ကြေးနီစီမံကိန်းပဋိပက္ခ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကြေညာချက်ထုတ်
2015.01.14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခအတွင်း တောင်သူ ဒေါ်ခင်ဝင်းသေဆုံး မှုနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဆားလင်းကြီးမြို့နယ်မှာ ၅ရက်ကြာ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါတယ်။
တွေ့ရှိချက်တွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီနေ့ ကြေညာ ချက်ထုတ်ပြန်လိုက် ပြီး နိုင်ငံတော် သမ္မတရုံးထံ ပေးပို့လိုက်တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
မဝေယံမိုးမြင့်။ ။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိမှုတွေကို ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်တာတွေ့ရပါတယ် ဆရာ၊ အဲ့ဒီကြေညာချက် ဟာ ဘယ်နှစ်ရက်စုံစမ်းစစ်ဆေးပြီးတော့ ဘယ်လိုမျိုးထုတ်ပြန်ပေးနိုင်ခဲ့ပါသလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။၂၉ ကနေစပြီးဆောင်ရွက်ခဲ့တာပေါ့နော်၊ ၂၉၊ ၃ဝ၊ ၃၁၊ ၁၊ ၂ ရက် ၅ ရက်ပေါ့နော်။
မဝေယံမိုးမြင့်။ ။အဲ့ဒီဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာနဲ့ပတ်သက်ပြီးတော့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုဟာ ဘာတွေအားနည်းခဲ့ပါသလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။ဒီမှာဖော်ပြတဲ့အတိုင်းပဲ လူစုခွဲဖို့က ၇ ဆင့်လောက်သုံးရမယ်လေ၊ အဆင့်အလိုက် အကွာအဝေးအလိုက် ဆိုလိုတာက အဝေးကလာရင် ဘာလက်နက်နဲ့ပစ်ရမယ်၊ အနီးကလာရင်ဘာလက်နက်နဲ့ ပစ်ရမယ် ကျနော်တို့ အပိုင်းလိုက်သုံးစွဲတဲ့အခြေအနေမျိုးမရှိပဲ လက်နက်တွေအားလုံးကို တပြိုင်တည်း အရေးပေါ်သုံးစွဲလိုက်တာကို တွေ့ရတယ်၊ နောက်ကွပ်ကဲမှုအဖွဲ့ကလည်း လုံခြုံရေးစီမံချက်ပါတဲ့ ပစ္စည်း ပစ္စယ အသုံးဆောင်ပစ္စည်းတွေကို အဆင့်အလိုက်ဆောင်ရွက်မှုမရှိတာကိုလည်း တွေ့ရတာပေါ့နော်၊ နောက်ဆုံးအဆင့် ၇ မှာ အဓိကကျသူကို တိကျစွာပစ်မိန့်ပေးပြီးတော့ ပစ်ရမှာဟာအခုက အဆင့်တချို့ကိုကျော်ပြီးတော့ နောက်ဆုံး အဆင့်ကိုရောက်သွားတာမျိုးဖြစ်တာကို တွေ့ရတယ်။
မဝေယံမိုးမြင့်။ ။ဟုတ်ကဲ့ပါရှင့်၊ ဆရာတို့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဒေါ်ခင်ဝင်း သေဆုံးမှုကို သေမှုသေ ခင်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးဖို့ ပြောကြားထားတာတွေ့ရပါတယ်ရှင့်၊ ဒါပေမယ့် မိသားစုဝင်တွေက လူသတ်မှုအဖြစ်နဲ့ အမှုဖွင့်အရေးယူဖို့အတွက် လုပ်ဆောင်နေတာတွေရှိတယ်ပေါ့နော်၊ အဲ့ဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။ဒါက ရဲကိစ္စဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ကြောင့် ကျနော်က ဘာမှမပြော လိုပါဘူး၊ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပဲရှိပါတယ်။
မဝေယံမိုးမြင့်။ ။ဟုတ်ကဲ့ရှင့်၊ ဆရာတို့ရဲ့ စုံစမ်းမှုတွေအရ မှားယွင်းနေတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အရေးယူသွားဖို့ဘယ်လိုတွေများ တိုက်တွန်းထားတာမျိုး ရှိပါသလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။အဲ့ဒါကတော့ သက်ဆိုင်ရာပေါ့နော် တာဝန်ရှိတဲ့လူ ကွပ်ကဲမဲ့အဖွဲ့မှာ လူကိုပေါ့ ဖော် ထုတ်ပေါ့၊ ဖော်ထုတ်ဖို့ကလည်း ရဲတပ်ဖွဲ့မှူးရုံးပေါ့၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးပေါ့နော်၊ အဲ့ဒီကဖော်ထုတ် မလား၊ ဒါမှမဟုတ်ရင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကပဲ ဖော်ထုတ်မလား၊ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပဲ စုပြီးတော့ဖော်ထုတ်မလား၊ ဒါကတော့ သူတို့လုပ်ဆောင်ချက်အတိုင်း လုပ်မှာဖြစ်ပါတယ်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့် အတွင်းက လုပ်မှာဖြစ်ပါတယ်။
မဝေယံမိုးမြင့်။ ။ဆရာတို့ ဒီလိုမျိုးအရေးယူဖို့ တိုက်တွန်းတာက အဓိကဘယ်သူ့တွေကို တိုက်တွန်းထား ပါသလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။ဘယ်သူ့ကိုမှ တာဝန်ရှိတဲ့လူပဲ ဆရာတို့ပြောတာပေါ့နော်၊ တာဝန်ရှိတဲ့လူကို တိုက်တွန်း၊ တာဝန်ရှိတဲ့လူကပဲ အရေးယူဆောင်ရွက်ဖို့ပဲ တိုက်တွန်းတာပေါ့။
မဝေယံမိုးမြင့်။ ။ဟုတ်ကဲ့ရှင့်၊ ဝမ်ပေါင်ကုမ္ပဏီကဝန်ထမ်းတွေလည်း အခင်းဖြစ်တဲ့နေရာမှာ ရှိနေတယ် လို့လည်း သိရပါတယ်ရှင့်၊ အဲ့ဒီအခါကျတော့ ဒီပဋိပက္ခမှာ ဒီဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်းတွေကရော ပါဝင်ပတ် သက်နေတယ်လို့ စုံစမ်းမှုမှာ တွေ့ရှိရပါသလားရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။ပါဝင်ပတ်သက်တယ်လို့ ပြောလည်းရတယ်၊ မပြောလည်းရတယ် သူတို့ကတော့ ဘာမှပစ်ခတ်တာတွေဘာတွေတော့ မလုပ်ဘူး၊ ဒါပေမယ့် သူတို့က ဘာလုပ်လဲဆိုတော့ သူတို့က သူတို့အလုပ် သမားတွေက ခြံစည်းရိုးကာတယ်၊ မြေတွေတူးတာ ဘာညာတော့ ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေ က ဆောင်ရွက်တယ်၊ လူစုလူဝေးကို ဖြိုခွဲတာကတော့၊ ကာကွယ်တာကကျတော့ ရဲတပ်ဖွဲ့ကလုပ်တယ်၊ အဲ့ဒါပါပဲ။
မဝေယံမိုးမြင့်။ ။ဟုတ်ကဲ့ပါ ဆရာ၊ ဆရာတို့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ကို ဘယ်တွေကိုပို့သွား ဖို့ရောရှိပါသေးလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။နိုင်ငံတော် သမ္မတရုံးကိုတော့ ပို့ပါတယ်ခင်ဗျ၊ ဘယ်ကိုတော့မပို့ဘူး၊ ဒါက အားလုံးသိပြီးသားအတိုင်း သိချင်တဲ့လူတွေက ဝဘ်ဆိုဒ်မှာကြည့်လိုက်ရုံနဲ့ အားလုံးသိမှာဖြစ်ပါတယ်။
မဝေယံမိုးမြင့်။ ။ဟုတ်ကဲ့ပါ ဆရာ၊ ဒီကြေညာချက်ဟာ လက်ရှိပေါ့ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဒေသခံတွေနဲ့ ကုမ္ပဏီတွေကြား တင်းမာမှုတွေအပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ ဖြေလျော့ပေးနိုင်မလဲရှင့်။
ဒေါက်တာဉာဏ်ဇော်။ ။ဒါကလည်း စဉ်းစားဆင်ခြင်ပြီးတော့ သက်ဆိုင်တဲ့လူတွေအားလုံးကလည်း နားလည်သဘောပေါက်ပြီးတော့ နောက်တစ်ချိန်ကျရင်လည်း ဒီလိုမျိုးမဖြစ်အောင်တော့ သူတို့စဉ်းစား ပြီးတော့ ပြေလည်သွားမယ်လို့တော့ ထင်ပါတယ်၊ ကျနော်တို့ကတော့ ဘယ်သူ့ဘယ်သူမှလည်း နစ်နာမှုမဖြစ်စေချင်ပဲနဲ့လေ၊ တိုင်းပြည်လည်း မနစ်နာရအောင် သက်ဆိုင်ရာအာဏာပိုင်တွေလည်း မနစ်နာရအောင်၊ ရွာသားတွေလည်း မနစ်နာအောင် မျှမျှတတနဲ့ ညှိနှိုင်းဆောင်ရွက်တာကိုပဲ ဆရာတို့ လိုချင်ပါတယ်။
မဝေယံမိုးမြင့်။ ။အခုလိုပြည့်ပြည့်စုံစုံနဲ့ ဖြေကြားပေးတဲ့ ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။