မထိရောက်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု

2019.07.26

 

■ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အရပ်သားအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီး ထိရောက်မှု ရှိလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်း Prisclla Clapp က ပြောလိုက်ပါတယ်။ နိုင်ငံရေးထဲ ပါဝင်နေတဲ့ မြန်မာစစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က Mrs Prisclla Clappကို RFA စတူဒီယိုမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

RFA - မစ္စ ပရက်ဆီလာ ကလပ်ဟာ မြန်မာစစ်အစိုးရလက်ထက်က မြန်မာနိုင်ငံ၊ အမေရိကန်သံရုံးရဲ့ Chief of Mission အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိထားပါတယ်။

Mrs.Prisclla Clapp- ဟုတ်ပါတယ်။ ကျွန်မ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ လောက် အလုပ်လုပ်ခဲ့ပါတယ်။

RFA - ဒါကြောင့် မစ္စ ပရက်ဆီလာ ကလပ်ဟာ မြန်မာ့အရေးနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ စိတ်သဘောထားကို တော်တော်လေး ထဲထဲဝင်ဝင် သိထားတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ရေးသားကြတာ တွေ့ရပါတယ်။ အခုဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်မှုကို လျှော့ချဖို့ ကြိုးပမ်းနေပေမယ့် အောင်မြင်ဖို့ အလားအလာနည်းပါးနေတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လွှတ်တော်နဲ့ နိုင်ငံရေးက ထွက်ခွာဖို့ ဘာကြောင့် ခုထိ အဆင်သင့် မဖြစ်သေးတာလို့ ထင်ပါသလဲ။

Mrs.Prisclla Clapp - မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ ရထားတဲ့ ထိန်းချုပ်မှုတွေ မရှိတော့ရင် ဒီနိုင်ငံ လုံးဝပြိုကွဲသွားလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီလို ဖြစ်လာရင် သူတို့ ထပ်ပြီး ကြားဝင် ထိန်းသိမ်းဖို့ လိုလာနိုင်တဲ့အတွက် နိုင်ငံရေး အာဏာကို မစွန့်လွှွတ်သင့်ဘူးလို့ ယုံကြည်ကြပါတယ်။ ကျွန်မက စစ်တပ်အုပ်ချုပ်တာ ထောက်ခံတဲ့သူ မဟုတ်ပါဘူး။ သူတို့ဟာ ရက်စက် ကြမ်းကြုတ်ပြီး၊ လုပ်ငန်းကျွမ်းကျင်မှုလည်း မရှိတဲ့အပြင်၊ ကမ္ဘာ့အဆင့်မီတည်ဆောက်ထားတဲ့ စစ်တပ်တစ်ခုလည်း မဟုတ်ပါဘူး။ ဒါကြောင့် သူတို့နိုင်ငံကို အုပ်ချုပ်တာ မဖြစ်သင့်တဲ့အရာပါ။ ဒါပေမယ့် သူတို့လွှတ်တော်ထဲမှာ နေရာယူထားတာကနေ ထွက်ပေးဖို့ ဘာကြောင့် ငြင်းဆန်နေတာလဲ ဆိုတာကိုတော့ နားလည်နိုင်ပါတယ်။

RFA - မြန်မာစစ်တပ်အနေနဲ့ ဘယ်လိုအခြေအနေရောက်ရင်တော့ တော်လောက်ပြီ။ သူတို့ မြန်မာ့ နိုင်ငံရေးမှာ ဝင်မပါတော့ဘဲ နေရမယ့် အချိန်ရောက်ပြီလို့ သတ်မှတ်ထားတာမျိုး ရှိနိုင်မလား။

Mrs.Prisclla Clapp - မရှိနိုင်ပါဘူး။ ရှိပါတယ်ဆိုရင်လည်း လုပ်ကြံပြောတာပဲ ဖြစ်လိမ့်မယ်။ စစ်တပ်က နိုင်ငံရေးကနေ ဆုတ်ခွာပေးတာ မပေးတာဟာ စစ်ခေါင်းဆောင်တွေ အပေါ်မှာ မူတည်ပါတယ်။ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ နောက်တက်တဲ့ ခေါင်းဆောင်အသစ်ရဲ့သဘောထားက အရေးကြီးပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်ထက် ပိုပြီးသဘောထား ပျော့ပြောင်းတဲ့ စစ်ခေါင်းဆောင်မျိုးတက်လာရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေက ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ လက်ရှိ စစ်ဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေရာကို ဆက်ခံတဲ့သူက သဘောထား ရှေ့တန်းရောက်ပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ပြုပြင်ပြောင်းလဲတာကို လက်ခံတဲ့ သူမျိုး ဖြစ်လာဖို့ ဖြစ်နိုင်ချေရှိပါတယ်။

RFA - အခု လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လျှော့ချဖို့ ကြိုးစားတာ မအောင်မြင်ရင် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲ။

Mrs.Prisclla Clapp - လွှတ်တော်ထဲမှာ ရှိတဲ့ တပ်မတော်သား အရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပြီး၊ အရပ်သား အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့နဲ့ လိုအပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ အချုပ်အခြယ်မရှိ လုပ်နိုင်မယ်ဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်သား အချို့တလေ ဆက်ပြီး ရှိနေတာ ပြဿနာမဟုတ်ပါဘူး။ ဒီလို ပါဝင်ခြင်းအားဖြင့် စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအခြေအနေကို ပိုပြီး နားလည်စေတာကြောင့်၊ တနည်းအားဖြင့် လွှတ်တော်ကို ပိုပြီး အားကောင်းစေပါတယ်။ ကျွန်မက ဒါကို မစိုးရိမ်မိပါဘူး။ ခုအချိန်မှာ မှားယွင်းနေတာကတော့ စစ်တပ်ရဲ့ထိန်းချုပ်မှု ဆက်ရှိနေအောင်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးကြီးတဲ့ အချက်တွေကို ပြင်ဆင်မယ်ဆိုရင် အမတ်အားလုံးရဲ့၇၅ ရာခိုင်နှုန်းနဲ့ အထက် ထောက်ခံမှ ရမယ်ဆိုတဲ့အချက်ပါ။ ဒါက မှားယွင်းပြီး၊ ဒီမိုကရေစီ ပုံစံ လုံးဝမဟုတ်ပါဘူး။

RFA - မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ထိန်းချုပ်မှုအကြောင်းပြောမယ်ဆိုရင် တစ်ပိုင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားဝင်ထည့်ပြီး ပြဋ္ဌာန်းထားတဲ့ စစ်တပ်ရဲ့လုပ်ပိုင်ခွင့်တွေပါ။ နောက်တစ်ပိုင်းက အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးသန်းရွှေလို ရာထူးက အနားယူသွားတဲ့ ခေါင်းဆောင်ဟောင်းတွေရဲ့ အခန်းကဏ္ဍပါ။ အထူးသဖြင့် မကြာခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကနေ အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးဟောင်းဆီကို ရေးသားထားတဲ့ စာတစ်စောင် ထွက်ပေါ်လာပြီးနောက်မှာ စစ်ခေါင်းဆောင်ဟောင်းတွေက မြန်မာ့နိုင်ငံရေးမှာ နောက်ကွယ်က ကြိုးကိုင်နေဆဲပဲလို့ ယုံကြည်ချက်တွေ ကျယ်ပြန့်လာပါတယ်။ ဒီအယူအဆက မှန်ကန်နေဆဲပဲလား။

Mrs.Prisclla Clapp - ဒါက တရားမဝင် မှန်းဆပြောနေကြတာပါ။ ကျွန်မကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှွေအနေနဲ့ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ပတ်သက်မှု မရှိဘူးတော့လို့ ထင်ပါတယ်။ တကယ်တော့ ဒါက ယုံတမ်းစကားတစ်ခုပါ။ ဗိုလ်ချုပ်နေဝင်းတုန်းကလည်း ဒီအတိုင်းပါပဲ။ လူတွေကတော့ သူကွယ်လွန်သွားတဲ့ အချိန်အထိ သူဟာ အစိုးရကို နောက်ကွယ်က ချုပ်ကိုင်နေသေးတယ်လို့ ထင်ခဲ့ကြပါတယ်။ ကျွန်မ သေချာပေါက်သိထားတာက ဒါမဟုတ်ဘူး ဆိုတာပဲ။ အမှန်က သူကွယ်လွန်တဲ့အချိန်မှာ တကယ်ကို မီးစာကုန် ဆီခန်း အခြေအနေမျိုး ရောက်နေခဲ့တာပါ။ တိုင်းပြည်အုပ်ချုပ်ရေးမှာ ဝင်မပါနိုင်တော့တာ နှစ်၂၀လောက် ရှိနေပါပြီ။ လက်ရှိမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ နိုင်ငံရေးမှာ ဝင်မပါတော့ဘဲ အဝေးကပဲ ကြည့်ရှုနေတဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် ဘာလုပ်ပါလို့ အမိန့်ပေးနေတာမျိုးတော့ မဟုတ်ပါဘူး။ သူ အမိန့်ပေးရင်လည်း နာခံကြဦးမယ်လို့ ကျွန်မတော့ မထင်ဘူး။

RFA - လက်ရှိအချိန်အထိ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများရှိနေပါတယ်။ ဒီလုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေနဲ့ အထူးအခွင့်အရေးတွေကို မစွန့်လွှတ်ချင်တဲ့အတွက် စစ်တပ်ဟာ ရထားတဲ့ နိုင်ငံရေး အခွင့်အာဏာတွေကို မစွန့်လွှွတ်နိုင်သေးတာလို့လည်း သုံးသပ်သူတွေက ပြောပါတယ်။ စစ်တပ်က ချုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို စွန့်လွှတ်ဖို့ အလားအလာကိုရော ဘယ်လိုမြင်ပါသလဲ။

Mrs.Prisclla Clapp - အဲဒီ အပိုင်းက ဖြစ်ပြီးနေပါပြီ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကနဲ့ စာရင် စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ထိန်းချုပ်နိုင်စွမ်း အများကြီး လျော့ကျသွားပါတယ်။ ဒါက တဖြည်းဖြည်းချင်း လုပ်သွားရမယ့် အပြောင်းအလဲပါ။ စစ်တပ်ပိုင် လုပ်ငန်းတွေ အပါအဝင်၊ နိုင်ငံပိုင် လုပ်ငန်းကြီးတွေ အားလုံးကို ပုဂ္ဂလိကပိုင်ပြုခြင်းနဲ့ စတင်ပါတယ်။ ပုဂ္ဂလိကပိုင် ပြုလိုက်ခြင်းအားဖြင့် လွတ်လပ်တဲ့ ဈေးကွက်အတွင်းမှာ အခြားလုပ်ငန်းတွေနဲ့ စပြီး ယှဉ်ပြိုင်ရတဲ့အတွက်၊ စည်းမျဉ်း စည်းကမ်းအသစ်တွေနဲ့ လုပ်ကိုင်လာရတယ်။ ဒီအခါမှာ လာဘ်စားဖို့ ဖြစ်နိုင်ချေတွေကို လျော့ကျသွားပြီး စစ်တပ်ရဲ့ ချုပ်ကိုင်မှု လျော့သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဥပဒေထုတ်ပြန်ဖို့ မလိုပါဘူး။ ဒီလို နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် အဖြစ် တဖြည်းဖြည်းပြောင်းတဲ့ အပြောင်းအလဲကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး လက်ရှိ NLD အစိုးရက လက်ထက်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တော်တော်များများ ပြီးအောင် လုပ်နိုင်ခဲ့ပါတယ်။ ရှင်ပြောသလိုပဲ စစ်ခေါင်းဆောင်တွေ သူတို့ကိုယ်ကျိုးအတွက် နဲ့ စစ်တပ် တစ်ခုလုံးအတွက် ဝင်ငွေ ရင်းမြစ် အချို့ရှိအောင် ထိန်းထားချင်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ်တစ်ခု ဖြစ်လာတာနဲ့ အမျှ စစ်တပ်ရဲ့ ချုပ်ကိုင်မှုက တဖြည်းဖြည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

RFA - အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေ နှေးကွေးနေတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို အမြင်ရှိပါသလဲ။

Mrs.Prisclla Clapp - ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ရင် အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး ပြဿနာကတော့ စစ်ရေးကိစ္စတွေမှာ သဘောမတူလို့ ရှေ့ဆက်မရ ဖြစ်နေတာတွေပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စကတည်းက စစ်ခေါင်းဆောင်ဟောင်းတွေက အစပြုခဲ့ပြီး၊ အပေးအယူတွေကို စစ်ခေါင်းဆောင်တွေကပဲ ချုပ်ကိုင်ထားပါတယ်။ နောက်ပြီး ဆွေးနွေးညှိနိုင်းမှု အားလုံးကလည်း အပစ်ရပ် သဘောတူညီမှုရဖို့ နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ဖျက်သိမ်းပြီး ဘာဆက်လုပ်မလဲ ဆိုတာအတွက်ပဲ ဦးတည် ဆွေးနွေးနေပါတယ်။ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှမှုရှိအောင် ဘယ်လိုလုပ်မလဲ။ ဗဟိုအစိုးရနဲ့ ဘယ်လို အာဏာခွဲဝေအုပ်ချုပ်မလဲ။ သယံဇာတတွေကို ဘယ်လို ခွဲေ၀ သုံးစွဲမလဲ စတဲ့ အခြေခံကျတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဆွေးနွေးတာ မတွေ့ရဘူး။ ကျွန်မ အမြင်ကတော့ စစ်တပ်နဲ့ဆိုင်တဲ့ အပိုင်းတွေကို သီးခြား လမ်းကြောင်း တစ်ခုနဲ့ ခွဲထားပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အပိုင်းကို အရပ်သားအစိုးရနဲ့ တိုင်းရင်းသားပါတီတွေ လက်ထဲကို ပိုပြီး ထည့်ထားနိုင်ရင် ပိုပြီး ထိရောက်မယ်လို့ ထင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။