တိုင်းရင်းသားအရေးနဲ့ မြန်မာ့နိုင်ငံရေး တပြိုင်တည်းဖြေရှင်းဖို့ ဂျပန်ကိုယ်စားလှယ်ကို SNLD ပြော
2021.11.16
မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ စစ်တပ်နဲ့အာဏာရပါတီတွေအကြား အဆင်ပြေရုံမျှနဲ့ ပြေလည်သွားမှာမဟုတ်ဘဲ တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုပါ တပါတည်းဖြေရှင်းဖို့ လိုအပ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းညွန့်လွင်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa နဲ့တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ်ကို စီးပွားရေးအရ တရုတ်နိုင်ငံအပေါ် မှီခိုနေရတဲ့ဘဝက လွတ်မြောက်ဖို့အတွက် တခြားနိုင်ငံတွေရဲ့အကူအညီ လိုအပ်ကြောင်းလည်း စိုင်းညွန့်လွင်က မစ္စတာ ဆာဆာကာဝါကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်နဲ့ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်တို့ ဟာ မစ္စတာ ဆာဆာကာဝါ ကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Melia Hotel မယ်လီယာဟိုတယ်မှာ မနေ့ကညနေ ၃ နာရီခွဲကနေ ၄ နာရီခွဲအထိတွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးနဲ့ ရှမ်းပြည်တိုးတက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
စိုင်းညွန့်လွင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။