မိုခါမုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး အားစိုက်လုပ်ဆောင်ဖို့လိုအပ်

RFA Burmese
2023.05.20
မိုခါမုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး အားစိုက်လုပ်ဆောင်ဖို့လိုအပ် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA

မေး။ ။ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို ပြောပြပါ။

ဖြေ။ ။ ပျက်စီးမှုတွေနဲ့ပတ်သက်လို့ စာရင်းအချက်အလက် ကောက်ယူတဲ့နေရာမှာ အခက်အခဲရှိတယ်။ ဒါပေမဲ့ တော်တော့ကိုများတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ပုဂ္ဂလိကပိုင်ဆိုင်မှုတွေရော၊ ပြည်သူပိုင် ပိုင်ဆိုင်မှု ပစ္စည်းတွေရော တော်တော်များတယ်။ တော်တော့ကို ပြင်ဆင် အချိန်ယူပြီးတော့မှ ပြန်လည်တည်ဆောက်ရမယ့် အခြေအနေမှာတော့ရှိပါတယ်။

မေး။ ။ ပျက်စီးမှုတွေကို ဘယ်သူတွေက ရှင်းလင်းနေလဲ။

ဖြေ။ ။ မှတ်မှတ်ရရတော့ မုန်တိုင်းတိုက်ပြီးချိန်ညကတည်းက မြန်မာစစ်တပ်ကနေ ပြီးတော့မှ စစ်တွေမြို့ပေါ်မှာ ညလုံးပေါက် လမ်းကြောင်းတွေကိုရှင်းတယ်။ ဒါက ကျွန်တော်တို့ တကယ်တွေ့ခဲ့ရတဲ့ ကိစ္စတွေကို ပြောပြတာပါ။ ကျွန်တော်က တကယ့်အဖြစ်အပျက်တွေကို ပြောပြတာပါ။ မုန်တိုင်းတိုက်ပြီးညတစ်ညလုံး သူတို့ရှင်းကြတာ။ ULA ဘက်ကလည်း သူတို့လမ်းကြောင်းတွေမှာ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ သူတို့အင်အားရှိသလောက် အဝေးပြေး ဆက်သွယ်ရေးလမ်းကြောင်းတွေကို သူတို့ရှင်းပေးတယ်။ နောက် သူတို့က အချက်အလက်တွေပါ ကောက်ကြတာပေါ့နော်။ အခုလည်း ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ကျေးရွာတွေဘက်မှာ သူတို့က အဓိကလှုပ်ရှားတာပေါ့လေ။ သူတို့က ကျေးရွာတစ်ရွာချင်းစီအလိုက် ပျက်စီးဆုံးရှုံးမှုတွေကို ကောက်ယူကြတာကို တွေ့ရပါတယ်။

မေး။ ။ အရေးပေါ် ထောက်ပံ့ကူညီမှုအခြေအနေကို ပြောပြပါ။

ဖြေ။ ။ မြေပြင်မှာ လောလောဆယ် ထောက်ပံ့ကူညီနေတဲ့အဖွဲ့တွေက ကျွန်တော်တို့အဖွဲ့အပြင် ကျန်တဲ့ အဖွဲ့တွေသိပ်မတွေ့ရဘူး။ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေကတော့ သွားလာတာကိုတော့ တွေ့ရပါတယ်။နောက် ထူးထူးခြားခြားတစ်ဖွဲ့ပေါ့နော် အဲဒီအဖွဲ့ကို ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာမှာ တွေ့ခဲ့ရတယ်။ မောင်တောမြို့နယ်ကအဖွဲ့ပါ။ သူတို့က ရေတွေလာလှူဒါန်းပေးတာ၊ နောက်ပြီးတော့မှ ဆေးဝါးကုသပေးတာမျိုးကို တွေ့ခဲ့ရပါတယ်။ အဲဒါအပြင် သိပ်တော့မတွေ့ခဲ့ဘူးပေါ့နော်။ ဆိုတော့ ထောက်ပံ့ကူညီရေး အရေးပေါ်ဆောင်ရွက်မှုတွေက နှေးကွေးတယ်လို့ ခံစားရပါတယ်။

မေး။ ။ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေလုပ်နေတာတွေ့ရလဲ။

ဖြေ။ ။ ပြန်လည်ထူထောင်နိုင်မယ့်ကိစ္စက တော်တော်နဲ့လွယ်မယ့်ကိစ္စတော့ မဟုတ်ပါဘူး။ လောလောဆယ် သူတို့အနေနဲ့ အမိုးအကာတွေလိုတယ်။ လောလောဆယ် စားဖို့ သောက်ဖို့လိုတယ်။ ဆေးဝါးတွေလိုတယ်။ သောက်သုံးရေတွေလိုတယ်။ဒါလေးတွေကိုတောင်မှပဲ ဖြည့်ဆည်းနိုင်ဖို့ တော်တော်ကိုမလွယ်ဘူး။ အခုထိ ဘယ်သူမှ မရောက်နိုင်တဲ့၊ ဘယ်သူဆိုတာက ကူညီနိုင်မယ့်အဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ မရောက်တဲ့နေရာတွေ အများကြီးပဲ။ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်းပန်း ဆက်သွယ်ရေး၊ နောက်ပြီးတော့မှ လျှပ်စစ်မီး၊ ဒါတွေက တော်တော့ကို အားစိုက်ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်တယ်။

မေး။ ။ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေလုပ်ဖို့လိုအပ်သလဲ။

ဖြေ။ ။ စစ်ကောင်စီအစိုးရရဲ့ အားစိုက်ဆောင်ရွက်မှုက အရေးကြီးတယ်ပေါ့နော်။ သူတို့အနေနဲ့ ငွေကျပ် သိန်းခုနစ်သောင်း လှူဒါန်းခဲ့တယ်။ သိန်းခုနစ်သောင်းဆိုတာက သူတို့ရဲ့ စစ်ဖက်ဆိုင်ရာအဆောက်အအုံတွေကို ပြင်ဆင်ဖို့အတွက်တောင်မှ လောက်ငှမှာမဟုတ်ဘူး။ ပြည်သူလူထုဘက်မှာက လိုအပ်ချက်တွေ အရမ်းကို များတယ်။

အဲတော့ စစ်ရေးဆိုင်ရာ အသုံးစရိတ်တွေကိုလျှော့ပါ။ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုရဲ့ ဆုံးရှုံးခဲ့တဲ့ဟာတွေအတွက် ပြန်လည်ကုစားနိုင်အောင် နိုင်ငံတော် ရံပုံငွေကိုထုတ်သုံးပါ။ နိုင်ငံတကာဘက်က အကူအညီတွေကို တောင်းဆိုပါ။ လက်ရှိလှုပ်ရှားနေတဲ့အဖွဲ့တွေပါ လမ်းဖွင့်ပေးပြီးတော့မှ လွယ်လွယ်ကူကူ ကူညီဆောင်ရွက်ပေးနိုင်အောင် စီစဉ်ပေးဖို့လိုအပ်တယ်။

နောက် လက်ရှိလိုအပ်တဲ့ အကူအညီတွေကိုလည်း ပြည်သူလူထုကို တိုက်ရိုက် အများအပြားရရှိအောင် ကူညီဆောင်ရွက်ရမယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်းပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ရခိုင်ပြည်နယ်ထဲမှာ အရေးကြီးတဲ့၊ ဘာပဲဖြစ်ဖြစ် ရက္ခိုင့်ပြည်သူ့အစိုးရအဖြစ် ရပ်တည်နေကြတဲ့ ULA နဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမှာရှိတယ်။ ULA ဘက်ကတည်း နိုင်ငံတော်ကို ချဉ်းကပ်ပြီးတော့မှ ရခိုင်ပြည်မှာရှိတဲ့ လုပ်နိုင်ကိုင်နိုင်ခြေရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ အားစိုက်လုပ်ဖို့လိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။