သမ္မတ ဦးသိန်းစိန် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမက တွေ့ဆုံပွဲအကြောင်း မေးမြန်းချက်
2014.12.26
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ မြို့ခံတွေ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၂ဝဝ လောက်နဲ့ ဒီနေ့ တွေ့ဆုံ ခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မဝေမာထွန်း။ ။အန်ကယ်လ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဒီနေ့သမ္မတလာတဲ့အခါမှာ ဘယ်သူတွေ နဲ့တွေ့ဆုံခဲ့လဲလို့ပါရှင့်။
ဦးဘရှိန်။ ။သမ္မတက ၃ နာရီထိုးကာနီးလောက်မှာ အစည်းအဝေးခန်းမကို ရောက်လာ တယ်လေ၊ ဒေသခံပြည်သူတွေနဲ့တွေ့တယ်၊ ဒေသခံပြည်သူတွေဆိုတာက ဌါနဆိုင်ရာတွေပေါ့၊ ခရိုင်အဆင်၊့ မြို့နယ်အဆင့်၊ အန်ကယ်လ်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်၊ နောက်တခြား နိုင်ငံရေး အဖွဲ့အစည်းတွေလည်းပါတယ်၊ လူမှုရေးအဖွဲ့အစည်းတွေလည်းပါတယ်၊ လူအင်အား ၂ဝဝ လောက်ရှိတယ်။
မဝေမာထွန်း။ ။ဒီနေ့ ကျောက်ဖြူမြို့နယ်က ဒေသခံတွေနဲ့တွေ့ဆုံမှာကျတော့ သမ္မတက ဘာတွေများပြော သွားသေးလဲရှင့်။
ဦးဘရှိန်။ ။အဓိကအားဖြင့်ပြောတာက ရခိုင်ပြည်နယ်အကြောင်းကို ပထမဆုံးပြောတယ်၊ ရခိုင်ပြည် နယ်အကြောင်းကို ပြောတဲ့နေရာမှာ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး လုပ်ပေးထားတဲ့အကြောင်း ၊ နောက်ပြီးတော့လျှပ်စစ်မီးရရှိရေးအတွက် လုပ်ပေးထားတဲ့အကြောင်း၊ နောက်တစ်ခါ ကျောက်ဖြူမြို့ရဲ့ စီးပွားရေး အလားအလာနဲ့ပတ်သက်ပြီး အထူးစီးပွားရေးဇုန် တည်ဆောက်ပေးဖို့ အစီအစဉ်ရှိတဲ့အကြောင်း၊ ရေနံနဲ့ပတ်သက် တဲ့ ရေနက်ဆိပ်ကမ်း ဆောက်ထားပြီဖြစ်တဲ့အတွက် ဓါတ်ငွေ့ကို တရုတ်ပြည်တင်ပို့တဲ့အပြင် ရေနံပိုက်လိုင်း ကလည်း မကြာခင်ကာလအတွင်းမှာ ရေနံပို့တဲ့လုပ်ငန်းကို လုပ်နိုင်တော့မှာဆိုတဲ့ အကြောင်းတွေပြောတယ်၊ အဲ့လိုလုပ်ငန်းတွေလုပ်တဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်တယ် ဆိုတဲ့အကြောင်းတွေကို ပြောပြတယ်လေ၊ နောက်နိုင်ငံတစ်ဝှမ်းလုံးနဲ့ပတ်သက်ပြီး ပြောတာကတော့ ခေတ်ပြောင်း စနစ်ပြောင်း၊ ဈေးကွက်စီးပွားရေးစနစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ဖြစ်ဖို့ကြိုးစားတဲ့အကြောင်း နောက်တစ်ခါ နိုင် ငံရေးပေါ့လေ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို နည်းနည်းလေးပြောတယ်၊ နောက်တစ်ခါ နိုင်ငံတော် အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကိစ္စကိုပြောတယ်၊ သူတို့သက် တမ်းမှာတော့ အခုလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆွေးနွေးနေတဲ့အဆင့်ဟာ အပစ်အခက်ရပ်စဲရေး စာချုပ်ချုပ်နိုင် တဲ့အဆင့်အထိ သူဆောင်ရွက်ဖို့ဆိုတာကိုပြောတယ်၊ အပစ်အခက်ရပ်စဲရေး စာချုပ်ပြီးရင်နောက်ပိုင်းမှာ နောင် တက်လာမယ့် အစိုးရလက်ထက်မှာကျရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ထပ်လည်းလုပ်နိုင်အောင်အတွက် မျှော်မှန်း တယ်ဆိုတဲ့အကြောင်းကိုပြောတယ်။
မဝေမာထွန်း။ ။ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတော့ ဒီလမ်းပန်းဆက်သွယ်ရေးတွေ ဘာတွေကိုပဲ အဓိကပြောသွားတာလား၊ ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ရော အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သွားဖို့များ သူ့အနေနဲ့ပြောသွားတာမျိုးရှိလဲရှင့်။
ဦးဘရှိန်။ ။ရခိုင်နဲ့ ဘင်ဂါလီကုလားကိစ္စ ဒီလူမျိုးစု ၂ စု ပဋိက္ခနဲ့ပတ်သက်လို့ သမ္မတက အတည် တကျပြောသွားတာတော့မရှိပါဘူး၊ ဒါပေမယ့် လူမှုအဖွဲ့အစည်းနှစ်ခုကြားမှာ ပဋိက္ခလည်း တည်ငြိမ်နေတဲ့အဆင့်ကို အတိုင်းအတာတစ်ခုအထိရောက်ပြီ၊ အဲ့ဒီတော့ ဒီတည်ငြိမ်မှုကို ဆက်လက်ပြီးတော့ လုပ်ဖို့ဆိုလို့ရှိရင် ဒီဒေသ ဖွံ့ဖြိုးရေးဟာလည်း မလွဲမသွေလိုအပ်တယ်၊ ဖွဲ့ဖြိုးရေးလုပ်ဖို့ နိုင်ငံတော်က အားသွန်ခွန်စိုက်ကြိုးစားနေတယ် ၊ နောက်တစ်ခါအလေးထားပြီး ပြောတာကတော့ ကျောက်ဖြူဒေသရဲ့အခြေအနေပေါ့၊ ကျောက်ဖြူဒေသမှာတော့ လူအုပ်စုနှစ်ခုရဲ့ လူမျိုးစုနှစ်စုရဲ့ ပဋိက္ခဟာ အခုအချိန်မှာ တင်းမာမှုမရှိတဲ့အခြေအနေရှိတယ်၊ အဲ့ဒါလည်း သူကထည့်ပြီးတော့ပြောတယ်၊ အဲ့ဒီတော့ ဒီဒေသဖွဲ့ဖြိုးရေးကို ဦးစားပေးဖို့လုပ်ဖို့လိုတယ်၊ ဒီလောက်ပဲပြောတယ်၊ ကျန်တဲ့ဟာတွေတော့ အကျယ်ချဲ့ပြီးတော့ ပြောတာမတွေ့ဘူး။
မဝေမာထွန်း။ ။ဒီဒေသဖွံ့ဖြိုးရေးကို ဦးစားပေးပြီးပြောသွားတယ်ဆိုတော့ ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရအနေနဲ့သူ့သက်တမ်းမကုန်ခင်မှာ ဘယ်လိုတွေ ဆောင်ရွက်ပေးသွားမယ်ဆိုတော့များ ဘယ်လိုတွေ ဂတိပေးခဲ့တာမျိုးများရှိလဲရှင့်။
ဦးဘရှိန်။ ။ဆောင်ရွက်ပေးသွားမယ်ဆိုတာထက် ဆောင်ရွက်ပေးနေတဲ့ဟာတွေကိုပဲ အလေးထား ပြီးတော့ပြောတာ တွေ့ရပါတယ်၊ ဆောင်ရွက်ပေးတယ်ဆိုတာကတော့ ပြည်နယ်ဝန်ကြီးချုပ်က နည်းနည်းလေး အဖွင့်စကားပြောပြီးတော့ ပြည်နယ်အကြောင်းကို ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးကတော့ ရခိုင်ပြည် နယ်ကို လိုအပ်တဲ့လျှပ်စစ်တွေ ပြည်ထောင်စုက မဟာဓါတ်အားလိုင်းရအောင်ပေးနေပြီ၊ အဲ့ဒီတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းမှာ လိုအပ်တဲ့လိုအပ်ချက်တစ်ခုကို အထောက်အပံ့ပြည်ထောင်စုက ပေးထားပြီဆိုတဲ့ဟာမျိုးကို ရခိုင်ပြည် နယ်ကို ပြည်ထောင်စုအစိုးရက ဘယ်လောက်အထိ ကူညီပေးနေတယ်ဆိုတဲ့သဘောမျိုး ပြည်ထောင်စုအစိုးရကို တနည်းအားဖြင့်ဆိုလို့ရှိရင် ရခိုင်ပြည်သူအနေနဲ့ ပြန်ပြီးတော့ကျေးဇူးတင်ရမယ့် အနေအထားမျိုးပြောတာပေါ့လေ။
မဝေမာထွန်း။ ။သမ္မတရဲ့ ခရီးစဉ်အတွင်းမှာ ပြောသွားတာတွေနဲ့ပတ်သက်တော့ရော အန်ကယ်လ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးများမြင်လဲ၊ အားရကျေနပ်မှုကရော ဘယ်လိုမျိုးများရှိ လဲရှင့်။
ဦးဘရှိန်။ ။အားရဖွယ်ရာ ရှိမရှိကိုတော့ မှတ်ချက်ပေးဖို့တောင်မကောင်းပါဘူး၊ သမ္မတက ကျောက်ဖြူ ကို ဒေသဖွံဖြိုးရေးနဲ့ပတ်သက်ပြီးတော့ လာတယ်ဆိုပေမဲ့လည်း ဒီဒေသကိုရောက်ဖူးအောင် ဒေသခံတွေနဲ့မျက်မှန်း တန်းပြီးတော့ လာတဲ့အဆင့်ပွဲမျိုးလို့ဆိုရမှာပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်ကပြန်ပြီးတော့ မြိုကလူထုကို ကိုယ်စားပြုလို့၊ မြို့နယ်ကိုကိုယ်စားပြုပြီးတော့ ပြန်လည်ဆွေးနွေးတာတွေမရှိဘူးလေ၊ ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဖြစ်တဲ့လူကပဲ ကျေးဇူးတင်စကားပြောလိုက်တယ်၊ ဒေသခံတွေရဲ့လိုအပ်ချက်တွေ ကို ဆွေးနွေးတင်ပြတာတွေမရှိဘူး၊ ဆွေးနွေးတင်ပြဖို့လည်း အချိန်မပေးနိုင်ဘူး၊ အခုလည်း သမ္မတကြီးမှာ တခြား ခရီးစဉ်ကအများကြီးရှိသေးတယ်၊ ဒီနေ့က ကျောက်ဖြူကပြန်သွားချိန်မှာ ၄ နာရီကျော်သွားပြီ၊ သမ္မတကြီးအနေ နဲ့ ကျောက်ဖြူဒေသခံ ပြည်သူတွေနဲ့တွေ့ရှိအောင် လာတွေ့တဲ့အနေအထားမျိုးပဲရှိတယ်၊ အန်ကယ်လ်တို့အနေနဲ့ သာမန်လူပြိန်းလိုပြောရမယ်ဆိုလို့ရှိရင်တော့ ခရီးစဉ်တစ်ခေါက် လာတော့လာတယ်၊ ဒါပေမယ့် ဒေသခံပြည် သူတွေရဲ့ ပြောတာဆိုတာတွေကိုလည်း နားထောင်မသွားတော့ ဟာတာတာကြီးလိုပေါ့၊ အဲ့လိုပြောရမှာပေါ့။
မဝေမာထွန်း။ ။ရခိုင်ပါတီတွေက ဝိုက်ကဒ်ကိစ္စနဲ့ပတ်သက်ပြီးတော့ မဆွေးနွေးလိုက်ရတဲ့အတွက် စာပေးလိုက်တာမျိုးမရှိဘူးလားရှင့်။
ဦးဘရှိန်။ ။ဝိုက်ကဒ်ကိစ္စနဲ့ပတ်သက်လို့တော့ ရခိုင်ပြည်သူတွေက သမ္မတကိုဒီလိုအခမ်းအနားမျိုးမှာ ဘာမှပြောဆိုစရာအကြောင်းရှိမှာ မဟုတ်ပါဘူး၊ ဒါကဥပဒေလမ်းကြောင်းက လွှတ်တော်မှာလုပ်စရာရှိတာတွေကို လုပ်ဖို့တင်ပြထားတာတွေရှိတယ်လေ။
မဝေမာထွန်း။ ။အန်ကယ်လ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်ခရီးစဉ် အတွင်းမှာပေါ့နော် လက်ပံတောင်းပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ပြောဆိုသွားတာမျိုးများ တစ်စုံတစ်ရာရှိပါသလားရှင့်။
ဦးဘရှိန်။ ။လက်ပံတောင်းကိုမပြောနဲ့ ရခိုင်ပြည်နယ်အကြောင်းတောင် ပြည့်ပြည့်စုံစုံပြောသွားဖို့ သူ့မှာအချိန်လုံလုံလောက်လောက် မရှိပုံပေါ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်လ်တို့ ဒေသခံတွေ နဲ့ တွေ့တော့တွေ့တယ်၊ ဒါပေမယ့် ဒေသခံတွေရဲ့လိုအပ်ချက်တွေကို ဘယ်လိုမှနားထောင်နိုင်တဲ့ သူ့မှာအချိန် မရှိတာကို တွေ့လိုက်ရတယ်လေ။
မဝေမာထွန်း။ ။အန်ကယ်လ် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဦးဘရှိန်။ ။ဟုတ်ကဲ့ ဟုတ်ကဲ့ သမီးရေ ကျေးဇူးတင်တယ်။