သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ဗကသ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ မေးမြန်းချက်
2015.02.02
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသား ၁ဝဝ ကျော်ဟာ မကွေးမြို့ကို ဒီနေ့ ရောက်ရှိနေပြီဖြစ်ပါတယ်။
ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုကိုနဲ့ မေးမြန်းချက်အပြည့်အစုံ
စန်းမော်အောင်။ ။ ကျောင်းသားသပိတ်အခြေအနေဘယ်လိုရှိလဲရှင့်၊
ကျော်ကိုကို။ ။ ဒီနေ့အခြေအနေက ရေနံချောင်းမြို့ကစထွက်တယ်ဗျ၊ ရေနံချောင်းစက်မှု၊ လက်မှုသိပ္ပံကျောင်းရှေ့မှာ တရားဟော တယ်၊ နောက်တစ်ခါ GTI ကကျောင်းသားတွေ စည်းရုံးပြီးတော့ ကျနော်တို့နဲ့လိုက်ပါချီတက်တဲ့ ကျောင်းသားတွေ ရှိတယ်၊ အဲ့ကနေပြီးတော့ ရေနံချောင်း ဒီဂရီကော်လိပ်ကိုသွားတယ်၊ ကောျင်းဝင်းထဲမှာ တရားဟောပြီးမကွေးကို ဦးတည်ပြီးသွားတယ်၊ မကွေးမြို့ကိုမရောက်ခင် ၇ မိုင်အလိုမှာ အိပ်ရလိမ့်မယ် လို့ ယူဆတယ်။
စန်းမော်အောင်။ ။ မနက်ဖြန်နေပြည်တော်မှာလဲ ဆွေးနွေးပွဲပြန်လည်ပြုလုပ်မှာ ရှိတယ်ရှင့်၊ ဆွေးနွေးပွဲပြန်လည်ပြုလုပ်မှာဆိုတော့ ကျောင်းသားတွေ လှုပ်ရှားမှုရော ဘယ်လိုတွေရှိလဲရှင့်။
ကျော်ကိုကို။ ။ ဆွေးနွေးပွဲနဲ့ပတ်သက်ရင် ကျနော်တို့ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲမှာ ဆွေးနွေးရန် ရှိတဲ့အချက်တွေ၊ တောင်းဆိုထားတဲ့ အချက်တွေကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားပါမယ်၊ ဒါပေမယ့် ဒီဖက်မှာ ကျနော်တို့ဆင်နွှဲနေတဲ့ သပိတ်အရှိန်ကလဲ တိုးမြှင့်လာတာကြောင့် တစ်ကြောင်း၊ ပြည်သူ့ထောက်ခံမှုကို အပြည့် အဝရရှိနေတာကတစ်ကြောင်း၊ လှုပ်ရှားမှုတွေရှိနေတာကြောင့် ဆွေးနွေးပွဲမှာရလာဒ် တွေ တိတိကျကျ ထွက်လာမှာ သေချာကြောင်းကျနော်တို့ ယူဆတယ်၊ လှုပ်ရှားမှုမရှိပဲ ငြိမ်သွားမယ်ဆိုရင် ဆွေးနွေးပွဲမှာ ကျနော်တို့ရဲဘော်တွေဆွေးနွေးရမယ့်နေရာမှာ အစိုးရအနေနဲ့လေးလေးစားစားရှိမှာမဟုတ်ဘူး၊ သူတို့ကအလျော့အတင်းမျိုးစုံနဲ့ ကျနော်တို့လိုချင်တဲ့အချက်အလက်တွေကို ပယ်ချဖို့များတယ်ပေါ့နော်၊ ကျနော်တို့အနေ နဲ့ ယုံကြည်စိတ်ချရတဲ့အပိုင်းမှာ အားနည်းနေသေးလို့ ဖိအားပေးတိုက်ပွဲဝင်ရေးကို ကျနော်တို့ဆက်ပြီးသွားမှာပါ၊ ၂ ခုကိုကျနော်တို့ အပြိုင်သွားမှာပါ၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ဖိအားပေးရေးဟာ တပြိုင်နက်တည်း လုပ်လို့ရတယ်လို့ယူဆပါတယ်။
စန်းမော်အောင်။ ။ ကျောင်းသားတွေဆွေးနွေးနေတဲ့ အကြိုသဘောတူညီမှု ၉ ချက်မှာလဲပြီးစီးမှုမရှိသေးဘူး၊ အဲ့လိုဆိုတော့ ၁၁ ချက်ရဖို့အခက် အခဲတွေဖြစ်လာ နိုင်လား၊ ကျောင်းသားတွေလှုပ်ရှားမှုရော ဘယ်လိုရှိနိုင်မလဲရှင့်။
ကျော်ကိုကို။ ။ ကျောင်းသားလှုပ်ရှားမှုတွေက ဒီတိုင်းရန်ကုန်ရောက်အောင် ချီတက် ပြီးတော့ ရန်ကုန်မှာကျောင်းသားတွေပေါင်းဆုံချင် တယ်ပေါ့နော်၊ မိဘ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ လူထုစည်းဝေးပွဲကြီးကျင်းပပြီးတော့ ဆုံးဖြတ်ချက် တွေချမှတ်ဖို့လဲ စဉ်းစားထားတယ်၊ ရှေ့ဆက်သွား မယ့်လုပ်ငန်းစဉ်တွေ ဗျူဟာပြောင်းလဲ ပြောင်းသွား နိုင်တယ်၊ တုံ့ပြန်မှုပေါ်မှုတည်ပြီး ကျနော်တို့လုပ်ရ ကိုင်ရမယ်ပေါ့၊ ၁၁ ချက်အပြည့်အဝရမှသပိတ်ကို ရပ်နားမှာ လားဆိုတော့ ဥပဒေကိုပြင်ဆင်ပြီးတော့ ဥပဒေကိုအကောင် အထည်ဖော်တဲ့ထိရောက်သွားမှသာလျှင်ကျနော်တို့အနေနဲ့က ရပ်နားလို့ ရမှာ ဗျ၊ နှုတ်ဂတိလောက်နဲ့ပဲ ကျနော်တို့ကချွေးသိပ်ခံရလို့မဖြစ်ဘူး၊ အကောင်အထည်ဖော် လို့ရမှာသာလျှင် ကျနော်တို့စိတ်ချလက်ချ ယုံကြည်လို့ရမယ် လို့ပြောချင်ပါတယ်။
စန်းမော်အောင်။ ။ အဲ့ဒါဆိုတော့ကျောင်းသားတွေ အစိုးရကိုဖိအားပေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောပုံစံမျိုး နဲ့ပြောတာလား၊ ဆွေးနွေးပွဲမှု ကနေအဖြေရှာ ဖို့ရော အကိုတို့အနေနဲ့ လုပ်ဆောင်သွားဖို့ရှိလားရှင့်။
ကျော်ကိုကို။ ။ ဆွေးနွေးမှုကအဖြေရှာမှုကိုလဲ လုပ်သွားမှာဖြစ်သလို ပညာရေးနဲ့ ပတ်သက်လို့စနစ်ကြီးတစ်ခုလုံးမပြောင်းမလဲချင်း ကျနော်တို့က ဖိအားတွေဆက်တိုက် ပေးသွားမှာပါ၊ တခြားနည်းလမ်းမျိုးစုံနဲ့ ဖိအားပေးဖို့ကျနော်တို့ကအမြဲအဆင်သင့် ရှိနေပြီးသားပဲဖြစ်ပါတယ်။
စန်းမော်အောင်။ ။ အကိုတို့အနေနဲ့ရော ၄ ပွင့်ဆိုင်တွေဆုံမှုကနေရရှိလာမယ့် အချက်ကိုရော ဘယ်လိုမျှော်မှန်းထားလဲရှင့်။
ကျော်ကိုကို။ ။ ၄ ပွင့်ဆိုင်တွေ့ဆုံမှုကနေရရှိလာမယ့်မျှော်လင့်ချက်ကိုတော့ သိပ်အများကြီးမထားပါဘူးဗျာ၊ ရတန်သလောက်ပဲ ရလိမ့်မယ်လို့ ထင်တယ်၊ ကျနော်တို့အနေနဲ့ အဲ့ဒါတွေကိုလဲစိုးရိမ်တယ်၊ ဆွေးနွေးပွဲဟာ ချောချောမောမောနဲ့ ပြီးဆုံးသွားမလား၊ အစိုးရဖက်နည်းအမျိုးမျိုးနဲ့ လှည့်စားလို့ ကျနော်တို့ဒီဆွေးနွေးပွဲဟာ ပျက်သွားမလား၊ အဲ့ဒါကြောင့်ဒီဆွေးနွေးပွဲကို အကောင်းကြီးပဲမျှော်လင့်မထားသလို အဆိုးဆုံးကိုလဲမျှော်လင့်ထားပါတယ်။
စန်းမော်အောင်။ ။ ကိုကျော်ကိုကို ကျေးဇူးပါပဲရှင့်။
ကျော်ကိုကို။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။