အဖမ်းခံရတဲ့ မိန်းကလေးတချို့ကို ရွှေပြည်သာစစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်

2021.04.22

ဧပြီလ ၁၄ ရက် မနက်ပိုင်းက ရန်ကုန် ၁၈ လမ်းမှာ မုန့်လုံးရေပေါ် သပိတ်နဲ့ သွေးမတိတ် ဆေးသပိတ်လုပ်ပြီး အပြန် စမ်းချောင်းမြို့နယ်အရောက်မှာ မရွှေယမင်းထက်နဲ့ မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းတို့ အဖမ်းခံရပြီး၊ နောက် တစ်ရက် ဧပြီ ၁၅ ရက်နေ့မှာ ရွှေပြည်သာစစ်ကြောရေးစခန်းကို အပို့ခံခဲ့ရပါတယ်။

သူတို့သားအမိ ရွှေပြည်သာစစ်ကြောရေးကို ရောက်ပြီးနောက်၊ ဧပြီ ၁၈ ရက်ညမှာတော့ စမ်းချောင်းကပဲ နောက်ထပ် မိန်းကလေးနှစ်ဦး၊ ရန်ကင်းမှာ ဗုံးခွဲလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကင်းမြို့နယ်ကနေ အဖမ်းခံလိုက်ရတဲ့ မပိုး ဆိုသူနဲ့အတူ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ယောက်ျားလေး လေးဦးကိုလည်း၊ စစ်ကောင်စီ တပ်တွေက ရွှေပြည်သာစစ်ကြောရေးစခန်းကို ခေါ်လာတဲ့အတွက် အတူနေထိုင်ခဲ့ရတယ်လို့ မရွှေယမင်းထက် က ပြောပါတယ်။

ရန်ကင်းက အဖမ်းခံရတဲ့ မပိုးနဲ့အဖွဲ့ကို ၉ မိုင် စစ်ကြောရေးမှာ အရင်စစ်ဆေးပြီးမှ၊ ရွှေပြည်သာကို ပို့လာတာ လို့ သူက ဆိုပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ မရွှေယမင်းထက်ကို လေးရက်အကြာ ဧပြီလ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေး လိုက်ပေမယ့် သူ့မိခင်နဲ့ အဖမ်းခံရသူ ငါးဦးကိုတော့ အင်းစိန်ထောင်ကိုပို့ပြီး ပုဒ်မ ၅၀၅ နဲ့ တရားစွဲထားတယ် လို့ မရွှေယမင်းထက်က ပြောပါတယ်။

ပြန်လွတ်လာတဲ့ မရွှေယမင်းထက် က သူတို့သားအမိ စတင်အဖမ်းခံရတဲ့ စမ်းချောင်း အမှတ် ၂၄ ရဲစခန်းမှာ ရဲတပ်သားတစ်ဦးက သူ့ကို Sexual Harassment လို့ခေါ်တဲ့ နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခဲ့ပုံ၊ ရန်ကင်းကနေ အဖမ်းခံခဲ့ရတဲ့ မပိုး ဆိုတဲ့မိန်းကလေးကို စစ်သားတွေက ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက် ရုံမက စိတ်ပိုင်းရုပ်ပိုင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်မှုတွေကို RFA ကို ပြောပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။