အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးဖို့ မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော် ပြော
2015.01.22
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း မနေ့က RFA ကို ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး NCCT ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုကျော်သူ။ ။လာမယ့်ပြည်ထောင်စုနေ့မှာ အပစ်အခတ်ရပ်စဲရေးအတွက်ကို လက်မှတ်ထိုးဖို့ စီစဉ် ထားတာပေါ့လေ၊ အခုသမ္မတ ဦးသိန်းစိန်ကပြောထားတာ မနေ့ကချင်းမိုင်မှာ ဆွေးနွေးတုန်းက မဖြစ်နိုင်သေးဘူးလို့ ဗိုလ်ချုပ်ဂွမ်မော်တို့ကလည်း ပြောနေတယ်ပေါ့လေ၊ အဲ့ဒါဘယ်လိုအခြေအနေများ ဖြစ်သွားလို့လဲဗျ။
ဦးလှမောင်ရွှေ။ ။ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို လက်မှတ်ရေးထိုးနိုင်ရင် ကောင်းပ့ါမယ်လို့ပြောတာက ဒီဇင်ဘာလ ၂၁၊ ၂၂ ရန်ကုန်မှာလုပ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ KNU ရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တယ် NCCT ရဲ့အဖွဲ့ခေါင်းဆောင် ၂ လည်းဖြစ်တဲ့ ဦးကွယ်ထူးဝင်းကလည်း ပြောခဲ့ပါတယ်၊ ဒါကို ကျနော်တို့ဘက်က သမ္မတအပါအဝင် လူကြီးတွေက ဖက်ဒရယ်စနစ်မှာ လက်မှတ်ရေးထိုးနိုင်မယ်ဆိုတာ ကောင်းမယ်ဆိုတာကို ဇန်နဝါရီ ၄ နေ့မှာလည်း ပြောခဲ့ပါတယ်၊ ကျနော်အနေနဲ့တော့ NCCT ဘက်ကအလုပ်အဖွဲ့အနေနဲ့ နားလည်တာက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ရေးထိုးနိုင်ရင် ကောင်းပါ့မယ်ဆိုတဲ့ဟာတော့ အခုအချိန်ထိဒါကတော့ ကြိုးစားနေတုန်းပဲဗျ၊ ကျနော်တို့ အခုသွားတာကတော့ အလုပ်အဖွဲ့အနေနဲ့တော့ နောက်တစ်ကြိမ်ဆွေးနွေးပွဲတွေ ဘယ်အချိန်မှာ လုပ်နိုင်ပြီဆိုတာကို သူတို့ကိုသွားရောက်တင်ပြ ညှိနှိုင်းတာပါ၊ အဲ့ဒီတော့ ကျနော်တို့ အခုရက်ချိန်းပေါ့နော်၊ ရက်ချိန်းကတော့ ကျနော်တို့ တစ်ခါတည်းမရသေးဘူး၊ နောက်တစ်ကြိမ် ကျနော်တို့ မရသေးဘူး၊ နောက်တစ်ကြိမ် ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ သူတို့နဲ့ သီးအောင်မင်းတို့ UPWC နဲ့ NCCT ဆွေးနွေးပွဲနိုင်ဖို့အတွက်ကို တင်ပြမယ်၊ အဲ့တင်ပြတဲ့အချိန်မှာ ညှိနှိုင်းမှုတွေအပေါ်မှာလည်း ယုံကြည်မှုရှိတယ်။
ကိုကျော်သူ။ ။အန်ကယ်လ် အခုဆိုလို့ရှိရင် ရက်ကလည်းကပ်နေတာပေါ့ အန်ကယ်လ်ရယ်၊ ဖေဖော်ဝါရီ ၁၂ နေ့ဆိုလည်းကပ်နေပြီ နောက်ထပ် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကရော ရက်မရသေးဘူးဆိုတော့ ဘယ်လောက်များ အန်ကယ်လ်တို့ ကြိုးစားမှုအခြေအနေ ဘယ်လိုများရှိနိုင်မလဲဗျ။
ဦးလှမောင်ရွှေ။ ။ကျနော်တို့ကတော့ အလုပ်ပဲလေ၊ ကျနော်တို့ကတော့ အလုပ်အဖွဲ့အနေနဲ့ ပြောနိုင်တာ ကတော့ ကျနော်တို့ အခုတစ်ခေါက်တည်းမှာတော့ ဆွေးနွေးပွဲလုပ်နိုင်မယ့်ရက်ကို အတည်မပြုနိုင်ဘူး၊ နောက် တစ်ခေါက် ကျနော်တို့ သွားမယ်ဆိုရင်တော့ အတည်ပြုနိုင်ဖို့ရှိတယ်၊ ဝန်ကြီးဦးအောင်မင်းတို့နဲ့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးတဲ့အပေါ်မှာပဲ ခုနကမေးတဲ့အဖြေနဲ့ ခုနကပြောတဲ့ကိစ္စကို ဖြစ်နိုင်မဖြစ်နိုင်ဘူး ဆိုတာကို အဲ့ဒီတော့မှ ကျနော်တို့ ပြောနိုင်မယ့်ကိစ္စရှိတယ်။
ကိုကျော်သူ။ ။အန်ကယ်လ် ဒါဆိုလို့ရှိရင် ပြည်ထောင်စုနေ့မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်အကုန်လုံး ပါဝင်လာနိုင်မယ့် အလားအလာ ဘယ်လိုရှိနိုင်မလဲဗျ။
ဦးလှမောင်ရွှေ။ ။အခု ကျနော်တို့ ညှိနှိုင်းတာကိုက NCCT နဲ့ပဲညှိနှိုင်းသေးတာပေါ့ဗျာ၊ ဝန်ကြီး ဦးအောင်မင်း တို့လို လုပ်ငန်းကော်မတီကလူတွေနဲ့ သူတို့ဆောင်ရွက်ချက်တွေရှိပါလိမ့်မယ်၊ အဲ့ဒီတော့ ကျနော်တို့အနေနဲ့တော့ အလုပ်အဖွဲ့အနေနဲ့တော့ ကျနော်တို့ရဲ့ တာဝန်ပိုင်းအရဟာလည်း ရှင်းပြလို့ရတယ်၊ အဲ့ဒီတော့ ကျနော်ဆိုလိုတာကတော့ ၁၂ ရက်နေ့ကို ကျနော့အမြင်နဲ့ ကျနော့အနေနဲ့ ပြေမိတာမဟုတ်ဘူး၊ ကျနော်တို့ဘက်ကလည်း ကြိုးစားနေတယ်၊ ဒီအနေအထားကိုတော့ ကျနော်တို့ကတော့ တင်ပြတဲ့သဘောပါ။
ကိုကျော်သူ။ ။အန်ကယ်လ် အခုလိုဖြေကြားပေးတာ ကျေးဇူးပါခင်ဗျ။
ဦးလှမောင်ရွှေ။ ။ဟုတ်ကဲ့။