တောင်ငူမှာလုပ်မယ့် ဆန္ဒပြပွဲ ကိုမင်းသွေးသစ်ကို မေးမြန်းချက်
2014.11.29
အမျိုးသားပညာရေး ဥပဒေကို မန္တလေးမြို့မှာ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြခဲ့စဉ်ကရဲတပ်ဖွဲ့တွေ နဲ့အခြေအတင်ဖြစ်ခဲ့ပုံနဲ့ ဒီနေ့မနက်ပြုလုပ် မယ့် တောင်ငူမြို့ကဆန္ဒပြပွဲအစီအစဉ်ကို ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုမင်းသွေးသစ်နဲ့ မေးမြန်းချက်အပြည့်အစုံ
ကိုနေရိန်ကျော်။ ။ ကိုမင်းသွေးသစ်တို့ ပြီးခဲ့တဲ့ရက်က လုပ်ခဲ့တဲ့ မန္တလေးကဆန္ဒပြပွဲမှာ ရဲတွေဘာတွေနဲ့ အချေအတင်ဖြစ်ခဲ့တယ်လို့ ကျနော်တို့ကြားတယ်၊ အဲ့ဒါဘယ်လိုဖြစ်တာလဲခင်ဗျာ။
ကိုမင်းသွေးသစ်။ ။ ကျနော်တို့ မန္တလေးမှာ သပိတ်မှောက်ဆန္ဒပြတော့ မန္တလေးက အိမ်တော်ရာ ဘုရားဝင်းမှာ မနက် ၁၀ နာရီစထွက်မယ်ပေါ့နော်၊ အဲ့ချိန်မှာ ရဲအင်အားယောက် ၃၀ လောက်ရောက်လာပြီးတော့ အိမ်တော်ရာ ဘုရားတံခါးကို ပိတ်လိုက်တယ်၊ ကျနော်တို့က ဘာကြောင့်ပိတ်တာလဲ၊ ဒီတံခါးကိုပြန်ဖွင့်ပေး ပါပြောတော့၊ ခင်ဗျား တို့ကို ပုဒ်မ ၁၈ အရခွင့်ပြုချက်တင်ပါပြောထားတယ်၊ ခွင့်ပြုချက်တင်တာ၊ မတင်တာ ကျနော်တို့ ကိစ္စဖြစ်တယ်၊ ဒီလိုမျိုးတံခါးပိတ်တာတော့ ခင်ဗျားတို့ လုပ်စရာမလိုဘူး၊ အခုပြန်ဖွင့်ပေးပါဆိုပြီး ညှိနှိုင်းနေတုန်းမှာပဲ အနောက် က ကျောင်းသားတွေက ဒီလိုမျိုးပိတ်ခံရတဲ့ အပေါ်မှာဒေါသဖြစ်လာပြီး ဝင်းတံခါးကို အကုန်လုံးဝင်တွန်းပြီးတော့ ဖွင့်လိုက်တယ်၊ ရဲကသူတို့အား နဲ့ခံပြီးပိတ်ထားတာ ဖြစ်တဲ့အတွက် တံခါးကပွင့်သွားတယ်၊အဲ့ဒါ နဲ့ဒီရဲတပ်ဖွဲ့တွေက မန္တလေး တစ်လျှောက်လုံး ဆန္ဒပြတဲ့နောက်မှာ တောက်လျှောက်ကျနော်တို့ နောက်ကနေ လိုက်လာတာ အားလုံးပေါင်းရဲအင်အား ၇၀ လောက်ဖြစ်လာတယ်၊ ပြီးတော့ ကျနော်တို့ ဆန္ဒပြနေတဲ့ကျောင်းသားတွေရဲ့ အချိန်မှာ ဒီကျောင်းသားတစ်ယောက်က ကြွေးကြော်သံတိုင်ရင် ဒီကောင့်နာမည်မှတ်ထား၊ ဒီကောင့် ဓာတ်ပုံသေချာရိုက်ထား၊ သူ့နောက်ကြောင်းကို စုံစမ်းတို့ဘာတို့ အဲ့လိုမျိုး ရဲမှူးက ကျနော်တို့ရှေ့မှာခဏ ခဏ ပြောနေတော့ ကျနော်တို့ကသွားပြောတယ်၊ အခုခင်ဗျားတို့ လုပ်နေတဲ့ပုံစံက ကျနော်တို့ကို ခြိမ်းခြောက်နေ သလိုပဲ၊ ရဲအင်အား အများကြီး နဲ့တောက်လျှောက်လိုက်လာစရာ မလိုဘူး၊ အဲ့တော့ သပိတ်မှောက်နေတဲ့ ကျောင်း သားတွေ ဘေးနားကဘေးဖယ်ပေးပါ၊ ရှေ့ကနေဝင်ပိတ်စရာလဲ မလိုဘူးဆိုပြီး ကျနော်တို့ဝင်ပြောတော့ ရဲမှူးနဲ့ ခရိုင်ခေါင်းဆောင်တွေနဲ့ စကားများကြတယ်၊ ဖြစ်လာတဲ့အပေါ် ခံပြင်းဒေါသဖြစ်ပြီးတော့ သမ္မတကို ရှုတ်ချဖို့ကြွေးကြော်သံတိုင်တဲ့ အဆင့်ထိဖြစ်လာတယ်၊ အဲ့တော့ကျနော်တို့ကလဲ ကျောင်းသားတွေကိုပြန်ထိန်းတယ်၊ ပြီးတော့ မိုက် နဲ့ပဲကျနော်တို့ ကြေညာတယ်၊ ဒီဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေအနေ နဲ့ဒါမျိုးလုပ်တာ အပြုသဘောမဆောင်ဘူး၊ ကျနော်တို့ကျောင်းသားတွေ ထိန်းထိန်းသိမ်းသိမ်း စည်းကမ်းရှိရှိဆောင် ရွက်မယ်၊ ခင်ဗျားတို့လဲ ရဲအင်အားတွေ မလိုအပ်ပဲနဲ့ ကျနော်တို့ဘေးနားကနေ အများကြီးသုံးနေ တာတွေ ပြန်လျှော့ပေးပါဆိုပြီး ကျနော်တို့ပြောပါတယ်။
ကိုနေရိန်ကျော်။ ။ နောက်တော့ရော ပါမောက္ခတွေ ဘာတွေလာပြီးတော့ တွေ့တယ်ဆို၊ အဲ့ဒါကရော အစိုးရက လွှတ်လိုက်တာလား
ကိုမင်းသွေးသစ်။ ။ ညနေပိုင်းမှာတော့ ကျနော်တို့ကျောင်းသားတွေ (****) ဘုန်းကြီးကျောင်းကို သာသနာရေး က ညွှန်ကြားရေးမှူး လို့ပြောတဲ့ တစ်ယောက်ရောက်လာတယ်၊ ရောက်လာပြီးတော့ ဒီသပိတ်မှောက် ကျောင်း သားတွေနဲ့ ဒီမန္တလေးခရိုင် ပတ်ဝန်းကျင်မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ပါမောက္ခ အသီးသီးက တွေ့ချင်ပါတယ် လို့ ပြောတယ်၊ အဲ့တော့ ကျနော်တို့က မန္တလေးခရိုင်ရဲ့ကျောင်းသား တွေရဲ့အရေးကိစ္စဖြစ်နေတယ်၊ အဲ့တော့သူတို့ နဲ့ပဲတွေ့ဖို့ပဲ စီစဉ်လိုက်တယ်၊ အဲ့တော့ မနက် ၉ နာရီမှာပဲ ဒီကံတက် ဘုန်ကြီးကျောင်းမှာပဲတွေ့လိုက်ပါတယ်၊ ရန်ကုန်မှာ သပိတ်မှောက် ၁၅ ဦးကော်မတီ တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်တောင်းဆိုရေးကိုပဲ သူတို့ကပြောတယ်၊ တစ်ခရိုင်ချင်းစီ လိုက်ပြီးတော့ ညှိနေတာပြဿနာ ကိုဖြေရှင်းတဲ့နည်းလမ်း မဟုတ်ဘူး၊ အဲ့တော့ NLD ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ကျနော်တို့ သပိတ်မှောက် ကျောင်းသားတွေရဲ့ကျောင်းကိုယ်စားလှယ် သို့မဟုတ် ခရိုင်ကိုယ်စားလှယ်တွေပါတဲ့ ကျောင်းသားအစုအဖွဲ့ နဲ့တစ်နေရာမှာ အမျိုးသားပညာရေး ဥပဒေဆွေးနွေးဖို့၊ အဲ့ဒါသာလျှင် ပြဿနာတစ်ကယ်ဖြေရှင်းတဲ့ နည်းလမ်းဖြစ်တယ်ဆိုပြီးတော့ ဒီမန္တလေးခရိုင် ကျောင်းသားတွေ ကပြောလိုက်တယ်၊ ဆွေးနွေးပွဲကပြီးသွားတယ်ပေါ့၊ အမှန်တော့ ဒါလာညှိတာမဟုတ်ဘူး၊ ပါမောက္ခတွေ အနေ နဲ့ဒါပုဂ္ဂုလ်ရေးအရ လာတွေ့တာပါဆိုပြီးတော့ လဲပြောပါတယ်၊ တရားဝင်တော့ မဟုတ်ပါဘူး။
ကိုနေရိန်ကျော်။ ။ ဟုတ်ကဲ့၊ အဲ့ပါမောက္ခတွေ ထဲမှာ ဘယ်သူတွေပါ ပါလဲခင်ဗျာ။
ကိုမင်းသွေးသစ်။ ။ ပါမောက္ခတွေ ကတော့အများကြီးပဲ၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခလဲ လာတယ်၊ ရတနာပုံ တက္ကသိုလ်ပါမောက္ခ လဲလာတယ်၊ ကျန်တာတွေ တော်တော်များများ ပါမောက္ခတွေ လို့ပြောပါတယ်။
ကိုနေရိန်ကျော်။ ။ ဆိုတော့ နောက်ထပ်အစီအစဉ်က တောင်ငူမှာလို့ ကျနော်တို့ ကြားတယ်၊ တောင်ငူမှာရော အစဉ်ပြေနိုင်မလား။
ကိုမင်းသွေးသစ်။ ။ ဟုတ်ကဲ့ တောင်ငူမှာ ကျနော်တို့ ညနေပိုင်း ကျနော်တို့ တည်းနေတဲ့ ဘုန်းကြီးကျောင်း ကိုပေါ့ တောင်ငူက ထွေအုပ် နဲ့ရဲကလွှတ်လိုက်တဲ့ သတင်းတပ်ဖွဲ့က ရဲ ၂ ယောက်လာတယ်၊ ကျနော် တို့ ခေါင်းဆောင်တွေ နဲ့ထွေအုပ်ဦးစီးမှူးတွေ နဲ့တွေ့ချင်လို့ပါဆိုတော့ ကျနော်တို့ လိုက်သွားတယ်၊ ဒီတောင်ငူ မြို့ ထွေအုပ်ရုံးမှာပဲ ကျနော်တို့တွေ့ကြတယ်၊ တွေ့ဖြစ်တော့ ကျနော်တို့ကို ပုဒ်မ ၁၈ အရ ခွင့်ပြုချက်တင်ပါ လို့ ပြောတယ်၊ ကျနော်တို့ အနေနဲ့လည်း ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဆန္ဒပြပွဲတိုင်းမှာ ဒီအခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၃၅၄ အရ ကျနော်တို့က နိုင်ငံသားအခွင့်အရေး အပြည့်အဝရ ရမယ်ဆိုတဲ့ ရပ်တည်ချက်အရ ဒီဟာကို ပုဒ်မ ၁၈ နဲ့ခွင့်ပြုချက်မတင်နိုင်ဘူးလို့၊ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ဖမ်းမယ်ဆိုရင်လဲ ဥပဒေမှာပါတဲ့ ပုဒ်မ ၃၅၄ ကိုဖျက်ပေးပါ လို့ ပြောခဲ့တယ်၊ ဒါကိုယ့်ရဲ့ ခံယူချက်နဲ့ပဲဆိုင်ပါတယ်ဆိုပြီးပြောပါတယ်၊ သူတို့ခေါ်ပြီးသတိပေးတာကို တရား ဝင်ဖြစ်အောင် လုပ်တယ်ဆိုတဲ့ သဘောပါပဲ၊ နောက်အလိုပဲ ညှိနှိုင်းမှုမရှိပဲ ပြန်လာခဲ့ပါတယ်၊
ကိုနေရိန်ကျော်။ ။ ဆိုတော့ တောင်ငူကသပိတ်ကို ဘယ်လိုစီစဉ်ထားလဲ ခင်ဗျာ။
ကိုမင်းသွေးသစ်။ ။ တောင်ငူ ရွှေဆံတော်ဘုရားပေါ်ကိုတက်ပြီးတော့ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက် ပြီးတော့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ အောင်မြင်စေရန် ဆုတောင်းမယ်၊ ပြီးတော့ပြန်ဆင်းလာပြီးတော့ ၈၈ ကာလတုန်းက ဒီတောင်ငူရွှေဆံတော်ရဲ့ အရှေ့ဖက်မုဒ်မှာ အပစ်ခံရတဲ့ သပိတ်ဖက်ကသေဆုံးသွားတဲ့ ကျောင်း သား၊ ပြည်သူတွေကို ကျနော်တို့ အလေးပြုမယ်၊ ပြီးရင်တောင်ငူလမ်းတွေ မှာလှည့်မယ်၊ ပြီးရင်လူစည်ကား တဲ့နေရာမှာ ဒီဥပဒေကို ဘာကြောင့်ဆန္ဒပြရလဲဆိုတဲ့ ဟာကိုရှင်းပြမယ်၊ ဒီဥပဒေကျင့်သုံးရင် အနာဂတ်မှာ ဒီနိုင်ငံမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုရှင်းပြမှာပါ။
ကိုနေရိန်ကျော်။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။