ရဲတပ်ဖွဲ့ ပစ်ခတ်မှု အမျိုးသမီးတစ်ဦး သေဆုံး တဲ့ဖြစ်ရပ် မေးမြန်းချက်


2014.12.23

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ရဲတပ်ဖွဲ့ကပစ်ခတ်တဲ့အတွက် မြေသိမ်းခံတောင်သူ အမျိုးသမီးကြီး တစ်ဦးသေဆုံးရတဲ့ဖြစ်ရပ် နဲ့ပတ်သက် လ့ို ဒေသခံ ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်အာလောက ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အရှင်အာလောကနဲ့ မေးမြန်းချက်အပြည့်အစုံ

နေရိန်ကျော်။            ။ အရှင်ဘုရား အဲ့မှာလေ ဒီနေ့ ပစ်တာခတ်တာ လူတောင်သေတယ်ဆို။

အရှင်အာလောက။               ။ ဟုတ်တယ်ဗျာ၊ မိုးကြိုးပြင်လယ်ရွာက ဒေါ်ခင်ဝင်းဗျ၊ ဦးနှောက်တောင်ထွက်သွားပြီ၊ သေနတ်ခေါင်းထိမှန် ဒဏ်ရာနဲ့ သေသွားပြီပေါ့။

နေရိန်ကျော်။            ။ ဘယ်လိုစဖြစ်တာလဲ ဦးဇင်းရေ။

အရှင်အာလောက။               ။ စဖြစ်တာကတော့ သူတို့က လျော်ကြေးလုံးဝမယူထားတဲ့ဟာကို ခြံခတ်ဖို့ကြိုးစားတယ်၊ ရဲအင်အားအသုံးပြုပြီးတော့ ရဲအင်အားတင်မကပါဘူးဗျာ၊ တရုတ်တွေလဲ ကိုယ်တိုင်ပါဝင်ပြီးတော့ ခြံစည်းရိုးခတ်ဖို့ကြိုးစားတဲ့အချိန်မှာ ရွာသူ၊ ရွာသားတွေက တားကြတဲ့အချိန်မှာ ဒီလိုဖြစ်တာဗျ၊

နေရိန်ကျော်။            ။ တားတော့ သူတို့က သေနတ်နဲ့ပစ်တာလားဘုရား။

အရှင်အာလောက။               ။ ဟုတ်တယ်ဗျ၊ ဟုတ်တယ်၊ သူတို့ကတော့ဗျာ ပထမတော့ ရော်ဘာကျည်ဆံနဲ့ သုံးတယ်၊ အခုနောက်ပိုင်းတော့ တကယ့်ကျည်ဆန်နဲ့ထည့်ပြီး သုံးလာတဲ့အတွက် ဒါရွာသူ ဒေါ်ခင်ဝင်းကတော့ ဆုံးပါးသွားပြီဖြစ်ပါတယ်၊

နေရိန်ကျော်။            ။ ပွဲချင်းပြီးဆုံးသွားတာပေါ့၊

အရှင်အာလောက။               ။ ဟုတ်တယ်ဗျ၊ ခေါင်းမှန်ပြီးတော့

နေရိန်ကျော်။            ။ ဘယ်နှစ်ချက်မှန်တာလဲ ဘုရား။

အရှင်အာလောက။               ။ တစ်ချက်တည်းပါပဲ ဒေါ်ခင်ဝင်းကတော့၊ ပေါင်မှန်တာတွေ၊ လက်မောင်းမှန်တဲ့ အနေအထားမျိုးတွေကတော့ ၂ ဦး၊ ၃ ဦး စိုးရိမ်ရတဲ့ အဆင့်မျိုးတွေရှိတယ်ဗျ၊ အဲ့ဒါတွေကတော့ နာမည် အတိအကျ မသိရသေးဘူးပေါ့နော်၊

နေရိန်ကျော်။            ။ ဒါဖြင့် ဒဏ်ရာရတဲ့သူ ဘယ်နှစ်ဦးလို့ ပြောလို့ရမလဲဘုရား။

အရှင်အာလောက။               ။ ဒဏ်ရာရတဲ့သူက ၄၊ ၅ ယောက်ဖြစ်နေပြီ၊ သေဆုံးတဲ့သူက ၁ ယောက်ပေါ့ဗျာ၊ ဒါမိုးကြိုးပြင်ဖက်မှာ ဖြစ်တာ၊ ဒီဆည်တည်းဖက်မှာလည်း နဖူးမှန်တဲ့လူတွေလဲရှိတယ်၊ အရိုက်ခံရတဲ့လူတွေလဲ ရှိတယ်ပေါ့ဗျာ၊ သူတို့ကလုပ်တဲ့အခါ ၃ နေရာခွဲပြီးလုပ်တာဗျ၊ အဲ့တော့ ဆည်တည်းဖက်ကလဲ ၁ နေရာပေါ့ဗျာ၊ မိုးကြိုးပြင်ဖက်လဲ ၁ နေရာပေါ့ဗျာ၊ တားဆီးကန့်ကွက်ကြတဲ့ အနေအထားပေါ့ဗျာ

နေရိန်ကျော်။            ။ ၃ နေရာဆိုတော့ အခုအရှင်ဘုရားပြောပြတာ ၂ နေရာဆိုတော့ နောက် ၁ နေရာကရော။

အရှင်အာလောက။               ။ ဟုတ်တယ်ဗျ၊ ဆည်တည်းနဲ့ ဒီတုန်ကြားမှာပေါ့ဗျာ၊ လုပ်တဲ့ကိစ္စကတော့ ရွာသူ၊ ရွာသားတွေက တားတဲ့အတွက် အဲ့ဒါကတော့ တရုတ်တွေကြီးပေါ့ဗျာ၊ အဲ့ဒါလုပ်တဲ့အခါကျတော့ ရွာသားတွေက ထွက်ပြီးတားတဲ့၊ ကန့်ကွက်တဲ့အတွက် ပြန်ပြီးတော့ဆုတ်သွားတယ်၊ ဆုတ်တယ်ဆိုတာကလဲ ဆည်တည်းဖက်ကတားဆီးနေတဲ့ နေရာကို ပေါင်းစည်းပြီးတော့သွားတာဗျ၊

နေရိန်ကျော်။            ။ တင်ပါ့ဘုရား၊ အဲ့တော့ပစ်တာကရော ဘယ်နှစ်နေရာပစ်လဲဘုရား

အရှင်အာလောက။               ။ အခုပစ်တာကတော့ ၂ နေရာပေါ့ဗျာ၊ ပုတက်ကုန်းရယ်၊ လိပ်ခွံတောင်ရယ်ပေါ့၊ ရော်ဘာကျည်နဲ့လဲပစ်တယ်၊ ကျည်အစစ်နဲ့လဲပစ်တယ်ဗျ၊

နေရိန်ကျော်။            ။ အခုဒေါ်ခင်ဝင်းဆုံးသွားတာဘယ်နေရာလဲဗျ။

အရှင်အာလောက။               ။ ဒေါ်ခင်ဝင်းဆုံးတာ လိပ်ခွံတောင်နေရာမှာ။

နေရိန်ကျော်။            ။ တင်ပါ့ဘုရား၊ အဲ့တော့ ဒေါ်ခင်ဝင်းကို ဘယ်သယ်သွားလဲဘုရား၊

အရှင်အာလောက။               ။ အခုသယ်ဖို့ လုပ်နေတယ်နာရေးကားကိုခေါ်နေတယ်ပေါ့ဗျာ၊

နေရိန်ကျော်။            ။ ဒေါ်ခင်ဝင်းက အသက်ဘယ်လောက်ရှိပြီလဲ အရှင်ဘုရားသိလားဘုရား

အရှင်အာလောက။               ။ စောစောက ပြောတော့ပြောတယ်၊ ၅၆ နှစ်ရှိပြီလို့တော့ ပြောတယ်ဗျ၊

နေရိန်ကျော်။            ။ သူ့မိသားစုဝင်တွေ၊ သား၊ သမီးတွေဘာတွေကရော ဘယ်လိုကျန်ခဲ့လဲဘုရား။

အရှင်အာလောက။               ။  သမီးတွေရှိတယ်လို့ပြောတယ်၊ မန္တလေးမှာ၊ သူ့အဒေါ်နဲ့နေတာလို့ ပြောတယ်၊ သူကတော့ အိမ်မှာ ၁ ယောက်တည်းနေတာ၊ သူ့အမျိုးသားကမရှိတော့ဘူးဗျ။

နေရိန်ကျော်။            ။ တင်ပါ့၊ တင်ပါ့ တခြားအာဏာပိုင်တွေမလာဘူးလား

အရှင်အာလောက။               ။  အာဏာပိုင်တွေကတော့ဗျာ၊ စစ်ကိုင်းတိုင်းရဲမှူးကြီး နေထွန်းတို့လဲရှိတယ်ဗျ၊ သူတို့ကိုယ်တိုင်မဖြေထားတဲ့ ဟာလဲဖြစ်နေတယ်၊ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးကျော်သောင်းတို့ကိုယ်တိုင်ဖြစ်နေတယ်၊ နောက်ပြီးတော့ ဗိုလ်မှူးကြီး ကြည်နိုင်ဆိုရင် သူတို့ကိုယ်တိုင်ပဲဒီကိစ္စတွေကို ဦးစီး ဦးဆောင်လုပ်ပြီးတော့ ခိုင်းနေတဲ့အနေအထားတွေကိုတွေ့ရတယ်ဗျ၊

နေရိန်ကျော်။            ။ တင်ပါ့ဘုရား၊တင်ပါ့ အဲ့တော့ရွာသားတွေက ဘာတွေပြင်နေကြလဲဘုရား

အရှင်အာလောက။               ။  ဘာတွေပြင်နေကြလဲဆိုတော့ ဆက်လက်ပြီးတော့ အခုလိုပဲ ရွာသားတွေက တားဆီးပြီးနေနေကြတာပေါ့ဗျာ၊ လက်ရှိအနေအထားကတော့ ခုထိဖြစ်နေတဲ့ အနေအထားပဲ။

နေရိန်ကျော်။            ။ တင်ပါ့ဘုရား၊ တင်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ်ဗျ၊ တပည့်တော်ကို ခုလိုရှင်းပြတာ။

အရှင်အာလောက။               ။ ဟုတ်ကဲ့ပါ၊ဟုတ်ကဲ့ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။