မိသားစုနဲ့ တစ်သက်တာ တွေ့ခွင့်မရတော့ဘူးလို့ မစ္စတာရှောင်တာနဲလ် ခြိမ်းခြောက်ခံခဲ့ရ
2022.11.30
အကျဉ်းထောင်က မကြာသေးခင်က လွတ်မြောက်လာတဲ့ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ် Sean Turnell က သူဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ၊ သူ့ကိုမိသားစုနဲ့ ဘယ်တော့မှတွေ့ခွင့်ရတော့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာတွေကို RFA ကို ပြန်လည်ပြောပြခဲ့ပါတယ်။
သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။
သူ့ကို မြန်မာနိုင်ငံအစိုးရလျို့ဝှက်ချက် ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့ပြီး စစ်ကောင်စီက ထောင်ဒဏ်သုံး နှစ်ချမှတ်ခဲ့ပါတယ်။ ရက်ပေါင်း ၆၅၀ ကျော် အကျဉ်းကျခံခဲ့ရပြီးနောက် မစ္စတာရှောင်တားနဲလ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
သြစတြေးလျနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ မစ္စတာရှောင်တာနဲလ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အကျဉ်းထောင်ကနေ သူလွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ရှောင်တာနဲလ် Sean Turnell က
“လွတ်လာတာ အရမ်းပျော်တယ်။ ဒါပေမဲ့ အကျဉ်းကျနေတဲ့ ငါ့မြန်မာသူငယ်ချင်းတော်တော်များများအပါအဝင် လူအမြောက်အမြားမပါဘူးဆိုတာ သတိပြုမိတယ်။ သေချာတာတော့ တစ်ပြည်လုံးစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အကျဉ်းချခံနေရဆဲပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းစိုးရိမ်တယ်။”
သူ့ကို စစ်ကောင်စီက ဘာ့ကြောင့် လွှတ်ပေးတယ်လို့ ထင်ပါလဲလို့လည်း ရှောင်တာနဲလ် Sean Turnell ကို မေးကြည့်ပါတယ်။
"လုံးဝ ရှင်းရှင်းလင်းလင်းတော့ မဟုတ်ဘူး၊ အမေရိကန်၊ သြစတြေးလျအပါအဝင် ကမ္ဘာတစ်ဝန်းက အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးတာ အားလုံးက တစိတ်တပိုင်းပဲလို့ ကျွန်တော်ထင်တယ်။ မြန်မာနိုင်ငံက အခြေအနေက လုံးဝကို ကြောက်စရာကောင်းတယ်။ စီးပွားရေးလည်း လုံးဝပျက်စီးသွားခဲ့ပြီး စစ်အစိုးရက ဖိအားတွေအောက်မှာ ခံစားနေရတယ်။ ဖိအားတချို့ကို ဖယ်ရှားဖို့ ကြိုးစားတဲ့ အမူအရာရဲ့ တစိတ်တပိုင်းပဲလို့ ထင်ပါတယ်။ ဒါက နိုင်ငံရေးအရ ဟန်ဆောင်မှုတစိတ်တပိုင်းလို့လည်းထင်ပါတယ်။ ဒါပေမဲ့တကယ့်အပြောင်းအလဲအရေးကြီးတဲ့ အပြောင်းအလဲ မဖြစ်သေးတာလည်းခင်ဗျားသိမှာပါ။ ဒါတွေအားလုံးက ဆပ်ကပ်ပွဲတွေချည်းပါပဲ"
မစ္စတာရှောင်တာနဲလ်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချထားခဲ့တာပါ။
အကျဉ်းထောင်ထဲမှာနေခဲ့ရတဲ့ အခြေအနေတွေကိုလည်း ရှောင်တားနဲလ် Sean Turnellကို မေးမြန်းခဲ့ပါတယ်။ အကျဉ်းထောင်မှာ သူ့ကို နှိပ်စက်ခဲ့တာတွေရှိလားဆိုတော့
“ကျွန်တော့်ကို တော်တော်ညင်ညင်သာသာ ဆက်ဆံခဲ့တယ်လို့ အတိုင်းအတာတစ်ခုထိတော့ ပြောရမယ်ထင်တယ်။ သာမန်မြန်မာအကျဉ်းသားတွေထက် နည်းနည်းလေး ပိုကောင်းတယ်။ ဒါပေမဲ့ အကျဉ်းထောင်အခြေအနေက တော်တော်ကြမ်းနေတုန်းပဲ။ အခြေအနေတွေက တော်တော်ဆိုးတယ်။ အစားအသောက်က ဆိုးတယ်၊ ရောဂါတွေကူးဖို့ အရမ်းလွယ်တယ်။ ဟိုမှာ ကျွန်တော် ကိုဗစ်ငါးကြိမ်ဖြစ်ခဲ့တယ်။ ပြောရရင်တော့ ကျွန်တော်က မြန်မာနိုင်ငံရေးအကျဉ်းသားတော်တော်များများနဲ့ ရှိတာပေါ့။ သူတို့က အရမ်းစိတ်ထားကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းအားပေးကြတယ်။ စည်းလုံးညီညွတ်မှုနဲ့ စာနာမှုဆိုတဲ့ ခံစားချက်တွေရှိတယ်။ သူတို့ ကျွန်တော့်အပေါ် အရမ်းကောင်းတယ်။ သူတို့က ကျွန်တော့်ကို ရှင်သန်အောင် ကူညီပေးတယ်။ တကယ်စိတ်ကောင်းရှိတဲ့သူတွေပါ၊ နိုင်ငံရေး အကျဉ်းသားတွေ ကြားထဲမှာတော့ ရေရှည်မှာ မြန်မာပြည်သူတွေ အနိုင်ရပြီး ငြိမ်းချမ်းရေးက တစ်ချိန်ချိန်မှာ ပြန်ဖြစ်လာလိမ့်မယ်ဆိုတဲ့ ခံစားချက်တွေနဲ့ပါ။ သူတို့တွေမှာ တကယ့်ခွန်အားအပြည့်နဲ့ စိတ်အားထက်သန်မှုတွေ ရှိနေတယ်”

နေပြည်တော်အချုပ်ထောင်ကိုမပို့ခင် မစ္စတာရှောင်တာနဲလ်ဟာ စစ်ကြောရေးစခန်းတစ်ခုမှာ နှစ်လကြာ နေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက သူ့ကိုမိသားစုနဲ့ နောက်ထပ်ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူးလို့ခြိမ်းခြောက် ပြောဆိုခံခဲ့ရတယ်လို့လည်းသူက ပြောပြပါတယ်။
“ ဟုတ်ကဲ့။ နှစ်လလောက် အခန်းကျဉ်းလေးတစ်ခုထဲမှာပဲ သော့ခတ်ထားတယ်။ ပြတင်းပေါက်တွေ မရှိဘူး။ ကွန်ကရစ်ကြမ်းပြင်နဲ့ စတီးကုလားထိုင်ကလွဲလို့ ဘာမှမရှိပါဘူး။ ကြမ်းပြင်ပေါ်မှာသံတုံးတွေနဲ့ သံကြိုးတွေနဲ့ ခြေကျင်းဝတ်တွေပါတယ်။ ပြီးတော့ သြစတြေးလျသံရုံးနဲ့ အဆက်အသွယ်မရှိဘဲ အဲဒီမှ နှစ်လကြာ ချုပ်နှောင်ထားခဲ့တယ်။ နေ့ညသန်းခေါင် အချိန်မရွေး အခန်းထဲကိုဝင်လာတတ်တယ်။ သူတို့ဘယ်သူတွေလဲ။ ကျွန်တော်သေချာမသိဘူး။ ရဲအထူးထောက်လှမ်းရေးနဲ့ စကားပြောနေတာလား။ အဲဒါ စစ်ထောက်လှမ်းရေးလား။ နှစ်ခုလုံး ရောထွေးနေတယ်ထင်ပါတယ်။ အဲဒီအချိန်က အဆိုးဆုံးအချိန်ပဲ။ သူတို့ဘာကိုမှ တရားမျှတအောင် မလုပ်ခဲ့ဘူး။ သူတို့မှာဝရမ်း ဒါမှမဟုတ် ဘာတစ်ခုမှ မရှိဘူး။ ပုဂ္ဂိုလ်ရေးအရ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တာ။ကျွန်တော့်မိန်းမနဲ့ မိသားစုကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ သူတို့ပြောခဲ့တယ်။”
သူဟာ အကျဉ်းထောင်ထဲမှာ ကိုဗစ်ငါးကြိမ်တိတိ ကူးစက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီအတွက် ဆေးကုသပေးတာတွေရခဲ့ပါလားလို့ ဆိုတော့
“သူတို့ဟာ ကျွန်တော့်ကို သာမန်အားဖြင့်တော့ တော်တော့်ကို ကောင်းကြတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တစ်ခုခုဖြစ်ခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းက တကယ်ကို အုံကြွလာမှာကို သူတို့စိုးရိမ်နေကြတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့သတိထားတယ်။ ကျွန်တော် အဆင်ပြေလား မပြေဘူးလား သူတို့ ဂရုမစိုက်ဘူး။ ကျွန်တော် ရောဂါတွေ များနေသလား။ သူတို့စိုးရိမ်တယ်။ ဒါကြောင့် ပြင်းထန်ရင် ဆေးကုသမှု ခံယူရတယ်။”
အကျဉ်းထောင်မှာ သူနေ့တိုင်းပဲဟင်း၊ဆန်ပြုတ်နဲ့ ခဲတွေပါတဲ့ထမင်းတွေစားခဲ့ရတယ်လို့လည်း ပြောပြပါတယ်။
အသားဆိုတာ တစ်ခါတစ်ရံမှ ရှိခဲ့ပြီး အသားကောင်းတွေကို ထောင်အာဏာပိုင်တွေက မှောင်ခိုဈေးကွက်မှာ ရောင်းထုတ်လို့ ကျန်တာက အရိုးအရွတ်နဲ့ အဆီပြင်အကြွင်းအကျန်တွေပဲ စားရတယ်လို့ ဆိုပါတယ်။ ဒီလို ဆိုးဆိုးရွားရွား နေခဲ့ရတဲ့အခြေအနေတွေကို ကြုံခဲ့ရတဲ့ သူ့အနေနဲ့ မြန်မာနိုင်ငံကို နောင်မှာကူညီဦးမှာလားလို့ RFA က မေးခဲ့ပါတယ်။
"သေချာတာပေါ့ ကူညီမှာ။လွန်ခဲ့သည့် တစ်ပတ်က ပြည်နှင်ဒဏ်ပေးခံရတုန်းက မြန်မာနိုင်ငံကို မမုန်းဖို့ အကြီးတန်းအရာရှိတစ်ဦးက တိုက်တွန်းခဲ့တယ်။ ကျွန်တော် “မြန်မာပြည်ကို ဘယ်တော့မှ မုန်းတီးလို့ မရဘူး။ မြန်မာပြည်သူတွေကို ချစ်တယ်။ စစ်အာဏာရှင်ကို မုန်းတယ်။ ဒါပေမဲ့ ပြည်သူကို ချစ်တယ်။ သူတို့ဟာ ရဲရင့် သန်မာပြီး ငါ့အတွက် အရမ်းကောင်းတယ်၊ ပြီးတော့ ကျွန်တော်တတ်နိုင်သမျှ ကူညီဖို့ဆက်လက် လုပ်ဆောင်သွားမှာပါ။"
မြန်မာပြည်သူတွေနဲ့အတူ သူရှိနေမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ပြည်သူတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့လည်း မစ္စတာရှောင်တားနဲလ်က တိုက်တွန်းလိုက်ပါတယ်။