရီ ထိုးတော့မှာ စကားမပြောရ၊ မအော်ရဘူး အော်ရင်သေနတ်နဲ့ ပစ်မှာဆိုပြီးတော့ သေနတ်နဲ့ နဖူးကို ချိန်ထားတယ်။ ကျွန်မယောက်ျားကလည်း ဒဏ်ရာနဲ့ဆိုတော့ အရမ်း ကြောက်နေတယ်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်နေတယ်။ အရက်ဝယ်ဖို့ ဆိုင်ကယ်ထုတ်ပြီး ဆိုင်ကယ်နဲ့ လိုက်ပို့လို့ ပြောတယ်။ ကျွန်မယောက်ျားက သူတို့နှိပ်စက်ထားလို့ မထနိုင်ဘူး။ ဆိုင်ကယ်မမောင်းနိုင်ဘူး ဆိုတော့ ဆိုင်ကယ်ဖျက်ဆီးပစ်ရမလား။ ခင်ဗျားကို သတ်ပစ်ရမလားလို့ ပြောတယ်။ ကျွန်မကလည်း ယောက်ျားကို အားစိုက်ပြီး လိုက်ပို့လိုက်ပါလို့ ပြောလိုက်တယ်။ ဆိုင်ကယ်ကိုလည်း မီးမထွန်းခိုင်းဘူး။ ဒီတိုင်းသွားခိုင်းတယ်။ ဆိုင်ကယ်မီးမဖွင့်ရတော့ ဆိုင်ကယ်က လဲသွားတယ်။ အဲဒါကို သူတို့က စိတ်ဆိုးပြီး ရိုက်နှက်နေသေးတယ် ကျွန်မယောက်ျားကို။
အရက်ဆိုင်ရောက်တဲ့အခါမှာ ကျွန်မယောကျာ်းကို ဆိုင်ရှင်တွေနိုးအောင် အော်နှိုးခိုင်းတယ်။ ကျွန်မ ယောက်ျား ကို ဆိုင်ရှေ့မြေပြင်မှာ ဝမ်းလျားမှောက်ခိုင်းပြီး အပေါ်ကနေ စစ်ဖိနပ်နဲ့ နင်းထားပြီး နှိုးခိုင်းတာ။ ကျွန်မ ယောက်ျား တစ်ကိုယ်လုံးသွေးတွေနဲ့ အိမ်ကိုပြန်ရောက်လာတယ်။ ဆိုင်ကယ်ကို အိမ်ထဲထည့်ဖို့ လုပ်တဲ့ အချိန်မှာ စစ်သား တစ်ယောက်က ကျွန်မယောက်ကျားကို သူသေနတ်ပေးပြီးတော့ သတ်ခိုင်းတယ်။ မသတ်ရင် ခင်ဗျားကို သတ်မယ်ဆို ပြီ သူအိတ်ထဲက ကျည်ဆန်ထုတ်ပြတယ်။ မြန်မြန်ငါ့ကိုပစ်လိုက်လို့ ပြောတယ်။ ဆိုင်ကယ်ရော၊ သေနတ်ရောဆိုတော့ ကျွန်မယောက်ျားက သေနတ်ကို အောက်ချလိုက်ပြီးတော့ ဆိုင်ကယ်ကို အိမ်ထဲကို သွင်းလိုက်တယ်။ ပြီးတော့ အဲစစ်သားက သူ့သေနတ်ကို ပြန်ယူသွားတယ်။ ပြီးတော့ တောင်းလာတဲ့ အရက်တွေကို သောက်တယ်။ ရလာတဲ့ ပိုက်ဆံတွေကိုလည်း ခွဲယူကြတယ်။ ၅ နာရီထိုးရင် ငါတို့ကင်းအလှည့် ကျတော့မှာဆိုပြီး ပြန်သွားတယ်”

မေးခွန်း (၂)။ ။ဒီလိုစစ်သားတွေက မတရားကျူးလွန်တာကို တရားမျှတမှုရဖို့ ဘယ်လိုမျိုး လုပ်ဆောင်တာ ရှိလဲ။ ဘယ်လိုမျိုး ဖြစ်စေချင်ပါသလဲ။
အဖြေ။ ။“မနက်ပိုင်းမှာ ကျွန်မရဲ့ ဦးလေးဆီမှာ စစ်သားတွေက ကျွန်မကို မုဒိမ်းကျင့်တယ်ဆိုပြီး ပြောလိုက် တယ်။ ဦးလေးကလည်း ဘာမှပြန်မပြောနိုင်ဘူး။ ဦးလေးရဲ့ အိမ်မှာတည်းတဲ့ စစ်ဗိုလ်ဆီမှာလည်း ပြောခဲ့ တယ်။ ကျွန်မကို စစ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်လို့။ အဲဒီစစ်ဗိုလ်က ဟုတ်လားလို့ ပြောပြီးတော့ အိမ်ထဲကို ပြန်ဝင် သွားတယ်။ ဂရုမစိုက်ဘူး။ အဲဒီအချိန်မှာ ကျွန်မမှာလည်း ဖုန်းမရှိတော့ဘူး။ အိမ်ကိုပြန် ပြီးတော့ ကျွန်မတို့စိုက် ထားတဲ့ မုန်ညှင်းတွေကို ခူးဖို့အချိန်တန်ပြီးဆိုတော့ ခူးလိုက်တယ်။
ကျွန်မက ဒီကိစ္စကို ဒီတိုင်းမထားနိုင်ဘူး။ အထက်လူကြီးတွေဖြစ်ဖြစ် ပြောမယ်ဆိုပြီးတော့ PDF တွေဆီ ကျွန်မ အကြောင်းစုံကို ပြောလိုက်တယ်။ ကျွန်မတို့က ၁၂ ရက်နေ့ သောကြာနေ့မှာ ရွာကိုပြန်သွားတယ်။ စနေနေ့မှာ ကျွန်မကို ပြန်ခေါ်တယ်။ ဗိုလ်ကြီးက တောင်းပန်ချင်တယ်ဆိုပြီးတော့ ကျွန်မ ဦးလေးက ဖုန်း ဆက်တယ်။ စစ်သားတို့ယူထားတဲ့ ပစ္စည်းတွေကို ပြန်ရနေတယ်လို့ပြောတော့ ဦးလေးက မနက်စောစော ရောက်လာဖို့ ပြောတယ်။ မနေ့ညမှာ စစ်သားသုံးယောက်ကို ဗိုလ်ကြီးက ချုပ်နှောင်ထားပါတယ်။ လာကြပါ ကြောက်စရာ မလိုတော့ဘူးလို့ ဦးလေးက ပြောတယ်။ ပစ္စည်းတွေပြန်ရမယ်ဆိုတော့ သွားရ အောင်ဆိုပြီး သွားကြတယ်။ ကျွန်မပစ္စည်းတွေ အကုန်တော့ပြန်ရပါတယ်။
ကျွန်မတို့ရောက်တဲ့အချိန်မှာ စစ်သားတစ်ယောက်ကို ဦးလေး အိမ်ရှေ့မှာ ချုပ်နှောင် ထားတာတွေ့တယ်။ တစ်ယောက်က ကျွန်မနားကိုလာပြီးတော့ တောင်းပန်စကား လာပြောတယ်။
စစ်သားကိုမြင်တာနဲ့ ကြောက်တယ်။ အခြေအနေ မကောင်းမချင်း အိမ်ကိုပြန်ရဲမှာ မဟုတ်ဘူး။ စစ်သား တွေ ရှိနေသရွေ့ ပြန်ဖို့မမစဉ်စားနိုင်ဘူး”
ဟုတ်ကဲ့၊ အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။