နိုင်ငံသားမဟုတ်သူတွေကို NLD ပါတီကနေ ရပ်ဆိုင်းဖို့အကြောင်း မေးမြန်းချက်


2015.01.09

နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အချိန် ၂လ တိုးပေးလိုက်ပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဦးထွန်းထွန်းဟိန်နဲ့ မေးမြန်းချက်အပြည့်အစုံ

ဝေယံမိုးမြင့်။                ။ နိုင်ငံသားမဟုတ်တဲ့သူတွေကို ပါတီဝင်အဖြစ်ကနေရပ်စဲဖို့အတွက် ၂ လ အချိန်တိုးထပ်တိုးပေးဖို့ NLD အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်လို့ သိရပါတယ်ဆရာ။ ဆရာတို့အနေနဲ့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစီစစ်မှုတွေ ဆောင်ရွက်နေပါလဲရှင့်။

ဦးထွန်းထွန်းဟိန်။          ။ ဟုတ်ကဲ့ကျနော်တို့က နိုင်ငံရေးပါတီနဲ့ ပါတီဝင်များ မှတ်ပုံတင်ရေး ဥပဒေပေါ့နော်၊ ဥပဒေပြောင်းသွားတဲ့ အကြောင်းကောင်စီကနေ ကျနော်တို့ကို အကြောင်းကြားပါတယ်၊ ကျနော်တို့က မြန်မာပြည်အနှံ့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော်တို့အကြောင်းကြားပါတယ်၊ အကြောင်းကြား ပြီးတော့မှ ကျနော်တို့ အဲ့ဒီမှာပါနေတဲ့ သူတို့ညွှန်ကြားတဲ့အတိုင်း ကျနော်တို့က မြန်မာတစ်ပြည်လုံးကို ပို့ရပါတယ်၊ အဲ့လိုပို့ပြီးတော့မှ အဖွဲ့ဝင်အဖြစ်ကနေပယ် ထုတ်ထားဖို့ ကျနော်တို့ ညွှန်ကြားထားပါတယ်။

ဝေယံမိုးမြင့်။                ။ ဘယ်တိုင်း၊ ဘယ်ဒေသတွေမှာ နိုင်ငံသားမဟုတ်တဲ့ ပါတီဝင် အများဆုံးဖြစ်နေပါလဲရှင့်။

ဦးထွန်းထွန်းဟိန်။          ။ အဲ့ဒါကတော့ အတိအကျကို မြို့နယ်ရုံးရောက်မှ ကျနော်တို့က အတိအကျသိရမှာပါ၊ တချို့ကိစ္စတွေကလဲ နဲနဲလေးကိုပြဿနာ ရှိနေတာတွေရှိတယ်၊ နိုင်ငံသားမဟုတ်ဘဲနဲ့တိုင်းရင်းသားပေါ့၊ အထူးသဖြင့် ဗမာဖြစ်နေတာပေါ့၊ ဗမာဖြစ်နေတယ် မှတ်ပံတင်မရှိသေးတော့ ကျနော်တို့မှ ဂွကျတာပေါ့၊ အဲ့ဒီအချက်တွေမှာ ကျနော်တို့ ဘာနဲ့သွားညိနေလဲဆိုတော့ လဝကနဲ့ ညိနေတာပေါ့၊ လဝက ကနေကျနော်တို့ကို မှတ်ပုံတင်ထုတ် မပေးနိုင်တာတွေ လဲရှိနေတယ်၊

ဝေယံမိုးမြင့်။                ။ ဟုတ်ကဲ့ရှင့်၊ လက်ရှိမှာ NLD အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာ ပါတီဝင် ဘယ်လောက်ရှိပါလဲရှင့်။

ဦးထွန်းထွန်းဟိန်။          ။ ပါတီဝင်အင်အားကတော့ ၁၄ သန်းကျော်၊ ၁၅ သန်းလောက်ရှိပါတယ်။

ဝေယံမိုးမြင့်။                ။ အဲ့ဒီပါတီဝင် အင်အားမှာ နိုင်ငံသားကဒ်ကိုင်ဆောင်မထားတဲ့သူ တွေ ဘယ်လောက်ထိရှိနေမလဲဆိုတာ ခန့်မှန်းသိရမလားဆရာ။

ဦးထွန်းထွန်းဟိန်။          ။ အဲ့လိုခန့်မှန်းဖို့ကတော့ ခက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တချို့ဥစ္စာတွေမှာ တချို့အချက်တွေဟာ မှတ်ပုံတင်မရှိလို့ ထုတ်ရမယ်လို့ ကျနော်တို့ကပြောတဲ့အခါ သူတို့က မြန်မာစစ်စစ်၊ တိုင်းရင်းသားစစ်စစ် မှတ်ပုံတင်မရ သေးဘူး၊ အဲ့ဒီအချက်တွေမှာ ကျနော်တို့က လဝကနဲ့ ညှိပြီးတော့ ဒါတွေကို မှတ်ပုံတင် ထုတ်ပေးပါဆိုပြီး ကျနော်တို့က ပြန်တင်ပြထားရတာတွေလဲရှိပါတယ်၊ သူတို့ပြောတာ ဇန်နဝါရီလ ၉ ရက်နေ့အတွင်း ဆောင်ရွက်ပေးပါဆိုပြီး ဇန်နဝါရီ ၉ ရက်အတွင်းမှာဆိုရင် ကျနော်တို့ ညှိနှိုင်းခဲ့တာလဲမရှိပါဘူး၊ ၂ လ ထပ်တိုးပေးပါလို့ ကျနော်တို့ကပြောတာ သူတို့ကလဲ ခွင့်ပြုပေးပါတယ်၊

ဝေယံမိုးမြင့်။                ။ ဒီလိုမျိုး ၂ လ ထပ်တိုးပေးတဲ့အခါမှာ အပြီးသတ် ဆောင်ရွက် နိုင်မလားရှင့်။

ဦးထွန်းထွန်းဟိန်။          ။ အဲ့လိုတော့ မျှော်လင့်ရတာပဲ၊ ကျနော်တို့က မှတ်ပုံတင်မရှိတဲ့ အခါကျတော့ လုပ်ဆောင်ရတာခက်ပါတယ်၊ ဥပမာ white card တို့၊ ဘာတို့ နောက်တစ်ခါ ဧည့်ဆိုရင် ကျနော်တို့က ဆောင်ရွက်ရတာ လွယ်ပါတယ်၊ မှတ်ပုံတင်မရှိတဲ့ အခါကျတော့ ကျနော်ခုနကပြောသလို တိုင်းရင်းသား စစ်စစ် ကြီးတွေမှာ မှတ်ပုံတင်မရှိတာ အများကြီးတွေ့နေရပါတယ်၊ ဒါက ဘယ်မှာ လာပြီးရိုက်ခတ်နိုင်လဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ လာရိုက်ခတ်နိုင်ပါတယ်၊ တချို့ကိစ္စတွေမှာ အစိုးရဌာနတွေက မဆောင်ရွက်နိုင်လို့ အခက်အခဲနဲနဲရှိပါတယ်လို့ ကျနော်ကပြောပြတာပါ။

ဝေယံမိုးမြင့်။                ။ ဟုတ်ကဲ့ပါဆရာ၊ အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။